မိသားစုလိုက် မဲစာရင်းမပါဝင်မှုများရှိနေခြင်းနှင့် မဲစာရင်းမှားယွင်းမှုဖြစ်စဉ် အများအပြားရှိနေခြင်းတို့ကြောင့် ရွေးကောက်ပွဲကော်မရှင်အပေါ် ဝေဖန်မှုများရှိနေ

မိသားစုလိုက် မဲစာရင်းမပါဝင်မှုများရှိနေခြင်းနှင့် မဲစာရင်းမှားယွင်းမှုဖြစ်စဉ် အများအပြားရှိနေခြင်းတို့ကြောင့် ရွေးကောက်ပွဲကော်မရှင်အပေါ် ဝေဖန်မှုများရှိနေ
ရန်ကုန်မြို့ မဲဆန္ဒနယ်တစ်ခုတွင် ဇူလိုင် ၂၅ ရက်က မဲစာရင်း လာရောက်ကြည့်ရှုနေသူများကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
ရန်ကုန်မြို့ မဲဆန္ဒနယ်တစ်ခုတွင် ဇူလိုင် ၂၅ ရက်က မဲစာရင်း လာရောက်ကြည့်ရှုနေသူများကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
Published 30 July 2020
ဉာဏ်လင်းထွန်း

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်မည့် အခြေခံမဲဆန္ဒရှင်စာရင်းကို ဇူလိုင် ၂၅ ရက်က စတင်ကြေညာခဲ့ရာ မဲစာရင်းမှားယွင်းမှုဖြစ်စဉ်များစွာရှိကြောင်း မဲစာရင်းသွားရောက်ကြည့်ရှုသူများနှင့် မဲစာရင်း မပါဝင်သူများက ပြောကြားသည်။

သြဂုတ် ၇ ရက်အထိ ရက်ကွက်၊ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများတွင် နှစ်ပတ်တာ ကြေညာပြသမည့် မဲစာရင်း၌ အမည်မှားယွင်းမှု၊ မှတ်ပုံတင်မှားယွင်းမှုတို့အပြင် အချို့သော မိသားစုဝင်များတွင် မိသားစုအလိုက် မဲစာရင်းအချက်အလက် မှားယွင်းမှု၊ မဲစာရင်း မပါဝင်မှု စသည့် ဖြစ်စဉ်များလည်းရှိကြောင်း သိရသည်။

မရမ်းကုန်းမြို့နယ်နေ Tin Maung Thwin ဆိုသည့် အကောင့်ပိုင်ရှင်ကလည်း ၎င်း၏ မိသားစုဝင်ငါးဦးစလုံး မဲစာရင်းအချက်အလက် မှားယွင်းနေကြောင်း ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

“မှားတာမှ အိမ်သားငါးယောက်စလုံး တစ်ယောက်မှမမှန်တာပါ။ ထူးခြားတာကတော့ အိမ်နီးနားချင်း ကိုးယောက်စလုံးရော၊ ကျွန်တော်တို့အိမ်သားလေးယောက်စလုံးရော တစ်ရက်၊ တစ်လတည်း မွေးကြတာပါပဲ။ အမယ်ဆုံးသွားတဲ့ မွေးသဖခင်တောင် မဲပေးဖို့ အမေ့မှတ်ပုံတင်နေရာမှာ ပြန်ပါလာသေးတယ်” ဟု ရေးသားထားသည်။

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်တွင် မဲစာရင်းမပါဝင်မှုကြောင့် ပုံစံ(၃) ဖြင့် ပြန်လည်လျှောက်ထားသူ ၄၀၀ ကျော်ရှိနေပြီး အချို့မှာ မိသားစုလိုက် စာရင်းမပါဝင်သည့် ဖြစ်စဉ်များလည်း ပါဝင်သည်။

“ကျွန်တော်တို့ လမ်းထဲက သုံး၊ လေးအိမ်လောက်ပါတယ်။ ကျွန်တော်တို့ အိမ်ကတော့ လုံးဝမပါဘူး။ မိသားစုက ငါးယောက်ရှိတယ်။ အဲဒီအတွက် ပုံစံ (၃) ငါးရွက်ယူပြီး တင်ရမယ်။ မဲစာရင်းလာကောက်တဲ့အချိန်မှာ အိမ်က အမြဲတံခါးပိတ်ထားတော့ လူမတွေ့လို့များ မဲစာရင်းမပါတာလားလို့ ထင်ရတယ်” ဟု မိသားစုလိုက် မဲစာရင်းမပါဝင်ခဲ့သည့် ပြည်မြို့ခံ ကိုကျော်စိုးက ပြောကြားသည်။

ယင်းသို့ မဲစာရင်းမှားယွင်းမှုများကို ရက်ကွက်နေ သာမန်မဲဆန္ဒရှင်ပြည်သူများ ကြုံတွေ့ရသကဲ့သို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်အဆင့်ရှိ မိသားစုဝင်များ၊ မြို့နယ်တွင် နှစ်ပေါင်းများစွာနေထိုင်လာသည့် လွှတ်တော်ကိုယ်စားလှယ်ဟောင်းများလည်း ကြုံတွေ့ရလျက်ရှိသည်။

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်၏ မိသားစုတွင် မဲပေးခွင့်ရှိသူ ခြောက်ဦးရှိသည့်အနက် မဲစာရင်းအပြည့်အစုံ မှန်ကန်သူနှစ်ဦးသာရှိပြီး ကျန်လေးဦးမှာ အမည်၊ မွေးသက္ကရာဇ်နှင့် မှတ်ပုံတင် မှားယွင်းခြင်းများ ကြုံတွေ့ရကြောင်း ဝန်ကြီးချုပ်၏ ဇနီးဖြစ်သူ ဒေါ်ယုယုမေက ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် ဇူလိုင် ၂၈ ရက်က ရေးသားထားသည်။

“အဆိုးဆုံးအမှားကတော့ သမီးနဲ့ သား သမက် မှတ်ပုံတင်နံပါတ်တူနေခြင်းပါ။ နှစ်ဦးစလုံး မှတ်ပုံတင်တစ်ခုတည်းပါ။ ထပ်တူ ထပ်မျှ တူနေခြင်းပါ။ ပုံစံဖြည့်၍ အမှားပြင်ဆင်ခဲ့ရပါတယ်။ ဒုတိယအကြိမ် ထပ်မံကြေညာမည့်စာရင်းကျမှ မှန်၊ မမှန် ပြန်ကြည့်ရပါမယ်” ဟု ဒေါ်ယုယုမေက ရေးသားထားသည်။

၁၉၉၀ နှင့် ၂၀၁၀ အထွေထွေရွေးကောက်ပွဲ အနိုင်ရလွှတ်တော်ကိုယ်စားလှယ်ဖြစ်သလို သင်္ဃန်းကျွန်းမြို့နယ်တွင် နှစ်ပေါင်းများစွာ အခြေချနေထိုင်လာသည့် ဦးသိန်းညွန့်သည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ဆန္ဒမဲပေးနိုင်သူ အမည်စာရင်းတွင် ပါဝင်လာခြင်းမရှိသော်လည်း ကွယ်လွန်ပြီဖြစ်သည့် ၎င်း၏ဇနီးဖြစ်သူအမည်စာရင်းမှာ မဲစာရင်းတွင် ပါဝင်လာခဲ့သည်။

“၉၀ ခုနှစ် ရွေးကောက်ပွဲဝင်ခဲ့တယ်။ ပထမအကြိမ် လွှတ်တော်သက်တမ်းမှာလည်း တိုင်းပြည်အတွက် သင်္ဃန်းကျွန်းအတွက်လုပ်ခဲ့တာပဲ။ ၂၀၁၅ မှာလည်း ကျွန်တော်ဝင်တယ်ဗျာ။ လူကိုမကြည့်နဲ့ ပါတီကိုကြည့်ဆိုတဲ့ဒဏ် ကျွန်တော်လည်းခံခဲ့ရတာပေါ့။ အခု အချိန်မှာ ၂၀၂၀ ရွေးကောက်ပွဲမှာ မြို့နယ်ကော်မရှင်အနေနဲ့လည်း ကျွန်တော့်နာမည်ကို မေ့ခဲ့စရာအကြောင်းမရှိပါဘူး။ အဲဒီတော့ ဘာပဲပြောပြော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ ပက်သက်ပြီးတော့ ဝေဖန်ထောက်ပြမှုတွေ အများကြီးလုပ်ခဲ့တဲ့သူဆိုတော့ ကျွန်တော်မေးခွန်းထုတ်စရာရှိတာ သွေးရိုးသားရိုးမှဟုတ်ရဲ့လားလို့ ကျွန်တော် သံသယဝင်မိပါတယ်” ဟု သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးသိန်းညွန့်က ပြောကြားသည်။

မဲစာရင်းမပါဝင်သောကြောင့် ဇူလိုင် ၂၉ ရက်တွင် ရပ်၊ ကျေး ရွေးကောက်ပွဲကော် မရှင်အဖွဲ့ခွဲထံပုံစံ (၃) ဖြင့် ပြန်လည်လျှောက်ထားခဲ့သည်ဟု ၎င်းက ဆိုသည်။

မဲပေးပိုင်ခွင့်ရှိသူစာရင်းတွင် မိမိအမည်မပါဝင်လျှင် သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများတွင် ပြန်လည်လျှောက်ထားနိုင်ရန် မဲစာရင်းကို ပထမအကြိမ်ကြေညာပြသခြင်းဖြစ်သည်ဟု ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကြည်မြင့်က ပြောကြားသည်။

ပထမအကြိမ် ကြေညာပြသသည့် မဲစာရင်းဖြစ်သောကြောင့် မှားယွင်းမှုများရှိနိုင်၍ အိမ်ထောင်စုတစ်စုလျှင် အနည်းဆုံးမိသား စုဝင်တစ်ဦး မဲစာရင်းသွားရောက်ကြည့်ရှုရန် တိုက်တွန်းနေခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

“ပါသင့်ရဲ့သားနဲ့ မပါဘူးဆိုရင် အဲဒီမှာ ပြန်ကုစားလို့ရအောင် ကျွန်တော်တို့က တိုက်တွန်းနေတာ။ လက်ရှိ မဲစာရင်းမှာမပါလို့ ပုံစံပြန်လျှောက်သူတွေက အောက်တိုဘာမှာ ထုတ်ပြန်မယ့် ဒုတိယအကြိမ် မဲစာရင်းမှာ ပြန်ပါလာမယ်” ဟု ဦးကြည်မြင့်က ပြောကြားသည်။

မဲစာရင်းတွင် အမည်စာရင်း မပါဝင်ပါက ပုံစံ(၃)ဖြင့် မဲစာရင်းတွင် အမည်ထည့်သွင်းပေးရန် တောင်းဆိုနိုင်ပြီး မဲစာရင်းတွင် မပါဝင်သင့်သူများ ပါဝင်နေလျှင် ပုံစံ (၄) ဖြင့် ကန့်ကွက်ရန်နှင့် မဲစာရင်းပါအချက်အလက်များ မှားယွင်းနေလျှင် ပုံစံ (၄-ဂ) ဖြင့် ပြင်ဆင်လွှာတင်သွင်းနိုင်ကြောင်း ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။ ယင်းသို့ ထပ်မံကြေညာချိန်တွင်လည်း လိုအပ်သော တောင်းဆိုမှု၊ ပြင်ဆင်မှု၊ ကန့်ကွက်မှုများကို မဲဆန္ဒရှင်များ ထပ်မံဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းလည်း ကော်မရှင်က ဆိုသည်။

ယခင် ၂၀၁၅ အထွေထွေရွေးကောက်ပွဲကို ကြီးကြပ်ခဲ့သည့် ရွေးကောက်ပွဲကော်မရှင်ကဲ့သို့ လက်ရှိရွေးကောက်ပွဲကော်မရှင်ကလည်း ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းကို နှစ်ကြိမ်ကြေညာပြသမည်ဖြစ်ပြီး ဒုတိယအကြိမ် ကြေညာမှုကို အောက်တိုဘာလတွင် နှစ်ပတ်ကြာပြုလုပ်မည်ဖြစ်သည်။

ထို့ကြောင့် ပထမအကြိမ်မဲစာရင်းတွင် မပါဝင်သူများ ဒုတိယအကြိမ်မဲစာရင်းတွင် ပါဝင်နိုင်ရန်လိုအပ်သည့် ပုံစံများကို ရပ်ကွက်၊ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် အခမဲ့ရယူပြီး ဖြည့်စွက်ပြင်ဆင်ခြင်းများ လုပ်ဆောင်ရန်  ကော်မရှင်က တိုက်တွန်းသည်။

 

သို့သော် ယခင်ရွေးကောက်ပွဲနှင့် ကွာခြားသည့်အချက်က ပြည်သူများ မဲစာရင်းစစ်ဆေးရေး၊ မဲစာရင်းမှန်ကန်ရေးနှင့် ပတ်သက်၍ ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့် ပြည်နယ် အချို့ရှိ မြို့နယ်အချို့တွင် ၂၀၁၄ ခုနှစ် ဇွန်လ မှ စက်တင်ဘာအထိ ရှေ့ပြေးအစီအစဉ် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

“အဲဒီတုန်းကတော့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး စိတ်ဝင်စားတဲ့အဖွဲ့တွေအကုန်လုံးကို ဖိတ်လိုက်တာပေါ့။ ဖိတ်လိုက်ပြီးတော့မှ တချို့ကလည်း ကိုယ်အားသန်ရာမြို့နယ်ပေါ့နော်။ အဲဒီတုန်းက ရန်ကုန်မှာဆိုရင်တော့ အလုံမှာပေါ့။ အဲဒီလိုမျိုး အစမ်းလေးတွေလုပ်ခဲ့တယ်။ မဲစာရင်း လာစစ်၊ မစစ်ပေါ့နော်။ စစ်တယ်ဆိုလည်း ဘယ်လိုမျိုးတွေစစ်တယ်။ အဲဒီလိုမျိုးတွေ ရှိခဲ့တယ်” ဟု New Myanmar Foundation ၏ ရွေးကောက်ပွဲဆိုင်ရာ အကြံပေးမမြနန္ဒာသင်းက ပြောကြားသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် ၂၀၁၉ ခုနှစ်ကို မဲစာရင်းပြုစုရေးနှစ်အဖြစ် သတ်မှတ်ပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနနှင့်  ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ ပူးပေါင်းကောက်ယူခဲ့သည်။

မဲစာရင်းကောက်ယူရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ကောက်ခံပေးသည့် မြို့နယ်အတွင်း နေထိုင်သူဦးရေကို လူဝင်မှုကြီးကြပ်ရေးဌာနမှ ပြန်လည်စိစစ်၍ အဆိုပါစိစစ်ထားသည့် လူဦးရေစာရင်းအပေါ် အခြေခံပြီး တိုင်းနှင့် ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက ပြုစုခြင်းဖြစ်သည်။

ထိုနည်းတူ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းကလည်း မဲစာရင်း မှားယွင်းမှုများနှင့် ပတ်သက်၍ ကော်မရှင်တစ်ခုတည်း တာဝန်ရှိသည်ဆိုလျှင် မတရားရာကျကြောင်း ၂၀၁၉ မတ်လတွင် ပြောကြားထားသည်။

“ဒါဟာ ကျွန်တော်တာဝန်မဲ့လွှဲချနေတာ မဟုတ်ပါဘူး။ ပြည်သူတွေအနေနဲ့လည်း မဲစာရင်းမှာ ပြင်ဆင်ခွင့်၊ တောင်းဆိုခွင့်၊ ကန့်ကွက်ခွင့်ပေးထားတာကို လာကြည့်ဖို့ တာဝန်တော့လုပ်ပေးဖို့လိုပါတယ်” ဟု နိုင်ငံတကာ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးအဖွဲ့ (ANFREL) ၏ ၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲအစီရင်ခံစာ ထုတ်ပြန်ပွဲတွင် ပြောကြားထားသည်။

အခြေခံမဲစာရင်းကောက်ယူရာတွင် လဝကပုံစံဖြစ်သည့် အိမ်ထောင်စုလူဦးရေစာရင်း (သန်းခေါင်စာရင်း)ပုံစံ ၆၆/ ၆ ဖြင့် ကောက်ယူခြင်းဖြစ်သည့်အတွက် လက်ရှိမဲစာရင်းမှားယွင်းမှုများသည် လဝက က ကောက်ခံပေးသည့် စာရင်းမှားယွင်းမှုများကြောင့်ဖြစ်နိုင်ကြောင်း တရားမျှတသော ရွေးကောက်ပွဲများ ဖြစ်ပေါ်လာရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (MYNFREL) ၏ ပရိုဂရမ်မန်နေဂျာ ကိုမင်းသုနောင်က မှတ်ချက်ပြုသည်။

“မဲစာရင်းက အခုလက်ရှိသွားနေတဲ့ပုံစံ က ၆၆/ ၆ ကို အခြေခံတယ်။ အဲဒီလိုမျိုးဆိုတော့ လဝကက မှားနေသမျှ မှားနေဦးမှာပဲ။ ဒီလိုမှားတယ်။ ပြင်တယ်။ အဲဒီ Process နဲ့ပဲ ရွေးကောက်ပွဲနီးတဲ့အချိန်မှာ မှန်နိုင်သမျှ မှန်အောင်လုပ်ဖို့ပဲရှိတာပေါ့” ဟု ၎င်းက ဆိုသည်။

အမှားအယွင်းကင်းသော မဲစာရင်းရရှိရန် ကောက်ယူပြီးမဲစာရင်းများကို လစဉ်ပြန်လည်ပြုစုခြင်း၊ ပြင်ဆင်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း ကော်မရှင်တာဝန်ရှိသူများ ပြောကြားထားမှုရှိ၍ ယခုကဲ့သို့ မဲစာရင်းမှား ယွင်းမှုများအပေါ် ဝေဖန်မှု အများအပြား လည်းရှိနေသည်။

“ကျွန်မအမြင်က UEC မှာ တာဝန်အရှိဆုံးလို့ ယူဆတယ်။ ဘာကြောင့်လဲဆိုရင် ဒါက မဲပေးဖို့အတွက်ကို ကောက်တဲ့မဲစာရင်းဖြစ်တာကိုး။ ဆိုတဲ့အခါကျတော့ သူတို့ဆီကို ပူးပေါင်းပြီးကောက်တဲ့လုပ်တဲ့ အဖွဲ့အစည်းတွေ ဒီအဖွဲ့အစည်းတွေရဲ့ လုပ်ရပ်တွေက ဘယ်လောက်အထိ Professional ကျတယ်။ မကျဘူးစသဖြင့် အချက်အလက်တွေကို ကြီးကြပ်ဖို့လိုတယ်။ စစ်ဆေးဖို့ လိုတယ်။ အခုလို မဲပေးဖို့ နီးလာတဲ့အချိန်ကျမှ ပုံစံ (၃)နဲ့ ဖြည့်စွက်ရတာက တစ်ပိုင်းဖြစ်တယ်။ ဒါပေမဲ့ လောလောဆယ် ပထမဆုံးထွက်လာတဲ့ မဲစာရင်းမှာကိုက အကျအပေါက် အရမ်းများတယ်ဆိုတဲ့ဟာက ဒါတော်တော်သိက္ခာကျတဲ့ ကိစ္စလို့မြင်တယ်” ဟု လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ တွဲဘက်အထွေထွေအတွင်းရေးမှူး (၁) ဒေါ်နှင်းနှင်းမွှေးက ဝေဖန်ပြောကြားသည်။                             

 

Most Recent