အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးကို ထိခိုက်နိုင်သဖြင့် ဖာပွန်မြို့နယ်တွင် အမျိုးသမီးတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးမှုနှင့်ပတ်သက်၍ တရားစီရင်ရေးနှင့် အဖြစ်မှန်ပေါ်ပေါက်ရေး ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ရန် တောင်ငူခရိုင် KNU တောင်းဆို

အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးကို ထိခိုက်နိုင်သဖြင့် ဖာပွန်မြို့နယ်တွင် အမျိုးသမီးတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးမှုနှင့်ပတ်သက်၍ တရားစီရင်ရေးနှင့် အဖြစ်မှန်ပေါ်ပေါက်ရေး ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ရန် တောင်ငူခရိုင် KNU တောင်းဆို
ဓာတ်ပုံ- KNU သတင်းနှင့်ပြန်ကြားရေးဌာန
ဓာတ်ပုံ- KNU သတင်းနှင့်ပြန်ကြားရေးဌာန
Published 23 July 2020

အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးကို ထိခိုက်လာနိုင်သည့်အတွက် ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ ပိုလိုးထာကျေးရွာမှ အမျိုးသမီးတစ်ဦး အမျိုးသမီးတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးမှုနှင့်ပတ်သက်၍ တရားစီရင်ရေးနှင့် အဖြစ်မှန်ပေါ်ပေါက်ရေး ပွင့်လင်းမြင်သာစွာဆောင်ရွက်ရန် အစိုးရနှင့် တပ်မတော်ကို တောင်ငူခရိုင် ကရင်အမျိုးသားအစည်းအရုံး (KNU) က ဇူလိုင် ၂၃ ရက်တွင် ကြေညာချက်ထုတ်ပြန်ကာ တောင်းဆိုသည်။

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ ပိုလိုထကျေးရွာတွင် ဇူလိုင် ၁၆ ရက်၌ စစ်သည်နှစ်ဦးက အမျိုးသမီးတစ်ဦးကို ပစ္စည်းလုယက်၍ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ တောင်ငူခရိုင် (KNU)က ယခုကဲ့သို့ ကြေညာချက်ထုတ်ပြန်ကာ တောင်းဆိုခြင်းဖြစ်သည်။

စစ်သည်နှစ်ဦးက ကျူးလွန်ခဲ့သော ပြစ်မှုများကို ပွင့်လင်းမြင်သာမှုရှိစွာ အမှန်တရားအတိုင်း တရားစီရင်ခြင်း မရှိပါက အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်များကို ထိခိုက်လာနိုင်သည်ဟု တောင်ငူခရိုင်၊ KNU လူသားချင်းစာနာထောက်ထားခြင်းနှင့် ဖွံ့ဖြိုးရေးကော်မတီ၏ ကြေညာချက်တွင် ဖော်ပြခဲ့သည်။

ထို့ပြင် NCA စာချုပ်ပါအတိုင်း တပ်နေရာချထားရေး၊ နှစ်ဖက်တပ်များ လိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ၊ နယ်မြေပိုင်းခြား သတ်မှတ်ရေးများကို အမြန်ဆုံး ဆွေးနွေးသတ်မှတ်ရန်လည်း တောင်ငူခရိုင်၊ KNU က တောင်းဆိုသည်။

အဆိုပါ ဖြစ်စဉ် ဖြစ်ပွားခဲ့ရခြင်းသည် ရှေ့ဆက်သွားရမည့် ငြိမ်းချမ်းရေးခရီးစဉ်အား ယုံကြည်ရန်နှင့် တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအကြား ယုံကြည်မှုတည်ဆောက်ရန် ခက်ခဲခြင်းနှင့် သံသယဖြစ်စေခဲ့သည်ဟု တောင်ငူခရိုင်၊ KNU က ကြေညာချက် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ဖြစ်စဉ်ဖြစ်ပွားပြီးနောက် ဇူလိုင် ၂၂ ရက် နံနက်ပိုင်းတွင် ဒွယ်လိုးမြို့နယ်အတွင်းရှိ မလေးလုံ၊ ဝေါမူ၊ မဲဝေနှင့် ခူသူထားကျေးရွာအုပ်စုများရှိ ဒေသခံများက တပ်မတော်၏ တပ်စခန်းလေးခုရှေ့တွင် ဆန္ဒပြ တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြောင်း KNU သတင်းနှင့်ပြန်ကြားရေးဌာနက သတင်းဖော်ပြခဲ့သည်။

ဖာပွန်ခရိုင်၊ ဒွယ်လိုးမြို့နယ်အတွင်းရှိ တပ်မတော်၏ တပ်စခန်းလေးခုဖြစ်သော မယ်ဝေတပ်စခန်း၊ ကေးကိုတပ်စခန်း၊ ဝေါ်မူတပ်စခန်းနှင့် ခူသူထာ တပ်စခန်းများ ပြန်လည်ရုပ်သိမ်းပေးရန် တောင်းဆိုခြင်းဖြစ်ပြီး အဆိုပါဆန္ဒဖော်ထုတ်တောင်းဆိုပွဲတွင် လူဦးရေ တစ်ထောင်ခန့် ပါဝင်ဆန္ဒဖော်ထုတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ကျူးလွန်ခဲ့သည့် စစ်သည်နှစ်ဦးကို ဖမ်းဆီးထားပြီး အဆိုပါစစ်သည်နှစ်ဦးနှင့်အတူ တာဝန်ရှိသူများကို ထိရောက်ပြင်းထန်စွာ အရေးယူမည်ဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဇူလိုင် ၂၀ ရက် ညပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။

ဖြစ်စဉ်မှာ ပိုလိုထကျေးရွာနှင့် ၎င်းနယ်မြေတဝိုက်ရှိ တပ်စခန်းတစ်ခုမှ တပ်သားအဆင့်ရှိ သန်းစိုးလွင်နှင့် ဟိန်းမင်းထက်တို့နှစ်ဦးသည် ဇူလိုင် ၁၆ ရက် နံနက်အစောပိုင်းတွင် စခန်းမှ ခွင့်ပြုချက်မရဘဲ လက်နက်ငယ်နှစ်လက်နှင့်အတူ ပိုလိုထကျေးရွာသို့ ရောက်ရှိပြီး ရွာသားသုံးဦးနှင့်အတူ ရွာအတွင်းရှိ အရက်ပုန်းဆိုင်တွင် အရက်သောက်ခဲ့ကြောင်း တပ်မတော်၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

အရက်သောက်ပြီးနောက် ရွာသားများနှင့် လမ်းခွဲကာ ရွာမှစခန်းသို့ ပြန်လာစဉ် အမူးလွန်နေသည့် စစ်သည်နှစ်ဦးအနက် တပ်သားသန်းစိုးလွင်က အရက်ဆိုင်ရှင် အမျိုးသမီးဝတ်ဆင်ထားသည့် ရွှေဆွဲကြိုးအား မတော်မတရားရယူရန် ရည်ရွယ်၍ မွန်းလွဲပိုင်းတွင် အရက်ဆိုင်သို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး ဆွဲကြိုးအား လုယက်စဉ် ဆိုင်ရှင်အမျိုးသမီးနှင့် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။

ထိုသို့ ရုန်းရင်းဆန်ခတ်ဖြစ်စဉ် ၎င်းကိုင်ဆောင်ထားသော သေနတ်မှ ကျည်ပေါက်ထွက်ပြီးနောက် ဆိုင်ရှင်အမျိုးသမီး၏ ဦးခေါင်းနောက်ပိုင်းနှင့် နောက်ကျောနေရာအား ကျည်ထိမှန်၍ နေရာတွင်ပင် လဲကျသေဆုံးခဲ့ကြောင်း၊ ထို့နောက် အဆိုပါ စစ်သည်နှစ်ဦးမှာ ကြောက်လန့်၍ ရွာနှင့်စခန်းကြား တောတွင်းသို့ ထွက်ပြေးပုန်းရှောင်ရာမှ ဇူလိုင် ၁၇ ရက်တွင် စခန်းသို့ ပြန်လာကာ အဖမ်းခံခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။

ပဏာမစုံစမ်းဖော်ထုတ်ချက်အရ ပြစ်မှုကျူးလွန်ခဲ့ကြောင်း ဝန်ခံသည့် တရားခံစစ်သည်နှစ်ဦးအား ဘီးလင်းတပ်နယ် စစ်ဘက်အချုပ်၌ ချုပ်နှောင်ထားရှိပြီး စစ်စည်းကမ်းဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူရန်အတွက် ပွင့်လင်းမြင်သာစွာ အမြန်ဆုံးစစ်ဆေးအရေးယူသွားမည်ဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

တရားခံစစ်သည်နှစ်ဦး ထွက်ပြေး၊ ပျောက်ဆုံးနေခြင်းနှင့် မှုခင်းဖြစ်စဉ်အား သက်ဆိုင်ရာ အထက်ဌာနများသို့ အချိန်နှင့်တပြေးညီ သတင်းမပို့ခဲ့သည့်စခန်းမှ တာဝန်ရှိသူများကိုလည်း စစ်တရားရုံး၏ စစ်ဆေးတွေ့ရှိချက်အတိုင်း စစ်စည်းကမ်းအရ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းလည်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

တပ်မတော်သားများအနေဖြင့် မိမိကိုင်ဆောင်သည့် လက်နက်အား ရန်သူနှင့် နှစ်ဖက်ထိတွေ့ တိုက်ခိုက်ချိန်မှလွဲ၍ ရည်ရွယ်ချက်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အခြားသူတစ်ဦးဦးအား ထိခိုက်ဒဏ်ရာရရှိစေခြင်း၊ အသက်အန္တရာယ်ဖြစ်စေခြင်းမျိုးကို ဥပဒေအရ တင်းကြပ်စွာ တားမြစ်ထားပြီးဖြစ်သည့်အပြင် လုံးဝသည်းခံခွင့်လွှတ်ခြင်းလည်း အစဉ်အလာ မရှိကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

​​​​​​​

Most Read

Most Recent