ဇီးကုန်းမြို့နယ် မြရတနာလမ်းတွင် မဲဆွယ်စည်းရုံးရေးကာလ မဟုတ်ဘဲ “ဒို့တစ်လမ်းလုံး NLD ကို မဲပေးမည်” ဆိုင်းဘုတ် တင်ခဲ့မှုအပေါ် အခြားပါတီများက ကန့်ကွက်ခဲ့ပြီး ရွေးကောက်ပွဲ ကော်မရှင်က ဆိုင်းဘုတ်ပြန်လည် ဖြုတ်ချခိုင်းကာ မြို့နယ် COVID ကော်မတီကလည်း ဖြစ်စဉ်နှင့် ပတ်သက်၍ အထက်အဆင့်သို့ တင်ပြထား

ဇီးကုန်းမြို့နယ် မြရတနာလမ်းတွင် မဲဆွယ်စည်းရုံးရေးကာလ မဟုတ်ဘဲ “ဒို့တစ်လမ်းလုံး NLD ကို မဲပေးမည်” ဆိုင်းဘုတ် တင်ခဲ့မှုအပေါ် အခြားပါတီများက ကန့်ကွက်ခဲ့ပြီး ရွေးကောက်ပွဲ ကော်မရှင်က ဆိုင်းဘုတ်ပြန်လည် ဖြုတ်ချခိုင်းကာ မြို့နယ် COVID ကော်မတီကလည်း ဖြစ်စဉ်နှင့် ပတ်သက်၍ အထက်အဆင့်သို့ တင်ပြထား
ဇီးကုန်းမြို့နယ် မြရတနာလမ်းတွင် မဲဆွယ်စည်းရုံးရေးကာလ မဟုတ်ဘဲ “ဒို့တစ်လမ်းလုံး NLD ကို မဲပေးမည်” ဆိုင်းဘုတ်တင်မှုအား လူမှုကွန်ရက်တွင် ပြန့်နှံ့ခဲ့သည့် ဓာတ်ပုံကို တွေ့ရစဉ်
ဇီးကုန်းမြို့နယ် မြရတနာလမ်းတွင် မဲဆွယ်စည်းရုံးရေးကာလ မဟုတ်ဘဲ “ဒို့တစ်လမ်းလုံး NLD ကို မဲပေးမည်” ဆိုင်းဘုတ်တင်မှုအား လူမှုကွန်ရက်တွင် ပြန့်နှံ့ခဲ့သည့် ဓာတ်ပုံကို တွေ့ရစဉ်
Published 23 July 2020

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ် မြရတနာလမ်းတွင် မဲဆွယ်စည်းရုံးရေးကာလ မဟုတ်ဘဲ “ဒို့တစ်လမ်းလုံး NLD ကို မဲပေးမည်” ဆိုင်းဘုတ် တင်ခဲ့မှုအပေါ် အခြားပါတီများက ကန့်ကွက်ခဲ့ပြီး ရွေးကောက်ပွဲ ကော်မရှင်က ဆိုင်းဘုတ်ပြန်လည် ဖြုတ်ချခိုင်းကာ မြို့နယ် COVID ကော်မတီကလည်း ဖြစ်စဉ်နှင့် ပတ်သက်၍ အထက်အဆင့်သို့ တင်ပြထားကြောင်း သိရသည်။

အဆိုပါ မြို့နယ်၊ အမှတ် (၁) ရပ်ကွက်၊ မြရတနာလမ်းတွင် ဇူလိုင် ၂၂ ရက်က ဒေါ်အောင်ဆန်းစုကြည် ရုပ်ပုံဖြင့် ဒို့တစ်လမ်းလုံး NLD ကိုမဲပေးမည် ဆိုင်းဘုတ်အား လူစုလူဝေးဖြင့် တင်ခဲ့ပြီး အခြားပါတီများက တိုင်တန်းမှုများ ရှိခဲ့ခြင်းကြောင့် ဆိုင်းဘုတ်အား ပြန်လည် ဖြုတ်သိမ်းခိုင်းထားကြောင်း ဇီးကုန်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

“မနေ့က NLD ကလုပ်တဲ့ ဆိုင်းဘုတ် တင်ပွဲမှာလည်း ကိုယ်တို့ မြို့နယ်ကော်မရှင်ကို တင်ပြလျှောက်ထားခြင်း မရှိဘူး။ လျှောက်ထားခဲ့ရင်တောင် မဲဆွယ်စည်းရုံးတဲ့ကာလ စည်းဝေးဟောပြောတဲ့ကာလ မဟုတ်လို့ စည်းဝေး ဟောပြောလို့ မရဘူး။ သူတို့ကလည်း မလျှောက်ဘူး။ ဒီဖြစ်စဉ် ဖြစ်သွားတော့ တခြားပါတီတွေက ကန့်ကွက်လာတဲ့အတွက် အစ်ကိုတို့က ခရိုင်ရွေးကောက်ပွဲ ကော်မရှင်ကို ဓာတ်ပုံမှတ်တမ်းတွေနဲ့တကွ စာတင်လိုက်တယ်။ တရားဝင် Fax ထိုး တင်လိုက်တယ်။ ခရိုင်ကလည်း တိုင်းကို ဆက်တင်ပြီးတော့ ခရိုင်ကော်မရှင်အဖွဲ့ခွဲ့က အစ်ကိုဆီကို မနေ့က ဒီကာလသည် တိုင်းကော်မရှင် ညွှန်ကြားချက်အရ မဲဆွယ်စည်းရုံးတဲ့ကာလ မဟုတ်သေးလို့ ဆိုင်းဘုတ်တင်တာတွေ လူစုလူဝေးနဲ့ ဆောင်ရွက်တာတွေ မရသေးတဲ့ ကာလဖြစ်လို့ တင်ထားတဲ့ ဆိုင်းဘုတ်ကို အမြန်ဆုံးပြန်လည် ဖြုတ်သိမ်းရန်ဆိုပြီး ခရိုင်က မြို့နယ်ကို လိပ်မူပြီး စာထွက်လာတယ်။ အဲစာကိုညွှန်းပြီး NLD ပါတီကို မနေ့ကညနေ စာထုတ်လိုက်ပြီ။ အခုက မဲဆွယ်စည်းရုံးတဲ့ကာလ မဟုတ်သေးတဲ့အတွက် ဆိုင်းဘုတ်တင်တာကို ဆောင်ရွက်လို့ မရသေးပါဘူး လို့ အမြန်ဆုံး ပြန်လည်ဖြုတ်သိမ်းရန် စာထုတ်လိုက်ရတာပေါ့” ဟု ဇီးကုန်းမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကျော်မိုးဦးက ပြောကြားသည်။

ထို့ပြင် ယခုကိစ္စသည် ရွေးကောက်ပွဲနှင့်မဆိုင်ကြောင်း၊ မဲဆွယ်စည်းရုံးသည့်ကာလ မဟုတ်သည့်အတွက် ဆိုင်းဘုတ်တင်ခြင်းကို ကော်မရှင်အနေဖြင့် တားခြင်းဖြစ်ပြီး နေ့ချင်းပြီး ပြန်ဖြုတ်သွားသည့်အတွက် ကော်မရှင်ပိုင်းမှ လုပ်ဆောင်စရာပြီးပြီဖြစ်ပြီး COVID ကိစ္စသည် COVID ထိန်းချုပ်ရေးကော်မတီက ဆက်လုပ်မည်ဖြစ်ကြောင်း ၎င်းကပြောကြားသည်။

“အခုကတော့ မဲဆွယ်စည်းရုံးခွင့်ကာလ မရောက်သေးတဲ့အချိန်မှာ ဆိုင်းဘုတ်တင်တဲ့အတွက် တားဖို့ခရိုင်က စာထုတ်တဲ့အတွက် တို့ကဆက်စာထုတ်တယ် သူတို့ကလည်း ချက်ချင်းဖြုတ်ပေးသွားတယ်”  ဟု ဇီးကုန်းမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကျော်မိုးဦးက ပြောကြားသည်။

လက်ရှိကာလအတွင်း ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များကို လိုက်နာရန် ပါတီများကို ညွှန်ကြားစာများ ပို့ထားကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

“ကျွန်တော်တို့ကတော့ မြို့နယ် COVID ကော်မတီက ခရိုင် COVID ကော်မတီကို ဆက်လက်တင်ပြပါတယ်။ ဒါတော့ရှိတယ်။ အက်ရှင်တော့ မယူရသေးဘူး ခရိုင်ကပြန်လည် လမ်းညွှန်ချက်အတိုင်းပဲ ဆက်လက်ဆောင်ရွက်မယ်။ တခြားပါတီက တိုင်တာပေါ့။ ညွှန်ကြားချက်အတိုင်း ဆက်လုပ်မှာပါ” ဟု ဇီးကုန်းမြို့နယ် ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောကြားသည်။

ယင်းဆိုင်းဘုတ် တင်ခဲ့ခြင်းမှာ NLD ပါတီက တိုက်ရိုက် ဦးဆောင်ပြုလုပ်ခဲ့ခြင်း မဟုတ်ဘဲ လမ်းသူလမ်းသားများနှင့် ပါတီဝင်အချို့က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပြုလုပ်ခဲ့သူများအား မေတ္တာရပ်ခံကာ ပြန်လည်ဖြုတ်ချရန် ပြောဆိုခဲ့ပြီးဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဇီးကုန်းမြို့နယ်ဥက္ကဋ္ဌ ဦးလှိုင်ဝင်းက ပြောကြားသည်။

“လမ်းသူလမ်းသား ပြည်သူတွေက သူတို့ဆန္ဒပေါ့။ သူတို့ဆန္ဒနဲ့ လုပ်ကြတာ ဘာပဲပြောပြော သူတို့က ရွေးကောက်ပွဲကော်မရှင်ဥပဒေ ဘာညာ သူတို့ သိပ်မသိဘူး ။သူတို့ရင်ထဲမှာ ရှိထဲအတိုင်း လုပ်ကြတော့ ကော်မရှင်ကနေပြီးတော့ ကျွန်တော်တို့ကို တားတယ်။ အသိပေးတယ်။ ကျွန်တော်တို့လည်း ရပ်ကွက်ထဲကို သွားပြီး ကျေးဇူးလည်းတင်တယ်။ ဝမ်းသာတယ်။ ဂုဏ်လည်းယူတယ်။ ဒါပေမယ့် ဒီလိုဆိုင်းဘုတ်ထူဖို့ မဲဆွယ်စည်းရုံးရေးကာလ မရောက်သေးတာဖြစ်လို့ အဆင်မပြေဘူးဆိုပြီး ပြန်လည်ဖြုတ်ပြီး အဆင်ပြေတဲ့ ရက်ကြမှလုပ်ရင် ကောင်းမယ်ဆိုပြီး ပြောတော့ သူတို့ တစ်ခါတည်းဖြုတ်ပြီး သိမ်းလိုက်ပါပြီ။ အဲမှာကတော့ ပါတီဝင်တွေလည်း ရှိမယ်၊ ပါတီမဝင်ရသေးတဲ့ လမ်းသူလမ်းသားတွေလည်း ရှိမယ်။ အကုန်လုံးပေါ့။ သူတို့ဆန္ဒနဲ့ သူတို့လုပ်ကြတာပေါ့” ဟု NLD ပါတီ ဇီးကုန်းမြို့နယ်ဥက္ကဋ္ဌ ဦးလှိုင်ဝင်းက ပြောကြားသည်။

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ (UNDP) ပဲခူးတိုင်းဒေသကြီး တာဝန်ခံ ဦးကျော်ဆွေက “ဒါကတော့ လုံးဝကို တဖက်သက်ဆန်တယ်လို့ ပြောချင်တယ်။ ကိုယ်တွေကိုကျတော့ မဲဆွယ်ခွင့်စည်းရုံးခွင့်ကာလ မဟုတ်လို့ ပါတီဆိုင်းဘုတ် ထောင်တာတောင် လူငါးယောက်ထက် မပိုရဘူးတို့ ရွေးကောက်ပွဲ ကော်မရှင်က စကားပြောတယ်။ ပြီးလည်းပြီးရော လူများပြီး အလုပ်လုပ်ချင်ရင် COVID ကော်မတီကို အကြောင်းကြားပြီး လုပ်ရမယ် ပြောတယ်။ အခုမှစဖွဲ့တဲ့ ပါတီလေးတွေ ပါတီငယ်တွေကို ရိုက်ချိုးနေသလို ဖြစ်နေတယ်။ သူတို့ကတော့ ပြေးလမ်းပေါ်မှာ ရောက်နေပြီးတော့ ကျန်တဲ့သူတွေကို ပြိုင်မယ့်ကွင်းထဲတောင် မဝင်နိုင်အောင် လုပ်နေတယ်လို့ တွေးမိတယ်။ သူတို့အဲလို မလုပ်သင့်ဘူး။ လက်ရှိထုတ်ပြန်ထားတဲ့ တည်ဆဲဥပဒေတွေကို လိုက်နာသင့်တယ်။ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားတဲ့ ဥပဒေတွေ တို့ဆိုအကုန်လိုက်နာရတယ်” ဟု ပြောကြားသည်။

တစ်နိုင်ငံလုံအနှံ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ထားချက်အရ ပါတီဆိုင်းဘုတ် တင်ပွဲကိုပင် လူများများဖြင့် လုပ်၍မရသဖြင့် မြို့နယ် COVID-19 ကာကွယ်ကုသ ထိန်းချုပ်ရေးကော်မတီဥက္ကဋ္ဌ ဇီးကုန်းမြို့နယ် အုပ်ချုပ်ရေးမှူးအနေဖြင့် ထိထိရောက်ရောက် တားဆီအရေးယူသင့်ကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီ ဒုတိယဥက္ကဋ္ဌ ဦးကျော်ဇေယျက ပြောကြားသည်။

''ဇီးကုန်းမှာလည်း COVID-19 ကာကွယ်ကုသ ထိန်းချုပ်ရေးကော်မတီဆိုတာ မြို့နယ်အုပ်ချုပ်ရေးမှူးက ဥက္ကဋ္ဌပဲလေ။ ဒါဖောက်ဖျက်နေပြီပဲဗျာ။ ကျွန်တော်တို့တောင်မှ ဆိုင်းဘုတ်တင်ပွဲ လုပ်တာတောင်မှ လူများများလုပ်လို့ မှမရတာ။ အခုထိ ကန့်သတ်ချက် ရှိတုန်းပဲလေ။ မှတ်ချက်ပေးရရင်တော့ ဒီ Facebook က အရဆိုရင်တော့ ထင်ထင်ရှားရှား လုပ်နေပြီ။ ဒါကို ဇီးကုန်းမြို့နယ်က အုပ်ချုပ်ရေးမှူးကနေပြီးတော့ ထိထိရောက်ရောက်ကို တားဆီးပြီး အရေးယူရမှာ။ ထင်ရှားနေတာပဲ ငြင်းကွယ်စရာလည်း မရှိဘူး။ ရွေးကောက်ပွဲ ဥပဒေအရတော့ ပါတီစည်းရုံးရေးတော့ လုပ်လို့ရတယ်။ အခုဟာက ပါတီစည်းရုံးရေးမှ မဟုတ်တာ ဆိုင်းဘုတ် ထောင်ပြီး တစ်လမ်းလုံး မဲပေးမယ်ဆိုတော့။ ရွေးကောက်ပွဲ ဥပဒေအရ ပြောရင် အခုက ပါတီစည်းရုံးရေးကာလပဲ ရှိသေးတယ်။ မဲဆွယ်စည်းရုံးရေး ကာလမှ မဟုတ်တာ။ UEC က ထုတ်ပြန်တာလည်း ပါတီနဲ့ဆိုင်တဲ့ လုပ်ငန်းတွေ စည်းရုံးရေးဆင်းဖို့ပဲ ပြောထားတာလေ။ မဲဆွယ်စည်းရုံးရေး ကာလက UEC က ကိုယ်စားလှယ်လောင်းများကို အတည်ပြုပြီးတဲ့ အခါကျမှ လုပ်ရမယ့်ဟာ မတူဘူးဗျ ပါတီစည်းရုံးရေးနဲ့ မဲစည်းရုံးရေး ကွဲနေတယ်။ ကျွန်တော်တို့လည်း ပါတီဆိုင်းဘုတ်ထောင်တယ် ရုံးခန်းဖွင့်တယ်ဆိုတာ ပါတီစည်းရုံးတာပေါ့ဗျာ။ မဲဆွယ်စည်းရုံးတာ မဟုတ်သေးဘူး။ ဒီကာလမှာ သူတို့ကတော့ ထင်ရှားတယ် ဆိုင်းဘုတ်ထောင်ပြီး မဲပေးမယ်ဆိုတာ မဲစည်းရုံးတာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ညှိကိုညှိတယ်။ လက်ရှိ အာဏာရှိတဲ့သူက ဥပဒေကို လိုသလို ဆွဲသုံးရင်တော့ ပြောလို့ မရဘူးပေါ့ဗျာ။ ကျွန်တော် ဒဂုံမြို့နယ် လူစုဆို စုလို့ရတာပေါ့။ ခွင့်ပြုမလား'' ဟု ဦးကျော်ဇေယျက ပြောကြားသည်။ 

မဲဆန္ဒနယ်မြေတွင် လွှတ်တော်အတွေ့အကြုံ ရှင်းလင်းရန်အတွက် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မင်းကင်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မြင့်တင်ပြမှုကို မင်းကင်းမြို့နယ် COVID မြို့နယ်စီမံခန့်ခွဲရေး ကော်မတီဥက္ကဋ္ဌက ခွင့်မပြုခဲ့သည့်ဖြစ်စဉ် ဖြစ်ပေါ်ခဲ့သည်။

မင်းကင်းမြို့နယ်တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မြင့်သည် လိပ်မူပါကျေးရွာများတွင် ကျေးရွာပြည်သူများနှင့် တွေ့ဆုံ၍ လွှတ်တော် အတွေ့အကြုံရှင်းလင်းပွဲများ ပြုလုပ်မည်ဖြစ်ပြီး လိုအပ်သည်များ ကူညီဆောင်ရွက်ပေးရန် လွှတ်တော် ကိုယ်စားလှယ်များရုံးမှ (၁၃.၇.၂၀၂၀) ရက်စွဲပါ စာအမှတ် ၄၄/၁/စီမံ-၁(မန)၂၀၂၀ ဖြင့် ညှိနှိုင်းလာသဖြင့် လိပ်မူပါ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအနေဖြင့် လိုအပ်သည်များကို ကျန်းမာရေးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ကူညီဆောင်ရွက်ပေးရန် အကြောင်းကြားကြောင်း မင်းကင်းမြို့နယ် မြို့နယ်စီမံခန့်ခွဲရေးကော်မတီ၏ ညွှန်ကြားချက်ကို ဦးမောင်မြင့်က ၎င်း၏ လူမှုကွန်ရက် စာမျက်တွင် ဖော်ပြထားသည်။

ဇူလိုင် ၁၈ ရက်တွင် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး မြို့နယ်အဆင့် ကော်မတီသည် လွှတ်တော်အတွေ့အကြုံ ရှင်းလင်းပွဲများအား ခွင့်ပြုချက်ရရှိမှသာ ဆက်လက် ဆောင်ရွက်သွားရန် ကိစ္စနှင့် ပတ်သက်၍ အချက် သုံးချက်ပါ အကြောင်းကြားစာဖြင့် ပြန်လည် အကြောင်းကြား ခဲ့ကြောင်းကိုလည်း ဆက်လက် ဖော်ပြထားသည်။

ယင်းအကြောင်းကြားစာတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကြီး အနေဖြင့် လွှတ်တော်ဆိုင်ရာ အတွေ့ကြုံရှင်းလင်းပွဲများ ဆောင်ရွက်လိုပါက Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ခွင့်ပြုချက်ရရှိမှသာ ဆောင်ရွက်သွားရန် အသိပေး အကြောင်းကြားအပ်ကြောင်းလည်း ဦးမောင်မြင့်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြခဲ့သည်။

အဆိုပါကိစ္စကို မည်သည့်ဌာနမှ တားသနည်းဆိုသည့် မေးမြန်းမှုနှင့် ပတ်သက်၍ ဦးမောင်မြင့်က "COVID ကော်မတီက တားတာ။ ဒါပေမဲ့ ထွေအုပ်ဥက္ကဋ္ဌ၊ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌက ထွေအုပ်ဦးစီးမှူးက ဒါ COVID ဥက္ကဋ္ဌပဲ သူက။ (ထွေအုပ်က တားသလို ဖြစ်သွားတာပေါ့) ဟုတ်တယ်၊ ဟုတ်တယ်" ဟု ပြန်လည် ဖြေကြားသည်။

ပြည်ခိုင်ဖြိုးပါတီဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မြင့်ကို ထိုသို့တားမြစ်ခဲ့သော်လည်း ပြီးခဲ့သည့် ရက်ပိုင်းအတွင်း NLD ပါတီဝင် ကိုယ်စားလှယ်အချို့အနေဖြင့် ၎င်းတို့၏ မြို့နယ်များတွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲများ ပြုလုပ်ခဲ့ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

"ကျွန်တော့် Facebook မှာလည်း ကြည့်ရင် သိနိုင်တယ်။ ၁၃ ရက်နေ့တုန်းက ဒေါ်ခင်စန်းလှိုင်တို့ မြို့နယ်မှာ လုပ်သွားတာရှိတယ်။ လူ ၁၅၀ ပါတယ်။ ဘာ Mask မှ မပါဘူး။ ၂၀ ရက်က လက်ပံတန်းမှာ လုပ်သွားတာလေ။ လူ ၃၀၀ ရှိတယ်။ NLD အဖွဲ့ဝင်တွေပဲ။ ကျောင်းမှာ လုပ်တာ။ ဒီနေ့ ဇီးကုန်းမှာ လုပ်တဲ့ လူ ၁၅၀၊ ၂၀၀ လောက်ရှိတယ်။ အဲဒါတွေကျ ဘာပြောမလဲ" ဟု ဦးမောင်မြင့်က ဆိုသည်။

Most Read

Most Recent