COVID-19 ဖြစ်ပွားမှုကြောင့် လူမှုစီးပွားရေးဆိုင်ရာ ထိခိုက်မှုများ ကုစားနိုင်ရေးအတွက် အာရှဖွံ့ဖြိုးရေးဘဏ်မှ အမေရိကန်ဒေါ်လာ သန်း ၂၅၀ ချေးယူရန် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြ

COVID-19 ဖြစ်ပွားမှုကြောင့် လူမှုစီးပွားရေးဆိုင်ရာ ထိခိုက်မှုများ ကုစားနိုင်ရေးအတွက် အာရှဖွံ့ဖြိုးရေးဘဏ်မှ အမေရိကန်ဒေါ်လာ သန်း ၂၅၀ ချေးယူရန် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြ
Published 22 July 2020

COVID-19 ဖြစ်ပွားမှုကြောင့် လူမှုစီးပွားရေးဆိုင်ရာ ထိခိုက်မှုများ ကုစားနိုင်ရေးအတွက် အာရှဖွံ့ဖြိုးရေးဘဏ်မှ အမေရိကန်ဒေါ်လာ သန်း ၂၅၀ ချေးယူရန် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြခဲ့သည်။

ဇူလိုင် ၂၂ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် အဆိုပါချေးငွေ ရယူနိုင်ရေးနှင့်ပတ်သက်ပြီး စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ရှင်းလင်းတင်ပြခဲ့သည်။

“ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) မှ အဖွဲ့ဝင်ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ COVID-19 ကပ်ရောဂါကြောင့် ဖြစ်ရတဲ့ ကျန်းမာရေး၊ စီးပွားရေးနဲ့ လူမှုရေးလိုအပ်ချက်များအား ဖြည့်ဆည်းနိုင်ရန် COVID-19 Pandemic Response Option (CPRO) ကို Countercyclical Support Facility (CSF) အစီအစဉ်အောက်မှာ ၁၃.၄.၂၀၂၀ ရက်နေ့က အတည်ပြုခဲ့ပါတယ်။ အဆိုပါ CPRO မှာ ADB ရဲ့ Budget Support ပုံစံ ချေးငွေဖြစ်ပြီး မြန်မာနိုင်ငံအနေနဲ့ အမေရိကန်ဒေါ်လာ သန်း ၂၅၀ ချေးယူနိုင်ကြောင်း ADB က အဆိုပြုတင်ပြခဲ့ပါတယ်” ဟု ဒုတိယဝန်ကြီးက ပြောကြားသည်။

မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်၍ COVID-19 အတွက် တုံ့ပြန်မှုများဆောင်ရွက်ရာတွင် ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေများဖြင့်သာမက သက်သာမှုရှိသည့် ပြည်ပချေးငွေများဖြင့်လည်း ဖြည့်ဆည်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။

Budget Support ပုံစံ ချေးငွေဆိုသည်မှာ အခြားစီမံကိန်း ချေးငွေ (Project Loan) များကဲ့သို့ ချေးငွေရယူတဲ့ စီမံကိန်းတစ်ခုတည်းအတွက်သာ အကောင်အထည်ဖော်ခြင်းမျိုးမဟုတ်ဘဲ အစိုးရ၏ ဘတ်ဂျက်အတွင်းသို့ ချေးငွေကို တိုက်ရိုက်ထည့်သွင်းပေးပြီး အစိုးရက ဦးစားပေးသုံးစွဲရန် လိုအပ်တဲ့ အသုံးစရိတ်များကို လွတ်လပ်စွာသုံးစွဲနိုင်ဖို့ ပေးအပ်တဲ့ ချေးငွေမျိုးဖြစ်ပါတယ်” ဟု ဒုတိယဝန်ကြီးက ပြောကြားသည်။

အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ၏ ချေးငွေဆိုင်ရာ စည်းကမ်းချက်များမှာ ဆိုင်းငံ့ကာလ ရှစ်နှစ်၊ ပြန်ဆပ်ကာလ ၁၆ နှစ်၊ စုစုပေါင်း ၂၄ နှစ်ဖြစ်ပြီး အတိုးနှုန်းမှာ တစ်နှစ်လျှင် ဆိုင်းငံ့ကာလအတွင်း တစ်ရာခိုင်နှုန်းဖြစ်ပြီး ပြန်ဆပ်ကာလအတွင်း ၁ ဒသမ ၅ ရာခိုင်နှုန်းဖြစ်ကြောင်း ဒုတိယဝန်ကြီးက ဆိုသည်။

ချေးငွေကိုရယူပြီးနောက် Budget Support ချေးငွေများ၏ သဘောသဘာဝအတိုင်း  ပြည်ထောင်စုအစိုးရအဖွဲ့အနေဖြင့် သတ်မှတ်ထားသည့်နယ်ပယ်များတွင် COVID-19 အတွက်  တုန့်ပြန်ဆောင်ရွက်နိုင်မှုများကို ADB က Performance Indicator များဖြင့် တိုင်းတာပြီး အနည်းဆုံး ပြည့်မီရန် လိုအပ်ချက်များကို ပြည့်မီအောင် ဆောင်ရွက်နိုင်မှသာ ချေးငွေကို အဆင့်ဆင့် ထုတ်ယူနိုင်ရန် ချိတ်ဆက်ထားကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။

အဆိုပါသတ်မှတ်ထားသော နယ်ပယ်များမှာ COVID-19 ကြောင့် ထိခိုက်နစ်နာသူ၊ ဝင်ငွေနည်းအိမ်ထောင်စုများကို လူမှုရေး ဆိုင်ရာကူညီပံ့ပိုးခြင်း၊ COVID-19 ကာကွယ်ထိန်းချုပ် ကုသခြင်းတို့အတွက် ကျန်းမာရေးစနစ်များ ပိုမိုအားကောင်းစေခြင်းနှင့် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများနှင့် လုပ်သားများကို အားပေးမြှင့်တင်ခြင်း စသည့်နယ်ပယ်များဖြစ်ပြီး အကောင်အထည်ဖော်မှု ရလဒ်ကောင်းများရရှိစေရန် မူဝါဒရေးရာ အကောင်အထည်ဖော်မှုများကို  ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာအထိ ဆောင်ရွက်ရမည်ဖြစ်ပြီး အကောင်အထည်ဖော်နိုင်သည့် အခြေအနေကို ADB က Performance Indicators များဖြင့် တိုင်းတာမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။

မြန်မာနိုင်ငံအနေဖြင့် (COVID-19 စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက် -CERP) ကို ချမှတ်ထားသော Action Plan များကို ရေတို၊ ရေရှည်သတ်မှတ် ဆောင်ရွက်သွားမည်ဖြစ်ပြီး ယင်းသို့ဆောင်ရွက်နိုင်ရန် ဘဏ္ဍာငွေအရင်းအမြစ်တစ်ခုအဖြစ် အဆိုပါချေးငွေကို ရယူသင့်ကြောင့် ပြည်ထောင်စုအစိုးရအဖွဲ့က ဆုံးဖြတ်ခဲ့ကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။

Most Read

Most Recent