ကာကွယ်ရေးဝန်ကြီးဌာန၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ပိုလျှံငွေများမှ GRF သို့ အသားတင်အပ်နှံငွေသည် ကျပ် ၅၃ ဘီလျံကျော်သာဖြစ်ပြီး ခွင့်ပြုငွေ၏ ၁ ဒသမ ၅ ရာခိုင်နှုန်းခန့်သာ ရှိကြောင်းနှင့် ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ပြန်လည်အပ်နှံခဲ့ကြောင်း ကာကွယ်ရေးဒုတိယဝန်ကြီး ပြောကြား

ကာကွယ်ရေးဝန်ကြီးဌာန၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ပိုလျှံငွေများမှ GRF သို့ အသားတင်အပ်နှံငွေသည် ကျပ် ၅၃ ဘီလျံကျော်သာဖြစ်ပြီး ခွင့်ပြုငွေ၏ ၁ ဒသမ ၅ ရာခိုင်နှုန်းခန့်သာ ရှိကြောင်းနှင့် ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ပြန်လည်အပ်နှံခဲ့ကြောင်း ကာကွယ်ရေးဒုတိယဝန်ကြီး ပြောကြား
Published 22 July 2020
အောင်မင်းသိန်း၊ ပြည့်ဖြိုးအောင်

ကာကွယ်ရေးဝန်ကြီးဌာန၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ပိုလျှံငွေများမှ GRF သို့ အသားတင်အပ်နှံငွေသည် ကျပ် ၅၃ ဘီလျံကျော်သာဖြစ်ပြီး ခွင့်ပြုငွေ၏ ၁ ဒသမ ၅ ရာခိုင်နှုန်းခန့်သာ ရှိကြောင်းနှင့် ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ပြန်လည်အပ်နှံခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က ပြောကြားသည်။

ဇူလိုင် ၂၂ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း နှစ်ပတ်လည်အစီရင်ခံစာနှင့် ပြည်ထောင်စု ဘဏ္ဍာငွေအရအသုံးဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံစာအပေါ် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာအပါအဝင် လှိုင်းဘွဲမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်ချို၏ ဆွေးနွေးမှုအပေါ် လွှတ်တော်၌ ပြန်လည်ရှင်းလင်းတင်ပြရာတွင် ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“ ကာကွယ်ရေးဝန်ကြီးဌာန၏ ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် ပိုလျှံငွေများမှ GRF သို့ အသားတင်အပ်နှံငွေမှာ ကျပ် ၅၃ ဒသမ ၈၇၈ ဘီလျံသာရှိပြီး ရာခိုင်နှုန်းအားဖြင့် ခွင့်ပြုငွေ၏ ၁ ဒသမ ၅ ရာခိုင်နှုန်းခန့်သာ အပ်နှံခဲ့ကြောင်းနှင့် အပ်နှံမှုမှာ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ စက်မှုဝန်ကြီးဌာနသို့ ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းနဲ့အညီ ပြန်လည်အပ်နှံခဲ့ကြောင်း ရှင်းလင်းတင်ပြအပ်ပါတယ်” ဟု ဒုတိယဝန်ကြီးက ပြောကြားသည်။

ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် သာမန်အသုံးစရိတ်၌ ၄၃ ဒသမ ၉၉၆ ဘီလျံ၊ ငွေလုံးငွေရင်း အသုံးစရိတ်တွင် ၈ ဒသမ ၆၁၃ ဘီလျံ၊ အတိုးပေးငွေတွင် ၀ ဒသမ ၃၈၆ ဘီလျံနှင့် ကြွေးမြီ အသုံးစရိတ်တွင် ၀ ဒသမ ၈၈၃ ဘီလျံ၊ စုစုပေါင်း ၅၃ ဒသမ ၈၇၈ ဘီလျံအား အထွေထွေပိုလျှံရန်ပုံငွေ GRF သို့ ပြန်လည်အပ်နှံခဲ့ကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။

ဒုတိယဝန်ကြီးက “ ဒီနေရာမှာ ကိုယ်စားလှယ်တော်ကြီး မေးမြန်းခဲ့တဲ့ အသားတင်အပ်နှံငွေ ၂၃၀ ဒသမ ၉၁၁ ဘီလျံနဲ့ ကျွန်တော်တို့ အမှန်တကယ်အပ်နှံခဲ့တဲ့ငွေ ကွဲလွဲမှုဖြစ်နေကြောင်း တင်ပြအပ်ပါတယ်။ ကျွန်တော်အနေနဲ့ အမှန်တကယ်အပ်နှံငွေ ၅၃ ဒသမ ၈၇၈ ဘီလျံကိုသာ အသေးစိတ် ရှင်းလင်တင်ပြသွားမှာဖြစ်ကြောင်း တင်ပြအပ်ပါတယ်” ဟု ပြောကြားသည်။

သာမန်အသုံးစရိတ်တွင် ကျပ် ၄၃ ဒသမ ၉၉၆ ဘီလျံ အပ်နှံခဲ့ရခြင်းသည် လစာနှင့် စရိတ်တွင် တပ်သားသစ်များ အမှန်တကယ် စုဆောင်းရရှိမှုအပေါ် မူတည်၍ လျှော့ရတပ်သားသစ်များ၏ ကွာခြားလစာများ၊ ကကထောက်လစာနှင့် စရိတ်၊ တက္ကသိုလ်လေ့ကျင့်ရေးတပ်စခန်း စခန်းသွင်း လေ့ကျင့်ရေး တပ်သားစရိတ်၊ ကကငွေ၊ ကက ဝယ်တို့၏ လစာနှင့် စရိတ်များ၊ ထောက်ပံ့ရေး ပစ္စည်းများတွင် ဆေးရုံတက် အင်အားလျော့နည်းခြင်း၊ ရိက္ခာစိုကြေး၊ အထူးရိက္ခာကြေးများ လျော့နည်းခြင်း၊ တိုင်းစစ်ဌာနချုပ်များ အလိုက် တပ်စောင့်ငွေစာရင်းမှ ရိက္ခာကြေးငွေ လျော့နည်းသုံးစွဲခြင်း၊ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေး အရာရှိချုပ်ရုံး၊ လက်အောက်ခံတပ်ဖွဲ့များမှ အရာထမ်း၊ အမှုထမ်းများ၏ ခရီးသွား ဝရမ်းများနှင့် နိုင်ငံခြားသို့ စေလွှတ်ခံရသည့် ကိုယ်စားလှယ်ဦးရေနှင့် သင်တန်းသားစရိတ်များ လျော့နည်းသုံးစွဲခြင်း၊ လျှပ်စစ်ဓာတ်အားခများ စနစ်တကျကောက်ခံခြင်းနှင့် တပ်ရင်းတပ်ဖွဲ့များမှ လျှပ်စစ်ဓာတ်အားခများ လျော့နည်းသုံးစွဲခြင်း၊ အသေးသုံးစရိတ်များ လျော့နည်းသုံးစွဲခြင်း၊ သင်္ဘောများနှင့် ပစ္စည်းကိရိယာများ ပြင်ဆင်ပြုပြင်ခြင်းတွင် လျော့နည်းသုံးစွဲခြင်း၊ နိုင်ငံခြားဧည့်သည်တော်များ မျှော်မှန်းသည်ထက် လျော့နည်းလာရောက်ခြင်း၊ လုံခြုံရေး အသုံးစရိတ် လျော့နည်းသုံးစွဲခဲ့ခြင်း၊ စက်ရုံများ၏ လူမှုဖူလုံရေး အသုံးစရိတ်များနှင့် နေ့စားဝန်ထမ်း ခန့်အပ်ခြင်း အသုံးစရိတ်များ လျော့နည်းသုံးခဲ့ခြင်းများကြောင့် ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။

ငွေလုံးငွေရင်း အသုံးစရိတ်တွင် ကျပ် ၈ ဒသမ ၆၁၃ ဘီလျံ အပ်နှံရခြင်းသည် အခြားမတည်ပစ္စည်းများ အသုံးစရိတ်၌ လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့ အရာရှိရုံးတွင် အထူးလုပ်ငန်းဆိုင်ရာ ပစ္စည်းများအား လျော့နည်းဝယ်ယူခြင်း၊ သင်္ဘောအသုံးစရိတ်တွင် အထူးလုပ်ငန်းဆိုင်ရာပစ္စည်းများ လျော့နည်းဝယ်ယူခြင်း၊ လုပ်ငန်းများအတွက် ထုတ်ပေးရသည့်ပစ္စည်းများတွင် ဝယ်ယူထားသော ဆောက်လုပ်ရေးပစ္စည်းများအား ဆောက်လုပ်ရေးတပ်များ၏ ပစ္စည်းလိုအပ်ချက်အရ ထုတ်ပေးခဲ့ရခြင်းများကြောင့် ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။

အတိုးပေးငွေတွင် ကျပ် ၀ ဒသမ ၃၈၆ ဘီလျံအပ်နှံရခြင်းနှင့် ကြွေးမြီအသုံးစရိတ်တွင် ကျပ် ၀ ဒသမ ၈၈၃ ဘီလျံ အပ်နှံရခြင်းများသည် နေ့စဉ် နိုင်ငံခြားငွေ လဲလှယ်နှုန်းထားများအရ လျော့နည်းပေးခြေခဲ့ရခြင်းများကြောင့် ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။

Most Read

Most Recent