ရန်ကုန်တိုင်း ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာတွင် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည်ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေ ပြောကြား

ရန်ကုန်တိုင်း ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာတွင် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည်ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေ ပြောကြား
Published 22 July 2020
ဉာဏ်လင်းထွန်း

ရခိုင်အမျိုးသားပါတီမှ တရားဝင်နုတ်ထွက်ခွင့် မရသောကြောင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဟု လက်ရှိအမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေက ပြောကြားသည်။

ရခိုင်ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၁၁) မှ အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်ဖြစ်သည့် ဒေါ်ထုမေသည် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ရခိုင်အမျိုးသားပါတီ (ANP) မှ ဝင်ရောက်အရွေးခံခဲ့သူဖြစ်သည်။

၂၀၁၇ ခုနှစ်တွင် ရခိုင်နှစ်ပါတီပူးပေါင်းထားသည့် ရခိုင်အမျိုးသားပါတီမှ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ALD) ခွဲထွက်စဉ် မိခင်ပါတီဖြစ်သည့် ALD သို့ ပြန်လည်ပူးပေါင်းခဲ့သည်။

သို့သော် ANP ပါတီမှ နုတ်ထွက်ခွင့် မရရှိသောကြောင့် ALD ပါတီသို့ တရားဝင် ဝင်ရောက်ခွင့် မရကြောင်း၊ ယင်းသို့ အကျပ်အတည်းများကြောင့် လာမည့်ရွေးကောက်ပွဲတွင် ပါတီကိုယ်စားပြု ကိုယ်စားလှယ်လောင်းအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရှိကြောင်း ဒေါ်ထုမေက ၎င်း၏ Facebook စာမျက်နှာတွင် ဇူလိုင် ၁၉ ရက်က ရေးသားဖော်ပြသည်။

လက်ရှိ ပြည်ထောင်စုလွှတ်တော်တွင် ရခိုင်ပြည်နယ်နှင့် ရခိုင်ပြည်သူအကျိုးအတွက် ကိုယ်စွမ်းရှိသမျှ ဆောင်ရွက်ခဲ့ပြီး ရခိုင်ပြည်သူအကျိုး ဆက်လက်သယ်ပိုးလိုသည့် နိုင်ငံရေးခံယူချက်နှင့် နိုင်ငံရေးအဆက်မပြတ် လိုခြင်းကြောင့် ရွေးကောက်ပွဲ ဆက်လက်ယှဉ်ပြိုင်ခြင်းဖြစ်သည်ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေက ဆိုသည်။

“ လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်း ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက်အရွေးချယ်ခံမည်ဟု ဆုံးဖြတ်လိုက်ပါသည်” ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေက ပြောကြားသည်။

လွှတ်တော်စောင့်ကြည့်လေ့လာသည့် အဖွဲ့အစည်းဖြစ်သော ပွင့်လင်းမြန်မာ့ရှေ့ဆောင် (OMI) ထုတ်ပြန်သည့် စစ်တမ်းအရ အမျိုးသားလွှတ်တော်တွင် အဆိုတင်သွင်းမှု အများဆုံး လွှတ်တော်ကိုယ်စားလှယ်မှာ ဒေါ်ထုမေ ဖြစ်သည်။

လက်ရှိတွင် ဒေါ်ထုမေအပါအဝင် ANP ပါတီမှ နုတ်ထွက်ခွင့်မရသည့် လွှတ်တော်ကိုယ်စားလှယ် ၁၀ ဦး ဝန်းကျင်ရှိနေပြီး ၎င်းတို့အနေဖြင့် ပြီးခဲ့သည့် အထွေထွေရွေးကောက်ပွဲကို ANP ပါတီ အမှတ်တံဆိပ်ဖြင့် ယှဉ်ပြိုင်အနိုင်ရခဲ့သောကြောင့် လာမည့်ရွေးကောက်ပွဲ မတိုင်မီအထိ ပါတီမှ နုတ်ထွက်ခွင့်ပြုမည်မဟုတ်ကြောင်း ANP ပါတီတာဝန်ရှိသူများက ပြောကြားထားသည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၁ အရ သက်ဆိုင်ရာပါတီမှ နုတ်ထွက်ခွင့်မရသူများ အခြားပါတီမှ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခွင့်မရှိကြောင်းနှင့် ယှဉ်ပြိုင်မည်ဆိုလျှင် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းအဖြစ်သာ ဝင်ရောက်ခွင့်ရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသက်ထွန်းက ဇူလိုင် ၁၃ ရက် ပြည်သူ့ လွှတ်တော်အစည်းအဝေးတွင် ပြောကြားခဲ့သည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ လူဦးရေသည် နိုင်ငံလူဦးရေ စုစုပေါင်း၏ ၀ ဒသမ ၁ ရာခိုင်နှုန်းအထက်ရှိလျှင် ရွေးကောက်ပွဲတွင် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးနေရာ ထည့်သွင်းကျင်းပရပြီး ယင်းသည် တိုင်းဒေကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ ဝင် ဝန်ကြီးရာထူး ဖြစ်သည်။

ရန်ကုန်တိုင်းတွင် ကရင်တိုင်းရင်းသားရေးရာဝန်ကြီးနှင့် ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးဟူ၍ နှစ်နေရာရှိပြီး လက်ရှိရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးမှာ ရခိုင်အမျိုးသားပါတီမှ ဦးဇော်အေးမောင် ဖြစ်ကြောင်း သိရသည်။

၂၀၁၀ နှင့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ နှစ်ကြိမ်ဆက် အနိုင်ရခဲ့သည့် ဦးဇော်အေးမောင်သည် လာမည့် အထွေထွေရွေးကောက်ပွဲကို ဆက်လက်ယှဉ်ပြိုင်ရန် ပါတီထံ အမည်စာရင်း တင်သွင်းထားကြောင်း သိရသည်။

Most Read

Most Recent