၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ‘‘၀’’ အမျိုးသားပါတီအနေဖြင့် မြို့နယ်ပေါင်း ၁၀ မြို့နယ်၌ ကိုယ်စားလှယ်လောင်း ၂၃ နေရာခန့် ဝင်ရောက်ပြိုင်ရန်လျာထား

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ‘‘၀’’ အမျိုးသားပါတီအနေဖြင့် မြို့နယ်ပေါင်း ၁၀ မြို့နယ်၌ ကိုယ်စားလှယ်လောင်း ၂၃ နေရာခန့် ဝင်ရောက်ပြိုင်ရန်လျာထား
Published 21 July 2020
စည်သာ(တောင်ကြီး)

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ‘‘၀’’ အမျိုးသားပါတီအနေဖြင့် မြို့နယ်ပေါင်း ၁၀ မြို့နယ်၌ ကိုယ်စားလှယ်လောင်း ၂၃ နေရာခန့် ဝင်ရောက်ပြိုင်သွားရန် လျာထားကြောင်း ယင်းပါတီ အထွေထွေအတွင်းရေးမှူး ဦးဆမ်းဆောင်ကားက ပြောကြားသည်။

‘‘ အတည်ပြုရဦးမယ်။ ၁၀ မြို့နယ်မှာ ကိုယ်စားလှယ်နေရာပေါင်း ၂၃ ဦးပေါ့။ အပြည့်တော့မဟုတ်ဘူး။ လွှတ်တော်အသီးသီးပေ့ါ။ ကိုယ်စားလှယ်လောင်းတွေကိုလည်း စိစစ်ရဦးမယ်။ နေရာတွေ ထပ်တိုးနိုင်တာလည်း ရှိနိုင်တာပေ့ါ။ တခြားမိတ်ဘက်ပါတီတွေနဲ့လည်း ညှိနှိုင်းရဦးမယ်’’ ဟု ဦးဆမ်းဆောင်ကားက ပြောကြားသည်။

လက်ရှိတွင် ‘‘၀’’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအတွင်း မဲဆန္ဒရှင်ပြည်သူများ၌ မှတ်ပုံတင်မရရှိသေးသည့်သူများ ရှိနေသည့်အတွက် မဲစာရင်းအား စိစစ်ရဦးမည်ဖြစ်ကြောင်း ၎င်းက မှတ်ချက်ပြုသည်။

‘‘ မဲပေးစနစ် တကယပီပြင်ဖို့၊ မဲပြန်လည် ရေတွက်ချိန်မှာလည်း စနစ်တကျ ရေတွက်နိုင်ဖို့က အဓိကပဲ။ ‘‘၀’’ တိုင်းရင်းသားတွေ မှတ်ပုံတင်တော်တော်များများ မရှိသေးဘူး။ အခက်ခဲ တစ်ခု၊ မှတ်ပုံတင်ရှိသူတောင်မှ မဲစာရင်းထဲ မပါသူများတယ်။ အဲဒါတွေကအစ စိစစ်ရဦးမယ်။ မှတ်ပုံတင် မရှိတာဆိုရင် နှစ်ပိုင်းပေ့ါ။ ‘‘၀’’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း လူဦးရေနဲ့တိုင်းတာပြီး လက်ရှိအစိုးရသတ်မှတ်ထားတဲ့ မဲဆန္ဒနယ်အရ လူဦးရေအရ ပြောရမလား။ ‘‘၀’’ လူမျိုးစုတစ်ခုလုံး ရာခိုင်နှုန်းပြောရမလား မသိဘူး။ ‘‘၀’’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနဲ့ တစ်ဆက်တစ်စပ်တည်း တခြားမြို့နယ်တွေမှာလည်း ရှိနေတယ်။ အဲဒီလူဦးရေကိုပေါင်းပြီး ရာခိုင်နှုန်းကို ပြောရခက်နေတယ်။ ‘‘၀’’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းအတွင်းမှာရှိတဲ့ လူဦးရေက ခန့်မှန်းတာလား မသိဘူးး။ ငါးသိန်းလည်း ပြောတယ်။ ခုနှစ်သိန်းလည်း ပြောတယ်။ ဘယ်လိုပေါင်းပြီး ဘယ်လောက်ရှိမလဲဆိုတာ မပြောနိုင်ဘူး ဖြစ်နေတယ်။ ဘယ်အပေါ်မှာ အခြေပြုပြီး ပြောရမှန်း မသိဘူး။ ရှမ်းပြည်နယ်မှာ မြို့နယ်ပေါင်း ၂၀ လောက်လည်း ရှိနေသေးတာပေ့ါ။ တွက်ချက်လို့မရဘူး’’ ဟု ဦးဆမ်းဆောင်ကားက ပြောကြားသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း ‘‘၀’’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်နှင့် မက်မန်းနှစ်မြို့နယ် အပြည့် ဝင်ပြိုင်သွားမည်ဖြစ်ပြီး ကျန်မြို့နယ်များဖြစ်သော တန့်ယန်း၊ ကျိုင်းတုံ၊ မိုင်းဆတ်၊ မိုင်းပျဉ်း၊ မိုင်းယန်းတို့တွင်လည်း ဝင်ပြိုင်သွားရန် လျာထားကြောင်း သိရသည်။

‘‘၀’’ ပါတီများ ကွဲပြားနေလျှင် မဲမပေးတော့ဟု ပြည်သူလူထုတောင်းဆိုချက်အရ ‘‘၀’’ အမျိုးသားပါတီကို ‘‘၀’’ ဒီမိုကရက်တစ်ပါတီ၊ ‘‘၀’’ အမျိုးသား စည်းလုံးညီညွတ်ရေးပါတီ၊ ‘‘၀’’ လစ်ဘရယ် ဒီမိုကရက်တစ် ဖွံ့ဖြိုးတိုးတက်ရေးပါတီ သုံးပါတီပေါင်းစည်း၍ ပူးပေါင်းတည်ထောင်ထားခြင်းဖြစ်ပြီး၂၀၁၉ နှစ်ကုန်ပိုင်းတွင် UEC ထံ ပါတီမှတ်ပုံတင် လျှောက်ထားခဲ့ရာ ၂၀၂၀ ပြည့်နှစ် ဧပြီတွင် နိုင်ငံရေးပါတီ မှတ်ပုံတင်ရရှိခဲ့ခြင်းဖြစ်သည်။ 

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရှမ်းပြည်နယ်အရှေ့ပိုင်း ဟိုပန်၊ မက်မန်း၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်းနှင့် ပန်ဆန်း စသည့် မြို့နယ်ခြောက်ခုကို ခရိုင်နှစ်ခုခွဲခြား၍ ‘‘၀’’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအဖြစ် သတ်မှတ်ထားပြီး ဟိုပန်နှင့် မက်မန်းမြို့နယ်များကို အစိုးရကထိန်းချုပ်၍ အခြားကျန်ရှိသော မြို့နယ်ပေါင်းလေးခုကို ‘‘၀’’ ပြည်သွေး စည်းညီညွတ်ရေးပါတီ (UWSA) က ထိန်းချုပ်ထားခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent