ဧရာဝတီတိုင်းအတွင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၄၄ သိန်းကျော်ရှိပြီး မဲရုံပေါင်း ၅၇၀၀ ကျော်ထားရှိမည်

ဧရာဝတီတိုင်းအတွင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၄၄ သိန်းကျော်ရှိပြီး မဲရုံပေါင်း ၅၇၀၀ ကျော်ထားရှိမည်
Published 21 July 2020
မင်းသူဝင်းထွဋ်

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီးအတွင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၄၄ သိန်းကျော်ရှိပြီး မဲရုံပေါင်း ၅၇၀၀ ကျော်ထားရှိမည်ဖြစ်ကြောင်း တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သတင်းရရှိသည်။

“ မဲပေးပိုင်ခွင့်ရှိသူစာရင်းက ဇွန်လအကုန် စာရင်းအပိတ်အရ ၄၄ သိန်းကျော်ရှိတယ်။ ကိန်းကဏန်းအတိအကျတော့ မပြောတော့ပါဘူး။ ၄၄ သိန်းကျော်ရှိတယ်။ အဲဒါဆိုရင် ၂၀၁၅ နဲ့ ဘာကွာလဲဆိုရင် ၂၀၁၅ ထက် နည်းနည်းလေးများတာပေါ့။ အများကြီးတော့ မဟုတ်ပါဘူး” ဟု ဧရာဝတီတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးအောင်မြင့်က ပြောကြားသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ဦးရေမှာ ၂၀၁၅ ရွေးကောက်ပွဲထက်စာလျှင် ပိုမိုများပြားလာခဲ့ကြောင်း၊ မဲရုံပေါင်းမှာမူ ၅၇၀၀ ကျော်အထိ ထားရှိသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ မီဒီယာတွေ သိစေချင်တာကတော့ အတိအကျတော့ မဟုတ်ဘူးပေါ့။ အကြမ်းဖျင်းသိရရင်ရပါတယ်။ ၅၇၀၀ ကျော် ကျွန်တော်တို့ စီစဉ်ထားပါတယ်။ အဲဒါ ပထမဆုံး ပြောချင်တာပေါ့။ စုစုပေါင်း ၅၇၀၀ ကျော် စီစဉ်ထားပါတယ်။ ၂၀၁၅ တုန်းကနဲ့စာရင် သိပ်မကွာဘူး မဲရုံသိပ်မကွာဘူး။ နည်းနည်းလေး ပိုများလာတာပေါ့” ဟု  ဦးအောင်မြင့်က ပြောကြားသည်။

ထို့ပြင် တပ်မတော်သားများနှင့် အရပ်သားများ ပူးပေါင်းမဲပေးမည့် မဲရုံများနှင့် တပ်ပြင်ပတွင် တပ်မတော်သားသီးသန့် မဲပေးမည့် မဲရုံများကိုပါ လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း ဦးအောင်မြင့်က ဆိုသည်။

“ တပ်မဲရုံကတော့ ဟိုအရင်တုန်းက ၂၀၁၅ တုန်းကတော့ တပ်တွင်းမှာ မဲရုံထားတာပေါ့နော်။ အဲဒီမှာဆိုတော့ နိုင်ငံရေးပါတီတွေက ဝင်ရထွက်ရ ခက်တယ်ပေါ့။ အဲဒါလည်း မှန်တယ်။ နောက်ပြီးတော့ လေ့လာစောင့်ကြည့်သူတွေပေါ့။ နိုင်ငံခြားက လေ့လာစောင့်ကြည့်သူတွေလည်း ခက်တယ်။ ဒါကြောင့် တပ်ရဲ့အပြင်ဘက်မှာ တပ်မဲရုံထားထားတာ ကောင်းတယ်ပေါ့။ အဲဒါနဲ့ စီစဉ်ကြတော့ အဆင်ပြေပါတယ်။ တစ်တိုင်းလုံးမှာ တပ်မဲရုံသီးသန့်ကလည်း သိပ်မများဘူး။ နည်းနည်းလေးပဲ။ အရပ်နဲ့ ပေါင်းပြီးတော့ ပေးမှာကလည်း အားလုံးအဆင်ပြေတယ်။ စစ်တပ်ကလည်း အရပ်နဲ့ပေါင်းပြီးတော့ပေးမယ်။ သူတို့လည်း အဲဒီအတိုင်း ဆန္ဒရှိတယ်။ အဲဒီတော့ ကျွန်တော်တို့က ဘယ်မဲရုံနဲ့ ပေါင်းပြီးတော့ ပေးမလဲပေါ့နော်။ လုပ်ပေးလိုက်တယ်။ စစ်တပ်ကလည်း လက်ခံတယ်။ တချို့တပ်ကျတော့ အရပ်နဲ့သွားပေါင်းပေးဖို့က တအားခက်နေတယ်။ အဝေးကြီးဖြစ်နေတယ်။ အဲဒါကျတော့ တပ်ရဲ့အပြင်ဘက်မှာ တပ်မဲရုံသီးသန့်ဆိုပြီးတော့ ကျွန်တော်တို့က ပေးတယ်။ အဲဒါက နည်းနည်းလေး။ တပ်နဲ့ အရပ်နဲ့ ပေါင်းပြီးတော့ ပေးတဲ့မဲရုံက များပါတယ်” ဟု ဧရာဝတီတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးအောင်မြင့်က ပြောကြားသည်။

နိုဝင်ဘာ ၈ ရက်တွင် အထွေထွေရွေးကောက်ပွဲ ကျင်းပမည်ဖြစ်သော်လည်း COVID-19 ရောဂါ ကာကွယ်တားဆီးနိုင်ရေးအတွက် ကန့်သတ်ချက်များစွာ ရှိနေသောကြောင့် ပါတီအသစ်များအနေဖြင့် ပါတီစည်းရုံးရေးလုပ်ငန်းများ လုပ်ဆောင်ရန်အတွက် အခက်အခဲများရှိနေကြောင်းလည်း နိုင်ငံရေးပါတီများကြား ဝေဖန်မှုများ ရှိနေသည်။

Most Read

Most Recent