COVID-19 ကန့်သတ်ချက်များကြောင့် အထွေထွေရွေးကောက်ပွဲ အကြိုကာလ ကိုယ်စားလှယ်လောင်း ရွေးချယ်ခြင်းအပါအဝင် ပါတီစည်းရုံးရေးလုပ်ငန်းများ အခက်အခဲရှိနေသဖြင့် ဖြေလျှော့ခြင်းများ ဆောင်ရွက်ပေးရန် တိုင်းရင်းသားနိုင်ငံရေးပါတီအချို့ တောင်းဆို

COVID-19 ကန့်သတ်ချက်များကြောင့် အထွေထွေရွေးကောက်ပွဲ အကြိုကာလ ကိုယ်စားလှယ်လောင်း ရွေးချယ်ခြင်းအပါအဝင် ပါတီစည်းရုံးရေးလုပ်ငန်းများ အခက်အခဲရှိနေသဖြင့် ဖြေလျှော့ခြင်းများ ဆောင်ရွက်ပေးရန် တိုင်းရင်းသားနိုင်ငံရေးပါတီအချို့ တောင်းဆို
Published 18 July 2020
စည်သာ (တောင်ကြီး)

COVID-19 ကန့်သတ်ချက်များကြောင့် အထွေထွေရွေးကောက်ပွဲ အကြိုကာလ ကိုယ်စားလှယ်လောင်း ရွေးချယ်ခြင်း အပါအဝင် ပါတီစည်းရုံးရေးလုပ်ငန်းများ အခက်အခဲများရှိနေသဖြင့် ဖြေလျော့ခြင်းများ ဆောင်ရွက်ပေးရန် တိုင်းရင်းသားနိုင်ငံရေးပါတီအချို့က တောင်းဆိုသည်။

COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်တားဆီးရေးအတွက် အစိုးရက ကန့်သတ်ချက်များ ရက်တိုးထားသည့်ကာလသည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ အကြိုကာလဖြစ်နေသဖြင့် အာဏာရပါတီမှ လွဲ၍ ကျန်ပါတီများအတွက် ရွေးကောက်ပွဲဆိုင်ရာ ပြင်ဆင်မှုများပြုလုပ်ရန် အခက်အခဲ ဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း တိုင်းရင်းသားနိုင်ငံပါတီများ၏ ပြောကြားချက်အရ သိရသည်။

“ Social Distancing ကို နောက်ထပ် ၁၅ ရက် ထပ်တိုးလိုက်တယ်လေ။ ၁၅ လေးလီ (ရက် ၆၀ ) တောင် ဖြစ်သွားပြီပေါ့လေ။ ဘယ်လောက်ထိတောင်လာဦးမလဲ ခန့်မှန်းလို့မရဘူး။ အဲဒီလိုလုပ်တာက အစိုးရအနေနဲ့ လူထုကျန်းမာရေးကို စိုးရိမ်လို့လုပ်တာလား၊ သို့တည်းမဟုတ်၊ နိုင်ငံရေးပါတီတွေကို နည်းနည်းလေး မလူးသာမလွန့်သာဖြစ်အောင် တစ်ဖက်လှည့်နဲ့ လုပ်နေတာလားဆိုတာ သံသယဝင်စရာလည်း ကောင်းပါတယ်ဗျ။ အခုဟာက လွှတ်တော်ကိုယ်စားလှယ်လောင်းကို စုဆောင်းရမယ်။ ရရှိလာတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို အတည်ပြုရမယ်ဆိုတာတွေကို အွန်လိုင်းတွေကနေ လုပ်နေရတဲ့အခြေအနေပေါ့လေ။ လူစုလူဝေးလည်း လုပ်လို့မရဘူး။ တစ်ဖက်မှာ ကန့်သတ်ချက်တွေ ရှိတယ်။ ရက်ကလည်း သြဂုတ်လအပြီးလုပ်ရမယ်ဆိုတော့ ကျွန်တော်တို့မှာ တော်တော်လေးကို မလူးသာမလွန့်သာပါပဲဗျ။ နောက် လူထုကြားထဲ မဲဆွယ်စည်းရုံးဖို့က အခုကဆင်းလို့လည်း မရဘူး။ လူထုကို အသိပညာပေးဖို့ ရှင်းလင်းတင်ပြဖို့ ကိစ္စတွေက အွန်လိုင်းအားကိုးရုံ သက်သက်အလုပ်မဖြစ်နိုင်ဘူးလေ။ နိုင်ငံပိုင်မီဒီယာကိုတစ်နည်းအားဖြင့် သုံးနေရတဲ့ တစ်ဖက်လှည့်နဲ့ သုံးလို့ရတဲ့ ပါတီကြီးကတော့ အဆင်ပြေတာပေါ့ဗျ။ ငွေကြေးအားဖြင့် အင်မတန်တောင့်တင်းတဲ့ အာဏာရပါတီအနေနဲ့ အဆင်ပြေပေမဲ့ ပြည်နယ်အခြေခံတိုင်းရင်းသားပါတီတွေအတွက် အင်မတန်အခက်ခဲ ရှိပါတယ်။ အဲဒီကိစ္စတွေက မဲဆွယ်စည်းရုံးရေးမှာ တော်တော်လေး စကားပြောရမယ့်ကိစ္စတွေ ဖြစ်တာပေါ့” ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီ အထွေထွေအတွင်းရေးမှူး (၁) ဦးစိုင်းလိတ်က ပြောကြားသည်။

ထို့ပြင် အွန်လိုင်းအသုံးပြုမှုအပေါ် ငွေကြေးကုန်ကျမှုအား မည်မျှအထိသုံးသည်ကို ဥပဒေအရ တိတိကျကျပြဋ္ဌာန်းထားခြင်း မရှိကြောင်း၊ နိုင်ငံမီဒီယာ၊ ငွေကြေးသုံးစွဲမှုနှင့် နည်းပညာပိုင်းဆိုင်ရာ သာလွန်နေသည့် ပါတီကြီးများ ဆက်လက်လွှမ်းမိုးခြယ်လှယ်နိုင်သည့် အနေအထားတစ်ခုကို မည်သို့ ဖြတ်ကျော်ရမည်ဆိုသည်ကို စဉ်းစားရင်ဆိုင်ရကြောင်း ၎င်းက ဆိုသည်။

အလားတူ COVID-19 ကန့်သတ်ချက်များကြောင့် လူထုနှင့်တွေ့ဆုံဆွေးနွေး၍ မရကြောင်း၊ ပြိုင်ဘက်ပါတီသည် အစိုးရဖြစ်နေသည့် ပါတီကြီးဖြစ်သဖြင့် အစိုးရတာဝန်နှင့် တစ်ဖက်တစ်လမ်းမှ စည်းရုံးရေးလုပ်ငန်း လုပ်ဆောင်၍ရသော်လည်း ပါတီငယ်များအနေဖြင့် ငါးဦးထက်ပိုစု၍ မရသောကြောင့် အခက်အခဲများစွာရှိကြောင်း လီဆူ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ ရှမ်းပြည်နယ်ဥက္ကဋ္ဌ ဒေါ်ဆွမ်မလေးက ပြောကြားသည်။

“ ပါတီငယ်တွေကတော့ ငါးဦးထက် ပိုစုလို့မရတဲ့အတွက် အခက်အခဲများစွာ ရှိတာပေါ့။ ဘက်မညီသလို ခံစားရတာပေ့ါ။ အဲဒီအခက်အခဲကို ဖြေလျှော့တာတို့ ပါတီစည်းရုံးရေး ကာလမှာလည်း ဖြေလျှော့ရေးပိုင်းမှာ စည်းမျဉ်းစည်းကမ်းတွေနဲ့ ဖြေလျှော့ပေးနိုင်ရင်တော့ ပိုပြီးတော့ ထိထိရောက်ရောက် လုပ်ဆောင်နိုင်လိမ့်မယ်လို့တော့ မျှော်လင့်တာပေ့ါ” ဟု လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ ရှမ်းပြည်နယ် ဥက္ကဋ္ဌ ဒေါ်ဆွမ်မလေးက ပြောကြားသည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲထက် ပိုမိုမျှော်လင့်ထားပြီး နိုင်မည်ဟုယုံကြည်ကြောင်း တိုင်းရင်းသားများ ရသင့်ရထိုက်သည့် အရာများကိုလည်း ကြိုးစားလုပ်ဆောင်နိုင်ခဲ့ပြီး အတိုင်းအတာတစ်ခုထိ ရောက်ခဲ့ကြောင်း၊ လက်ရှိ စိန်ခေါ်မှုအခက်အခဲမှာ ပါတီစည်းရုံးရေးအတွက်ဖြစ်ကြောင်း လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ နာယက ဦးယောသပ်က ပြောကြားသည်။

“ စိန်ခေါ်မှုအခက်အခဲက ပါတီစည်းရုံးရေးအတွက် အခက်အခဲဖြစ်တယ်။ COVID ကြောင့် ဘယ်လိုလာမလဲမသိဘူး။ နှစ်အချက်က မဲဆွယ်စည်းရုံးရေးမှာ မပြောတတ် မဆိုတတ် ဖြစ်ပေါ်လာမှာပေ့ါနော်။ မဲထဲမှာ နိုင်ပြီးပြီ ပြီးတော့မှ တိုင်တာတွေ ရှိတာကိုး၊ အဲဒါကိုလည်း ရိုးရိုးသားသားတောင်ပေါ်သားတွေဆိုတော့ ပြောဆိုရာမှာ ချွတ်ချော်ရာမှာ စိုးရိမ်စရာ ရှိပါတယ်။ နောက်တစ်ခုက မဲဆွယ်စည်းရုံးကာလအတွင်း သွားလာဖို့အတွက် COVID အတွက် ငါးယောက်ထက် မပိုရ ဆိုတော့လေ” ဟု လားဟူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ နာယကဖြစ်သူ ဦးယောသပ်က ပြောကြားသည်။

COVID-19 ရောဂါပိုးကူးစက်ပျံ့နှံ့မှုကို ဆက်လက်ထိန်းချုပ်ဆောင်ရွက်ရန် လိုအပ်သဖြင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများမှ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးအတွက် ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၁၅ ရက်အထိ ထုတ်ပြန်ထားသော ပြည်သူ့ပန်ကြားချက်၊ အမိန့်၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်များ (ဖြေလျှော့/တိုးမြှင့်ရန် လိုအပ်သည့် ကိစ္စရပ်များမပါ) အား ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၃၁ ရက်အထိ ရက်တိုးမြှင့်သတ်မှတ်ဆောင်ရွက်ထားကြောင်း ဇူလိုင် ၁၃ ရက်တွင် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီက ကြေညာချက်ထုတ်ပြန်ထားသည်။

Most Read

Most Recent