၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေးကို သြဂုတ် ၁၂ ရက်တွင် စတင်ကျင်းပရန် အလုပ်အဖွဲ့အစည်းအဝေးတွင် သဘောတူညီချက်ရရှိထားပြီး ရလဒ်ကောင်းထွက်စေချင်သည့်အတွက် Social Distancing ဖြင့် လုပ်မည်ဟု သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ပြောကြား

၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေးကို သြဂုတ် ၁၂ ရက်တွင် စတင်ကျင်းပရန် အလုပ်အဖွဲ့အစည်းအဝေးတွင် သဘောတူညီချက်ရရှိထားပြီး ရလဒ်ကောင်းထွက်စေချင်သည့်အတွက် Social Distancing ဖြင့် လုပ်မည်ဟု သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ပြောကြား
Published 18 July 2020
အောင်မင်းသိန်း

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေးကို သြဂုတ် ၁၂ ရက်မှ ၁၄ ရက်အထိ ကျင်းပရန် အလုပ်အဖွဲ့အစည်းအဝေးတွင် သဘောတူညီချက်ရရှိထားပြီး ရလဒ်ကောင်းများ ထွက်စေချင်သည့်အတွက် Social Distancing ဖြင့် လုပ်မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသည်။

ဇူလိုင် ၁၇ ရက်က နိုင်ငံတော်သမ္မတအိမ်တော်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ၂၁ ရာစုပင်လုံ အစည်းအဝေးကို ကျင်းပရန်အတွက် မည်သို့ဆောင်ရွက်မည်နည်းနှင့် မည်သို့သောပုံစံများဖြင့် ကျင်းပသွားမည်ကို သိလိုကြောင်း သတင်းထောက်တစ်ဦး၏ မေးမြန်းမှုကို ဦးဇော်ဌေးက အထက်ပါအတိုင်း ထည့်သွင်းဖြေကြားခဲ့ခြင်းဖြစ်သည်။

“ ကျွန်တော်တို့ မျှော်မှန်းတာကတော့ မူလအလုပ်အဖွဲ့အစည်းအဝေးမှာ သဘောတူထားတဲ့ သြဂုတ်လ ဒုတိယအပတ်၊ သြဂုတ် (၁၂၊ ၁၃၊ ၁၄) ဒီကာလမှာ လုပ်မယ်။ လုပ်ရင် ညီလာခံကို ကျွန်တော်တို့က ချုံ့ပြီးလုပ်ရတဲ့ သဘောပေါ့။ ဒါပေမဲ့ ရလဒ်ကောင်းလည်း ထွက်စေချင်တယ်ဆိုတော့ Social Distancing ကျွန်တော်တို့ လုပ်မယ်။ MICC-1 ရော၊ MICC-2 နှစ်ခုလုံးမှာ လုပ်မယ်။ ညီလာခံရယ်၊ UPDJC ၊ JICM အဲဒါတွေကိုတော့ MICC-1 မှာ လုပ်မယ်။ ဖွင့်ပွဲအခမ်းအနားတွေ၊ ကျွန်တော်တို့ Signing Ceremony တွေ MICC-2 မှာလုပ်မယ်” ဟု ဦးဇော်ဌေးက ပြောကြားသည်။

အစည်းအဝေး တက်ရောက်လာမည့် ကိုယ်စားလှယ်များအား COVID-19 အခြေအနေအရ တစ်ယောက်လျှင် အခန်းတစ်ခန်း ထားရမည်ဖြစ်ခြင်းကြောင့် နေပြည်တော်ရှိ ဟိုတယ်ရှစ်လုံးကို လျာထားပြီး EAO (တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့) များ တည်းခိုမည့်ဟိုတယ်၊ နိုင်ငံရေးပါတီများ တည်းခိုမည့် ဟိုတယ်၊ အစိုးရတည်းခိုမည့် ဟိုတယ်များ၊ အရန်ထားရှိမည့် ဟိုတယ်များကိုလည်း ပြင်ဆင်ထားပြီး သံတမန်များအတွက်လည်း ဟိုတယ်သုံးလုံး လျာထားကြောင်း ဦးဇော်ဌေးက ပြောကြားသည်။

အစိုးရနှင့် EAO အကြား ၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေးအား ယခုနှစ် ပထမလေးလအတွင်းကျင်းပရန် သဘောတူထားသော်လည်း COVID-19 ဖြစ်သွားသဖြင့် ရန်ကုန်တွင် ဧပြီလဆန်းပိုင်း၌ အစိုးရနှင့် EAO အဖွဲ့များ အလွတ်သဘောတွေ့ဆုံပြီး ဧပြီကုန်ပိုင်းအထိ စောင့်ကြည့်ပြီးနောက် Online စနစ်ဖြင့် ဆွေးနွေးလာခဲ့ကြောင်း၊ ထိုသို့ဆွေးနွေးလာသည့်အတွက် လက်ရှိတွင် JMC-U ကိုလည်း ကျင်းပနိုင်ပြီးဖြစ်ကြောင်း၊ အစိုးရနှင့် EAO အကြား ထပ်မံတွေ့ဆုံမှုကိုလည်း လာမည့် ဇူလိုင်၂၅ ရက်မှ ၂၇ ရက်ထိ ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဦးဇော်ဌေးက “ အဲအခါကျရင်တော့ ပြည်ထောင်စုသဘောတူစာချုပ် သဘောတူညီချက်တွေ ကျွန်တော်တို့ တော်တော်များများ သဘောတူညီနိုင်တဲ့အနေအထား ရောက်မယ်ပေါ့။ရောက်ပြီးရင် ညီလာခံကိုတော့ သြဂုတ်လ ဒုတိယအပတ်ဆိုပြီးတော့ ကျွန်တော်တို့က အလုပ်အဖွဲ့မှာ သဘောတူထားတယ်။ သြဂုတ်လ ၁၂၊  ၁၃၊ ၁၄ သုံးရက်ကျင်းပဖို့ဆိုပြီးတော့ ကျွန်တော်တို့ သဘောတူထားတယ်။ အဲဒီသဘောတူညီချက်ကို ကျွန်တော်တို့ သက်ဆိုင်ရာခေါင်းဆောင်တွေဆီ ပြန်တင်ပြပြီးတော့ အတည်ပြုမယ်လို့ ကျွန်တော်တို့ သဘောတူထားတယ်။ အဲအပေါ်မှာတော့ ကျွန်တော်တို့ အစိုးရနဲ့ လွှတ်တော် သဘောတူတယ်။ EAO ဘက်ကလည်း ပြီးခဲ့တဲ့ PPST အစည်းအဝေးပေါ့၊ ဇူလိုင်လ ၁၀ ရက်နေ့မှာ လုပ်တယ်။ အဲအစည်းအဝေးမှာလည်း သူတို့ ဒီအချိန်ဇယား လျာထားချက် သဘောတူတယ်ဆိုတာ ကျွန်တော်တို့အစိုးရကို တရားဝင်ပြန်ကြားလာပြီပေါ့” ဟု ပြောကြားသည်။

EAO ဘက်က ပြန်ကြားလာသည့်အတွက် သတ်မှတ်ထားသည့် အချိန်ဇယားအတိုင်း ရည်မှန်းချက်ထား၍ ဆောင်ရွက်နေကြောင်းနှင့် တစ်ချိန်တည်းတွင် နိုင်ငံရေးပါတီအစုအဖွဲ့ကို သုံးကြိမ်အထိ ရှင်းလင်းမှုများ လုပ်ရာတွင် ပါတီအများစု၏ သဘောထားသည်လည်း အပြုသဘောပြောဆိုကြကြောင်း ၎င်းက ဆိုသည်။

Most Read

Most Recent