NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ဒုတိယဥက္ကဋ္ဌ (၁) ဦးဝင်းမြင့် ပါတီစည်းရုံးရေးလုပ်ငန်းများနှင့် နယ်မြေစည်းရုံးရေးလုပ်ငန်းများ စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း NLD ပါတီ ကြေညာချက်ထုတ်ပြန်

NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ဒုတိယဥက္ကဋ္ဌ (၁) ဦးဝင်းမြင့် ပါတီစည်းရုံးရေးလုပ်ငန်းများနှင့် နယ်မြေစည်းရုံးရေးလုပ်ငန်းများ စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း NLD ပါတီ ကြေညာချက်ထုတ်ပြန်
ဇူလိုင် ၂ ရက်က ပြုလုပ်သည့် NLD ပါတီ CEC အစည်းအဝေးအပြီး ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာဇော်မြင့်မောင်က  သတင်းမီဒီယာများကို တွေ့ဆုံရှင်းလင်းနေစဉ်
ဇူလိုင် ၂ ရက်က ပြုလုပ်သည့် NLD ပါတီ CEC အစည်းအဝေးအပြီး ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာဇော်မြင့်မောင်က သတင်းမီဒီယာများကို တွေ့ဆုံရှင်းလင်းနေစဉ်
Published 2 July 2020
အောင်မင်းသိန်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် (နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်) နှင့် ဒုတိယဥက္ကဋ္ဌ (၁)ဦးဝင်းမြင့်(နိုင်ငံတော်သမ္မတ)တို့သည် ပါတီစည်းရုံးရေးလုပ်ငန်းများနှင့် နယ်မြေစည်းရုံးရေးလုပ်ငန်းများ စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း NLD ပါတီဗဟိုအလုပ်အမှု ဆောင်အဖွဲ့က ဇူလိုင် ၂ ရက်တွင် အထူးကြေညာချက်ထုတ်ပြန်သည်။

ဇူလိုင် ၂ ရက်က နေပြည်တော်ရှိ စည်ပင်ဧည့်ရိပ်သာ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုအလုပ်မှုဆောင်အဖွဲ့ (CEC) အစည်းအဝေးပြုလုပ်ခဲ့ပြီး အဆိုပါအစည်းအဝေးအပြီးတွင် အထူးကြေညာချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

“ဒီနေ့ အထူးကြေညာချက်ရဲ့ဟာက ရွေးကောက်ပွဲကော်မရှင်က ကြေညာချက်ထုတ်လိုက်ပြီ။ ရွေးကောက်ပွဲမဲဆန္ဒနယ်မြေတွေ သတ်မှတ်ပြီးသွားပြီ။ နောက်ပြီးတော့ ရွေးကောက်ပွဲနေ့ကိုလည်း ကြေညာပြီးသွားပြီ။ UEC က ကြေညာတဲ့နေ့ကစပြီး နောက်ရက်မှာ လက်ရှိ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်တွေ ဒုဝန်ကြီးတွေအားလုံး ကျွန်တော်တို့ စည်းရုံးရေးလုပ်နိုင်သွားပြီ။ အဲဒီတော့ ဒီဟာနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒုတိယဥက္ကဋ္ဌ(၁)သမ္မတကြီးဦးဝင်းမြင့်၊ NLD မှာတော့ ပါတီနဲ့ယှဉ်လိုက်တော့ ပါတီဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌ(၁)တို့ ပါတီစည်းရုံးရေးလုပ်ငန်းများကို လုပ်ကိုင်မည်ဖြစ်ပါကြောင်း ကျွန်တော်တို့ CEC ကနေ ကြေညာချက်ထုတ်ပေးလိုက်တယ်။ အဲဒါ အရင်အစိုးရလက်ထက်မှာလည်း၊ အရင်ပုဂ္ဂိုလ်များလည်း ဒီအတိုင်းပါပဲ” ဟု ပါတီပြောရေးဆိုခွင့်ရှိသူ ဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။

NLD ပါတီက ထုတ်ပြန်ခဲ့သည့် အထူးကြေညာချက်တွင် ပြည်ထောင်စုအစိုးရအဖွဲ့ဝင် တစ်ဦးဦးသည် တည်ဆဲပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၇(ခ)၊ ဒုတိယဝန်ကြီး တစ်ဦးဦးသည် တည်ဆဲပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၇ (ဃ)အရ နောင်လာမည့် အထွေထွေရွေးကောက်ပွဲ တစ်ရပ်ရပ်တွင် ပါဝင်ရွေးချယ်ခံမည့်သူဖြစ်ပါက နိုင်ငံသားတစ်ဦးအား ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၈၊ ပုဒ်မခွဲ(က)အရ ပေးအပ်ထားသော ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် မဆုံးရှုံးစေရန်အလို့ငှာ ရွေးကောက်ပွဲကျင်းပရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာသည့်နေ့မှစ၍ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၁၂၀ နှင့် ၁၂၁ များပါ ပြဋ္ဌာန်းချက်များနှင့်ကိုက်ညီလျှင် ရွေးကောက်ပွဲဆိုင်ရာ ပါတီစည်းရုံးရေးလုပ်ငန်းများ၊ နယ်မြေစည်းရုံးရေးလုပ်ငန်းများကို ဆောင်ရွက်ခွင့်ရှိသည်ဟု ပြဋ္ဌာန်းထားကြောင်း ဖော်ပြထားသည်။

သို့ဖြစ်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ဒုတိယဥက္ကဋ္ဌ(၁) ဦးဝင်းမြင့်တို့သည် ပါတီစည်းရုံးရေးလုပ်ငန်းများနှင့် နယ်မြေစည်းရုံး ရေးလုပ်ငန်းများကို ယနေ့မှစ၍ ဆောင်ရွက်မည်ဖြစ်ကြောင်း မိဘပြည်သူများနှင့် အဖွဲ့ချုပ် အဖွဲ့ဝင်များအား အသိပေးကြေညာအပ်ပါသည်ဟု NLD ပါတီ၏ အထူးကြေညာချက်တွင် ဖော်ပြပါရှိသည်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်၌ ကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော် မရှင်က ဇူလိုင် ၁ ရက်တွင် ကြေညာသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ကြေညာချက်တွင် ပြည်ထောင်စုအစိုးရ အဖွဲ့ဝင်တစ်ဦးဦး၊ ဒုတိယဝန်ကြီးတစ်ဦးဦး၊ ပြည်ထောင်စုတရားသူကြီးချုပ်၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေ ခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်ထောင်စုရှေ့နေချုပ်နှင့် ဒုတိယရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် ဒုတိယစာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များတွင် နိုဝင်ဘာ ၈ ရက် အထွေထွေရွေးကောက်ပွဲ၌ ပါဝင်ရွေးချယ်ခံမည့်သူဖြစ်ပါက ရွေးကောက်ပွဲဆိုင်ရာ ပါတီစည်းရုံးရေးလုပ်ငန်းများ၊ နယ်မြေစည်းရုံးရေးလုပ်ငန်းများကို ဆောင်ရွက်ခွင့်ရှိကြောင်း ဖော်ပြခဲ့ခြင်းဖြစ်သည်။

အလားတူ လွှတ်တော်အသီးသီးအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းများ အမည်စာရင်းတင်သွင်းခြင်း၊ ရုပ်သိမ်းခြင်း၊ စိစစ်ခြင်းတို့နှင့်ပတ်သက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ ၁၆ ပါ လုပ်ပိုင်ခွင့်များကို ကျင့်သုံးလျက်လွှတ်တော်အသီးသီး မဲဆန္ဒနယ်များအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း စတင်တင်သွင်းနိုင်သည့်ရက်ကို ၂၀၂၀ ပြည့်နှစ် ဇူလိုင်၂၀ ရက်တွင်လည်းကောင်း၊ လွှတ်တော်အသီးသီး၏ မဲဆန္ဒနယ်များအတွက်  လွှတ်တော်ကိုယ်စားလှယ် အမည်စာရင်းတင်သွင်းနိုင်သည့် နောက်ဆုံးရက်ကို  သြဂုတ်  ၇ ရက်တွင်လည်းကောင်း၊ လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းလွှာများကို ရုပ်သိမ်းလိုပါက ရုပ်သိမ်းနိုင်သည့် နောက်ဆုံးရက်ကို  သြဂုတ် ၁၀ ရက်နှင့် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းလွှာများ စိစစ်မည့်ရက်ကို  သြဂုတ် ၁၁ ရက် မှ ၁၇ ရက်အထိလည်းကောင်း သတ်မှတ်ကော်မရှင်၏ ကြေညာချက်တွင် ဖော်ပြထားသည်။                  

Most Read

Most Recent