ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ ရာစု ပင်လုံကျင်းပရေး ဗဟိုကော်မတီ အစည်းအဝေးကျင်းပခဲ့ပြီး ၂၁ ရာစုပင်လုံ အကျဉ်းချုံးသာလုပ်နိုင်သည့် အခြေအနေရှိဟု ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ ပြောကြား

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ ရာစု ပင်လုံကျင်းပရေး ဗဟိုကော်မတီ အစည်းအဝေးကျင်းပခဲ့ပြီး ၂၁ ရာစုပင်လုံ အကျဉ်းချုံးသာလုပ်နိုင်သည့် အခြေအနေရှိဟု ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ ပြောကြား
  ဇွန် ၃၀ ရက်က ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -၂၁ ရာစုပင်လုံ ကျင်းပရေးဗဟိုကော်မတီအစည်းအဝေး ကျင်းပစဉ်
ဇွန် ၃၀ ရက်က ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -၂၁ ရာစုပင်လုံ ကျင်းပရေးဗဟိုကော်မတီအစည်းအဝေး ကျင်းပစဉ်
Published 1 July 2020
မင်းနိုင်စိုး

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -၂၁ ရာစု ပင်လုံကျင်းပရေးဗဟိုကော်မတီ အစည်းအဝေးကို ဇွန် ၃၀ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာနတွင် ကျင်းပခဲ့ပြီး ၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေးကို အကျဉ်းချုံးသာ လုပ်နိုင်သည့်အခြေအနေရှိကြောင်း ၂၁ ရာစု ပင်လုံကျင်းပရေး ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ပြောကြားသည်။

ငြိမ်းချမ်းရေးခရီးစဉ်သည် အရေးကြီးသည့်အတွက် COVID-19 ရောဂါကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်နိုင်သည့် အခြေအနေတွင် New Normal ဟုခေါ်သည့် ပုံစံဖြင့် ၂၁ ရာစုပင်လုံကို ကျင်းပရန် စီစဉ်ရခြင်းဖြစ်ကြောင်း၊ ကမ္ဘာ့ကုလသမဂ္ဂတွင် နှစ်စဉ်အထွေထွေညီလာခံ ကျင်းပကြောင်း၊ ယခုနှစ် အထွေထွေညီလာခံကို ပုံစံသစ်ဖြင့် ကျင်းပရန် စီစဉ်ထားကြောင်း၊ အထွေထွေညီလာခံ၏ General Debate တွင် ပုံမှန်တက်ရောက်နေကျ နိုင်ငံအကြီးအကဲ၊ အစိုးရအဖွဲ့အကြီးအကဲများ မတက်ရောက်ဘဲ Video Conferencing ဖြင့် ပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် ယင်းအချက်ကို ကြည့်၍ မိမိတို့အနေဖြင့် ၂၁ ရာစုပင်လုံကို ကျင်းပသည့် အခါတွင် အကျဉ်းချုံးကိုသာ လုပ်နိုင်သည့် အခြေအနေရှိသည်ဟု သုံးသပ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်ဟု NRPC က သတင်းထုတ်ပြန်သည်။

အဆိုပါ အအစည်းအဝေးသို့ ၂၁ ရာစု ပင်လုံကျင်းပရေး ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ဗဟိုကော်မတီဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဦးကျော်တင်၊ ဒေါက်တာဖေမြင့်၊ ဦးသန့်စင်မောင်၊ ဒေါက်တာမြင့်ထွေးနှင့် ဦးအုန်းမောင်၊ ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ ဒုတိယဝန်ကြီး ဦးခင်မောင်တင်နှင့် ဦးမောင်မောင်ဝင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦး၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း NRPC က သတင်းထုတ်ပြန်သည်။

COVID-19 ရောဂါသည် တစ်ကမ္ဘာလုံးကို ထိခိုက်စေသည့်ကိစ္စဖြစ်ကြောင်း၊ သတိထားရမည့်ကိစ္စမှာ လက်ရှိရပ်တည်ထားသည့် ထိန်းသိမ်းမှုကို ဆက်လက်ထိန်းသိမ်းရန်ဖြစ်ပြီး COVID-19 ရောဂါသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုလည်း နှောင့်နှေးမှုဖြစ်စေခဲ့ကြောင်း ပြည်ထောင်စုဝန် ဦးကျော်တင့်ဆွေက ပြောကြားသည်။

ငြိမ်းချမ်းရေးခရီးစဉ်သည် လွယ်ကူသည့် ခရီးစဉ်မဟုတ်ကြောင်း၊ COVID-19 ရောဂါဖြစ်ပွားမှုမတိုင်မီကပင် ငြိမ်းချမ်းရေးခရီးစဉ်၏ ရှေ့ဆက်သွားရမည့် နည်းလမ်းများကို အစိုးရ၊ တပ်မတော်၊ နိုင်ငံရေးပါတီများနှင့် EAO များ အမြဲမပြတ် ဆွေးနွေးခဲ့ကြောင်း၊ အစောပိုင်းတွင် ဆွေးနွေညှိနှိုင်းမှုများ ကြန့်ကြာသော်လည်း တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး JICM ခေါ်ယူနိုင်ပြီးနောက်တွင် တိုးတက်မှုများ ရရှိခဲ့ကြောင်းနှင့် COVID-19 ရောဂါ မဖြစ်ပွားခဲ့ပါက ၂၁ ရာစုပင်လုံကို သုံးလခန့်စော၍ ကျင်းပနိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။

ညီလာခံသို့ ယခင်က ကိုယ်စားလှယ် ၇၀၀ ခန့်တက်ရောက်ကြောင်း၊ ယခုအခါ ယခင်ကိုယ်စားလှယ်အရေအတွက်၏ သုံးပုံတစ်ပုံခန့်ဖြင့်ကျင်းပရန် အဖြေထွက်ကြောင်း၊ ယင်းအဖြေအပေါ် မူတည်၍ EAO များနှင့် ညှိနှိုင်းသည့်အခါတွင် EAO များကလည်း ငြိမ်းချမ်းရေးညီလာခံသည် မဖြစ်မနေ ကျင်းပသင့်ကြောင်း၊ ထို့ကြောင့် COVID-19 အခြေအနေပေါ်မူတည်၍ ပြုပြင်ပြောင်းလဲမှုလုပ်ထားသည့် ပုံစံသစ်ဖြင့် ဆောင်ရွက်ရန်ကိုလည်း သဘောတူကြောင်း၊ ယခုကဲ့သို့ ဆောင်ရွက်ခြင်းသည် ချက်ချင်းထွက်ပေါ်လာသည့် အခြေအနေမဟုတ်ဘဲ Working Plan အဖွဲ့တွင် ဆက်တိုက်ညှိနှိုင်းရသည်များ ရှိကြောင်း၊ ညှိနှိုင်းချက်များအပေါ်မူတည်၍ ၂၁ ရာစုပင် လုံကိုကျင်းပရန် စီစဉ်နေခြင်းဖြစ်ကြောင်းနှင့် ၂၁ ရာစုပင်လုံ အောင်မြင်ရေးအတွက် ၀ိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် ပြည်ထောင်စုဝန်ကြီးက တိုက်တွန်းခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ဖိတ်ကြားရေးလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်က ကြိုဆိုနေရာချထားရေး၊ တည်းခိုနေထိုင်ရေးလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များနှင့် ခန်းမအတွင်း နေရာချထားရေး လုပ်ငန်းဆိုင်ရာကိစ္စရပ်များ စပ်လျဉ်း၍လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်က လုံခြုံရေးလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များ စပ်လဉ်း၍လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့် တာဝန်ရှိသူများက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များ စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းတင်ပြခဲ့ကြသည်။

၂၁ ရာစုပင်လုံကျင်းပရေး ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ငြိမ်းချမ်းရေးကိစ္စသည် အရေးကြီးသည့်အတွက် COVID-19 ကာလတွင် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ခေါင်းဆောင်များ၊ ကိုယ်စားလှယ်များနှင့် တက်ရောက်လာကြသူအားလုံး၏ ကျန်းမာရေးအတွက် COVID-19 ဆိုင်ရာ ညွှန်ကြားချက်များနှင့် လမ်းညွှန်ချက်များကို အပြည့်အဝကျင့်သုံးလိုက်နာရန် တိုက်တွန်းပြောကြားခဲ့သည်။

 

Most Read

Most Recent