အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံ ကမ်းခြေများသို့ရောက်ရှိခဲ့ကြသည့် လှေစီးဒုက္ခသည်များမှာ ကော့ခ်ဆက်ဘဇားစခန်းများမှ ဖြစ်သည်ဟု UNHCR က အတည်ပြုထားသည့်အပြင် ၎င်းတို့သည် UNHCR ကတ် ကိုင်ဆောင်ထားကြသည့်အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ထွက်ခွာလာသည်မှာထင်ရှားကြောင်း ပြည်ထောင်စုဝန်ကြီး တုံ့ပြန်

အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံ ကမ်းခြေများသို့ရောက်ရှိခဲ့ကြသည့် လှေစီးဒုက္ခသည်များမှာ ကော့ခ်ဆက်ဘဇားစခန်းများမှ ဖြစ်သည်ဟု UNHCR က အတည်ပြုထားသည့်အပြင် ၎င်းတို့သည် UNHCR ကတ် ကိုင်ဆောင်ထားကြသည့်အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ထွက်ခွာလာသည်မှာထင်ရှားကြောင်း ပြည်ထောင်စုဝန်ကြီး တုံ့ပြန်
Published 1 July 2020

အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံ ကမ်းခြေများသို့ ရောက်ရှိခဲ့ကြသည့် လှေစီးဒုက္ခသည်များမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ခ်ဆက်ဘဇားစခန်းများမှဖြစ်သည်ဟု UNHCR က အတည်ပြုထားသည့်အပြင် ၎င်းတို့သည် UNHCR ကတ်ကိုင်ဆောင်ထားကြသည့်အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ထွက်ခွာလာသည်မှာ ထင်ရှားကြောင်း ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က တုံ့ပြန်ပြောကြားသည်။

၂၀၂၀ ပြည့်နှစ် ဇွန် ၃၀ ရက်တွင် Video Conferencing စနစ်ဖြင့် ကျင်းပသည့် အာဆီယံ- သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးများ၏ COVID-19 ကူးစက်ရောဂါဆိုင်ရာ အစည်းအဝေး၌ ဇွန် ၂၄ ရက်က အင်ဒိုနီးရှား ရေပြင်သို့ လှေစီးဒုက္ခသည် ၉၉ ဦး ဝင်ရောက်လာခဲ့ခြင်းပတ်သက်၍  အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ယင်းလှေစီးဒုက္ခသည်များသည် UNHCR ကတ်ကိုင်ဆောင်ထားကြကြောင်း၊ ၎င်းတို့အား လူသားချင်း စာနာထောက်ထားသည့်မူဖြင့် လက်ခံထားကြောင်း၊ နိုင်ငံဖြတ်ကျော်မှုခင်းများကို တိုက်ဖျက်ရေး၊ နေရပ်စွန့်ခွာသူများ ဆန္ဒအလျောက် ဘေးကင်းစွာဖြင့် ဂုဏ်သိက္ခာရှိရှိ ၎င်းတို့ နေရပ်နိုင်ငံသို့ပြန်နိုင်ရေးနှင့် ရခိုင်ပြည်နယ်၌ သင့်လျော်သည့် ပတ်ဝန်းကျင်ကောင်း ဖန်တီးပေးရေးတို့အတွက် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရန်မှာ မိမိတို့၏ ဦးစားပေးလုပ်ငန်းတစ်ရပ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါဆွေးနွေးချက်နှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးက လှေစီးဒုက္ခသည်များ၏ အခြေအနေကို မြန်မာနိုင်ငံအနေဖြင့်လည်း စိုးရိမ်ပူပန်ကြောင်း၊ အင်ဒိုနီးရှားနိုင်ငံနှင့် မလေးရှားနိုင်ငံကမ်းခြေများသို့ ရောက်ရှိခဲ့ကြသည့် လှေစီးဒုက္ခသည်များသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ခ်ဆက်ဘဇားစခန်းများမှ ဖြစ်သည်ဟု UNHCR က အတည်ပြုထားကြောင်း၊ ၎င်းတို့သည် UNHCR ကတ် ကိုင်ဆောင်ထားကြသည့်အချက်ကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ထွက်ခွာလာသည်မှာ ထင်ရှားကြောင်းဖြင့် ပြောကြားခဲ့သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဇူလိုင် ၁ ရက် သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် လှေစီးဒုက္ခသည်များအရေးကို လူကုန်ကူးမှုနှင့် နိုင်ငံဖြတ်ကျော်မှုခင်းအရေး ကိစ္စအောက်မှ ခြုံငုံရှုမြင်သင့်ကြောင်း၊ ဒေသတွင်း၌ လူကုန်ကူးမှုလှုပ်ရှားမှုများ ကျယ်ပြန့်စွာရှိနေပြီး ကော့ခ်ဆက်ဘဇားရှိ နေရပ်စွန့်ခွာသူများအား ပစ်မှတ်ထားနေကြသည်ကို အစီရင်ခံစာများအရ သိရှိရကြောင်းနှင့် လှေစီးဒုက္ခသည်များအရေး၏ မူလဇာစ်မြစ်အကြောင်းရင်းဖြစ်သည့် လူကုန်ကူးမှုပြဿနာကို ဖြေရှင်းရန်လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

ထို့နောက် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများအား ပြန်လည်ခေါ်ဆောင်ရေးလုပ်ငန်းစဉ်ကို အပြီးသတ်ဆောင်ရွက်နိုင်သည့်တိုင် လူကုန်ကူးမှုပြဿနာကို ဖြေရှင်းနိုင်ခြင်းမရှိပါက လှေစီးဒုက္ခသည်များ ပြဿနာသည် ဆက်လက်ကြုံတွေ့နေရဦးမည်ဖြစ်ကြောင်းနှင့် ပြဿနာ၏မူလဇစ်မြစ်အကြောင်းရင်းဖြစ်သော ဒေသတွင်းလူကုန်ကူးမှုကို ပူးပေါင်းတိုက်ဖျက် ဖြေရှင်းနိုင်မှသာ လှေစီးဒုက္ခသည်များအရေးကို ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

Most Read

Most Recent