ရခိုင်ပြည်နယ်ရှိ မဲဆန္ဒနယ်အားလုံး၌ ရွေးကောက်ပွဲကျင်းပမည့် UEC ၏ ကြေညာချက်အပေါ် ကြိုဆိုသော်လည်း နောက်ပိုင်းတွင် မဲဆန္ဒနယ်များ ပြန်လည်ဖျက်သိမ်းမည်ကို စိုးရိမ်ကြောင်း ရခိုင်အမျိုးသားပါတီဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ပြောကြား

ရခိုင်ပြည်နယ်ရှိ မဲဆန္ဒနယ်အားလုံး၌ ရွေးကောက်ပွဲကျင်းပမည့် UEC ၏ ကြေညာချက်အပေါ် ကြိုဆိုသော်လည်း နောက်ပိုင်းတွင် မဲဆန္ဒနယ်များ ပြန်လည်ဖျက်သိမ်းမည်ကို စိုးရိမ်ကြောင်း ရခိုင်အမျိုးသားပါတီဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ပြောကြား
ရခိုင်ပြည်နယ် ကျောက်တန်းနယ်မြေအတွင်း စစ်ဆင်ရေး ပြုလုပ်မည်ဆိုသည့် သတင်းကြောင့် ဒေသခံများအနေဖြင့် ဇွန် ၂၇ ရက်က စစ်တွေမြို့သို့ ရောက်ရှိလာစဉ်
ရခိုင်ပြည်နယ် ကျောက်တန်းနယ်မြေအတွင်း စစ်ဆင်ရေး ပြုလုပ်မည်ဆိုသည့် သတင်းကြောင့် ဒေသခံများအနေဖြင့် ဇွန် ၂၇ ရက်က စစ်တွေမြို့သို့ ရောက်ရှိလာစဉ်
Published 1 July 2020
ပြည့်ဖြိုးအောင်

ရခိုင်ပြည်နယ်ရှိ  မဲဆန္ဒနယ်အားလုံးတွင် ရွေးကောက်ပွဲကျင်းပမည့် UEC ၏ ကြေညာချက်အပေါ် ကြိုဆိုသော်လည်း နောက်ပိုင်းတွင် မဲဆန္ဒနယ်များ ပြန်လည်ဖျက်သိမ်းမည်ကို စိုးရိမ်ကြောင်း ရခိုင်အမျိုးသားပါတီဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ဇွန် ၃၀ ရက်တွင် The Daily Eleven သတင်းစာသို့ ပြောကြားသည်။

ရွေးကောက်ပွဲကော်မရှင်၏ ရခိုင်ပြည်နယ်၏ မဲဆန္ဒနယ်အားလုံးတွင် ရွေးကောက်ပွဲကျင်းပမည့် စေတနာဆန္ဒကို အသိအမှတ်ပြုကြောင်း၊ ရွေးကောက်ပွဲ ကျင်းပရန်နီးကပ်ချိန်တွင် မဲဆန္ဒနယ် အခက်အခဲရှိပါက ပြန်လည်ရုပ်သိမ်းမှုများလည်း ကြုံလာနိုင်ကြောင်းကို မျှော်လင့်ထားကြောင်း၊ လွှတ်တော်နိုင်ငံရေး လမ်းကြောင်းတစ်ခုတွင် တရားဝင်ရပ်တည်ထားသည့် ပါတီတစ်ခုအနေဖြင့် ပါဝင်ယှဉ်ပြိုင်ရန် အရေးကြီးကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ပြောကြားသည်။

“ကျွန်တော်တို့ ပြည်နယ်မှာဖြစ်ပေါ်နေတဲ့ စစ်မက်တွေရဲ့ ဆိုးကျိုးတွေ၊ အကျိုးဆက်တွေကို အချိန်နဲ့တစ်ပြေးညီ ပြည်သူ့လူထုကို တင်ပြဖို့၊ အစိုးရကိုတင်ပြဖို့ လွှတ်တော်မှာ အသံကိုဖော်ထုတ်ဖို့ ကျွန်တော်တို့အတွက် အလွန်တရာ အရေးကြီးပါတယ်။ အင်တာနက်တွေ ဖြတ်ထားတာကြောင့် ရခိုင်ပြည်နယ်မှာ သတင်းလွတ်လပ်ခွင့်၊ သတင်းအမှောင်ချချိန်မှာ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေ ပြောဆိုချက်တွေ သတင်းမီဒီယာနဲ့ ဆက်သွယ်ပြောကြားချက်တွေဟာ အတော်ကို အရေးကြီးပါတယ်။ ရွေးကောက်ပွဲ မကျင်းပနိုင်ဘူးဆိုရင် ပြည်သူ့ကိုယ်စားလှယ်တွေရဲ့ အသံ၊ လွှတ်တော်ရဲ့အသံဟာ ပျောက်သွားနိုင်တယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ တရားဝင်ရပ်တည်ထားတဲ့ ပါတီတစ်ခုအတွက် တော်တော်ကို အရေးကြီးတယ်။ ပြည်သူတွေ အတွက်လည်း အရေးကြီးတယ်။ UEC ရဲ့ လောလောဆယ် ထုတ်ပြန်ချက်ကို ကျွန်တော်အနေနဲ့ ဝမ်းသာပါတယ်။ ကြိုလည်းကြိုဆိုပါတယ်။ နောက်ပိုင်းမှာ ဒီအတိုင်းပဲ မဲဆန္ဒနယ်အကုန်လုံးကို ကျင်းပဖို့၊ မကျင်းပဖို့၊ ဖျက်သိမ်းတာမျိုးတွေ ဖြစ်မလာဖို့ အဲဒါတွေကိုလည်း ပူပန်စိုးရိမ်စိတ်တော့ ရှိပါတယ်” ဟု  လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ပြောကြားသည်။

ထို့ပြင် ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရွေးကောက်ပွဲကို တရားမျှတစွာ ကျင်းပပေးရန် တာဝန်သာရှိပြီး အစိုးရ၏ မည်သည့်နေရာတွင် ကျင်းပနိုင်မည်၊ မကျင်းပနိုင်မည် သုံးသပ်ချက်အပေါ်တွင် ရွေးကောက်ပွဲကော်မရှင်က လုပ်ပေးနိုင်သည်ကို ယူဆကြောင်း ဦးဖေသန်းက ပြောကြားသည်။

“နောင်တစ်ချိန်မှာ အစိုးရဘက်က တစ်ခုခုနဲ့ အကျပ်အတည်း အခက်အခဲရှိမယ် ဒါမှမဟုတ် တရားမျှတတဲ့ ရွေးကောက်ပွဲ မလုပ်နိုင်ဘူးလို့ ထင်ရင်တော့ လက်ရှိကြေညာထားတဲ့ မြို့နယ်တွေကိုလည်း ဘယ်မြို့နယ်ကိုမဆို သူတို့က ကော်မရှင်ကို ရုပ်သိမ်းခိုင်းနိုင်တဲ့ လုပ်ပိုင်ခွင့်တွေရှိပါတယ်။ ကိုယ့်ဒေသမှာ တိုက်ပွဲတွေရဲ့ အခြေအနေတွေ ဆက်စပ်နေတာပေါ့။ တကယ်လို့ တိုက်ပွဲတွေက ပြင်းထန်လာမယ်။ ဒေသတစ်ခုလုံး မတည်မငြိမ်ဖြစ်နေမယ်ဆိုရင်တော့ အစိုးရက သူတို့ကြေညာထားတဲ့ မဲဆန္ဒနယ်ကို ပြန်ပြီးတော့ ရုပ်သိမ်းကောင်း ရုပ်သိမ်းနိုင်တာပေါ့။ ကျွန်တော်တို့ကတော့ အမြဲတမ်း ငြိမ်းချမ်းရေး ဆွေးနွေးကြပါ။ ပြည်သူတွေ မနစ်နာအောင် လုပ်ကြပါ။ ကျွန်တော်တို့ ရွေးကောက်ပွဲဝင်နိုင်ဖို့ထက် ဒေသမှာ ငြိမ်းချမ်းချင်တယ်။ တည်တံ့စေတဲ့ ငြိမ်းချမ်းရေးကို ရေရှည်ဖြစ်စေချင်တဲ့ဆန္ဒနဲ့ မီဒီယာကတစ်ဆင့် လွှတ်တော်မှာ တိုက်တွန်းနေပါတယ်။ လက်ရှိမှာတော့ တိုက်ပွဲဆိုတာ ကျွန်တော်ဆုံးဖြတ်လို့မရပါဘူး။ သူတို့နှစ်ဖွဲ့က ဆုံးဖြတ်လို့ရမယ်။ ညှိနှိုင်းလို့ရမယ်။ အဲဒီအပေါ်မှာပဲ ရွေးကောက်ပွဲကျင်းပ ဖြစ် မဖြစ်၊ မဲဆန္ဒနယ်ကို အချိန်မရွေးရုပ်သိမ်းတယ်ဆိုတာကို ဖြစ် မဖြစ်၊ အဲဒါမျိုးတော့ မဖြစ်လာဖူးလို့ ထင်ပါတယ်” ဟု ဦးဖေသန်းက ပြောကြားသည်။

လက်ရှိတွင် ရခိုင်အမျိုးသားပါတီ (ANP) အနေဖြင့် မြို့နယ်များတွင် ကိုယ်စားလှယ်စိစစ်ရေး ကော်မတီများဖွဲ့၍ ရွေးချယ်ရန် တာဝန်ပေးထားကြောင်း၊ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းအပြင် နိုင်မည်ဟုထင်သော နေရာများတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ထားကြောင်း ဦးဖေသန်းက ပြောကြားသည်။

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်၊ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်၊ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်များကို သတ်မှတ်ကြေညာသည့် ထုတ်ပြန်ချက်ကို ဇွန် ၂၉ ရက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က သတင်းထုတ်ပြန်ခဲ့သည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) ကြားတိုက်ပွဲဖြစ်ပွားလျက်ရှိသော်လည်း ဇွန် ၂၉ ရက်က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ရွေးကောက်ပွဲကျင်းပမည့် မဲဆန္ဒနယ်များ ကြေညာချက်အရ ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၇ မြို့နယ်စလုံးတွင် ရွေးကောက်ပွဲကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

 

Most Read

Most Recent