NLD ပါတီအနေဖြင့် ကိုယ်စားလှယ်လောင်း ရွေးချယ်ရာတွင် လူအရ ရွေးချယ်မည် မဟုတ်ဘဲ ဗဟိုမှ အဆင့်သုံးဆင့်ဖြင့် မူအရရွေးချယ်မည်

NLD ပါတီအနေဖြင့် ကိုယ်စားလှယ်လောင်း ရွေးချယ်ရာတွင် လူအရ ရွေးချယ်မည် မဟုတ်ဘဲ ဗဟိုမှ အဆင့်သုံးဆင့်ဖြင့် မူအရရွေးချယ်မည်
Published 1 July 2020
မင်းသန့်

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) အနေဖြင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် ကိုယ်စားလှယ်လောင်း ရွေးချယ်ရာတွင် လူအရရွေးချယ်မည် မဟုတ်ဘဲ ဗဟိုမှအဆင့်သုံးဆင့်ဖြင့် မူအရရွေးချယ်မည်ဖြစ်ကြောင်း NLD ပါတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။

ဇွန် ၂၆ ရက်က မန္တလေးတောင်ခြေ ရွှေမန်းတောင် အားကစားကွင်းတွင် ကျင်းပခဲ့သည့် ၃၃ နှစ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အခမ်းအနား၌ NLD ပါတီ၏ ကိုယ်စားလှယ်လောင်းရွေးချယ်မှုနှင့်ပတ်သက်၍ မီဒီယာများ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာတွင် ၎င်းကအထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် ပါတီအနေဖြင့် ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုများ ပြုလုပ်ရာ၌ ကိုယ်စားလှယ်လောင်းများ ရွေးချယ်ရာတွင် မျှတမှုနှင့် ဘက်လိုက်မှုကင်းစေရန် ဆောင်ရွက်လျက်ရှိသော်လည်း ဘက်လိုက်မှုနှင့် တိုင်ကြားမှုများ ရှိနေသည့်အပေါ် ၎င်းကမှတ်ချက်ပြုခဲ့ခြင်း ဖြစ်သည်။

“မျှမျှတတ ရွေးချယ်မှုဖြစ်စေချင်လို့ ဘက်လိုက်မှုကင်းတဲ့ ရွေးချယ်မှုဖြစ်အောင်ဆိုပြီး ရပ်မိရပ်ဖ၊ မြို့မိမြို့ဖဆိုပြီး ထည့်လိုက်တယ်။ ဒါကို တချို့ကလည်း အခွင့်ကောင်းယူ သွားတာပေါ့။ ဘက်လိုက်ရွေးတာလေးတွေ ရှိတယ်။ ဒါပေမဲ့ ကျွန်တော်တို့ လုပ်နေပါတယ်။ အဆင့်သုံးဆင့်နဲ့ မူအရပဲရွေးမယ် လူအရတော့ ရွေးမှာမဟုတ်ဘူး”ဟု ဒေါက်တာ ဇော်မြင့်မောင်က ပြောကြားသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် NLD ပါတီအနေဖြင့် အနိုင်ရရန် အဓိကဖြစ်သည့်အတွက် ဗဟိုကရွေးချယ်လိုက်သည့် ကိုယ်စားလှယ်လောင်းများသာ အတည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများတွင် အရည်အသွေး၊ ပြည်သူများ၏ ယုံကြည်မှုနှင့် တတ်သိပညာရှင်များ၊ အမျိုးသမီးများ၊ လူငယ်များ ပါဝင်ရမည်ဖြစ်ကြောင်းနှင့် ဗဟို၏ ရွေးချယ်မှုအပေါ် ကိုယ်စားလှယ်လောင်များအနေဖြင့် စိတ်ကောက်နေ၍ မရကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

“ဗဟိုကရွေးလိုက်တဲ့ ကိုယ်စားလှယ်က အတည်ဖြစ်တယ်။ ဗဟိုက မျက်နှာလိုက်စရာ မရှိဘူး။ ဗဟိုရဲ့ရည်မှန်းချက်က ၂၀၂၀ ရွေးကောက်ပွဲမှာနိုင်ဖို့ အဓိက။ တရားသဖြင့် ပြိုင်မယ်။ တရားသဖြင့် နိုင်ရမယ်။

အဲဒီလို ပြိုင်တဲ့အခါမှာ ဝင်ပြိုင်မယ့်သူက အရည်အသွေးရှိရမယ်။ ပြည်သူလူထု ယုံကြည်တဲ့သူ ဖြစ်ရမယ်။ တတ်သိပညာရှင်တွေလည်း ပါရမယ်။ အမျိုးသမီးလည်း ပါရမယ်။ လူငယ်လည်း ပါရမယ်။ ဗဟိုက အကောင်းဆုံးထင်ပြီး ရွေးတဲ့ဟာကို ပါတီဝင်တွေ စိတ်ကောက်နေလို့ မရဘူး” ဟု ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။

ထို့ပြင် ဗဟိုမှ ရွေးချယ်ပေးလိုက်သည့် ကိုယ်စားလှယ်လောင်းများကို အောက်ခြေရှိ မြို့နယ်၊ ရပ်ကျေးတို့က လိုလိုလားလား လက်သင့်ခံသင့်ကြောင်းနှင့် အဆိုပါကိစ္စမှာ တိုင်းပြည်နှင့် နိုင်ငံအတွက်ဖြစ်သည့်အတွက် စိတ်ဝမ်းမကွဲလျှင် အနိုင်ရရှိမည်ဖြစ်ကြောင်း ၎င်းကပြောကြားသည်။ 

“နိုင်ကိုနိုင်မှ ဖြစ်မယ်။ မနိုင်လို့ မရဘူး။ နိုင်ဖို့ဆိုရင် ပြည်ထောင်စုအဆင့်မှာကို နိုင်ရမယ်။ ပြည်ထောင်စုမှာရှိတဲ့ လွှတ်တော်ကိုယ်စားလှယ် ၃၃၃ ယောက်နိုင်ဖို့ အရေးကြီးတယ်။ အဲဒီအတွက် အကောင်းဆုံးပြင်ဆင်ပြီးတော့ ချပေးလိုက်တဲ့ ကိုယ်စားလှယ်လောင်းကို အောက်ခြေမှာရှိတဲ့ မြို့နယ်၊ ရပ်ကျေးက လူတွေအားလုံးက လိုလိုချင်ချင်နဲ့ လက်သင့်ခံရမယ်။ ဒါတိုင်းပြည်အတွက် နိုင်ငံအတွက် ဖြစ်တဲ့အတွက် မေးခွန်းမထုတ်နဲ့၊ ဆန္ဒမပြနဲ့၊ စိတ်ဝမ်းမကွဲနဲ့၊ ဒါဆိုရင် နိုင်မှာပဲ” ဟု ဒေါက်တာဇော်မြင့်မောင်က ဆိုသည်။

 

Most Read

Most Recent