ကျောက်မဲမြို့နယ်တွင် တပ်မတော်နှင့် RCSS သုံးရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသခံ ၅၀၀ ကျော် ထွက်ပြေးတိမ်းရှောင်

ကျောက်မဲမြို့နယ်တွင် တပ်မတော်နှင့် RCSS သုံးရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသခံ ၅၀၀ ကျော် ထွက်ပြေးတိမ်းရှောင်
Published 29 June 2020
မင်းနိုင်စိုး၊ စည်သာ

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့နယ်တွင် တပ်မတော်နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တို့ ဇွန် ၂၇ ရက်မှ ၂၉ ရက်အထိ သုံးရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး အဆိုပါ တိုက်ပွဲများကြောင့် တိုက်ပွဲဖြစ်ပွားရာအနီးရှိ ဒေသခံများမှာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်မှုများ ရှိနေကြောင်း RCSS ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး စိုင်းအုမ်ခေးက ပြောကြားသည်။

ကျောက်မဲမြို့နယ်တွင် တပ်မတော်နှင့် RCSS တို့အကြား ဇွန် ၂၅ ရက်မှ ၂၉ ရက်အထိ ငါးရက်အတွင်းတွင် လေးရက်အထိ တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်းလည်း RCSS ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး စိုင်းအုမ်ခေးက ပြောကြားသည်။

“၂၅ ရက်နေ့တုန်းက တစ်ခါရယ်၊ ၂၇ ရက်နေ့တုန်းက တစ်ခါ၊ ၂၈ ရက်နေ့တုန်းက သုံးခါ၊ ဒီနေ့ ၂၉ ရက်နေ့ တစ်ခါ တိုက်ပွဲတွေ အဲဒီလိုဖြစ်တယ်ပေါ့နော်။ ကွက်ကြား၊ ကွက်ကြားပေါ့နော်”ဟု ဒုတိယဗိုလ်မှူးကြီး စိုင်းအုမ်ခေးက ပြောကြားသည်။

ကျောက်မဲမြို့နယ်အတွင်း ဇွန် ၂၆ ရက်တွင် ကမ္ဘာ့မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အနေဖြင့် RCSS အဖွဲ့က ၎င်းတို့ ဖမ်းဆီးရမိထားသော မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးခြင်း အခမ်းအနား ပြုလုပ်မည်ဖြစ်ပြီး အဆိုပါ အခမ်းအနားသို့ RCSS တပ်ဖွဲ့ဝင်များ လာရောက် လုံခြုံရေး ဆောင်ရွက်မည်ဖြစ်သဖြင့် တပ်မတော်စစ်ကြောင်းများ ကြိုတင်ရှောင်ရှားနိုင်ပါရန် RCSS ကျောက်မဲဆက်ဆံရေးရုံး တာဝန်ခံက သက်ဆိုင်ရာ တပ်မတော်ထံ ဇွန် ၂၄ ရက်တွင် အကြောင်းကြားခဲ့ကြောင်း သိရသည်။

ထိုသို့ ကြိုတင်အကြောင်းကြားထားသော်လည်း ဇွန် ၂၅ ရက်တွင် တပ်မတော် စစ်ကြောင်းတစ်ခု ရောက်ရှိလာသဖြင့် တပ်မတော်နှင့် RCSS တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ၂၆ ရက်တွင်မူ တိုက်ပွဲဖြစ်ပွားခဲ့ခြင်း မရှိဘဲ RCSS ၏ မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးခြင်း အခမ်းအနားအား အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ကြောင်း ဒုတိယဗိုလ်မှူးကြီး စိုင်းအုမ်ခေးက ပြောကြားသည်။

ထို့နောက်တွင် တပ်မတော်စစ်ကြောင်း RCSS နယ်မြေအနီး နယ်မြေရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ဇွန် ၂၈ ရက်တွင် တပ်မတော်စစ်ကြောင်း သုံးခုမှ ခန့်မှန်းအင်အား ၁၀၀ ခန့်နှင့် RCSS တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ ပန်ကျဲန်ရွာထဲသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့သဖြင့် အသက် ၅၀ ကျော် အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး အမျိုးသမီးတစ်ဦးမှာ လက်နက်ကြီးကျည် ထိမှန်ဒဏ်ရာကြောင့် ကျောက်မဲဆေးရုံတွင် ဆေးကုသမှု ခံယူနေကြောင်း RCSS ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

ယခုဖြစ်စဉ်နှင့် ပတ်သက်၍ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “RCSS နဲ့ တိုက်ပွဲဖြစ်ခဲ့တာတော့ ရှိပါတယ်။ ၂၆ ရက်နဲ့ ၂၇ ရက်တွေမှာ ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ သိပ်ပြင်းပြင်းထန်ထန် ဖြစ်ခဲ့တာတော့ မရှိပါဘူး။ ကျွန်တော်တို့ ပြောပြောနေသလိုပဲ။ နယ်မြေကျော်လွန် ဝင်ရောက်လာလို့ ဖြစ်ရတာပါ။ RCSS က သူ့နယ်မြေ သူသိပါတယ်။ Bilateral စာချုပ်တွေမှာ ပါပြီးဖြစ်ပါတယ်။ သူက ရှမ်းပြည်တောင်ပိုင်းမှာပဲ ရှိတာပါ။ ရှမ်းပြည် တောင်ပိုင်းကနေ မြောက်ပိုင်းအထိ ရောက်လာတာပေါ့။ ဒါပါပဲ”ဟု ပြောကြားသည်။

ထို့ပြင် ကျောက်မဲမြို့နယ်တွင် ဖြစ်ပွားခဲ့သော တပ်မတော်နှင့် RCSS တို့၏ တိုက်ပွဲကြောင့် ကျောက်မဲမြို့နယ်အတွင်းရှိ အက်ကီးကျေးရွာ၊ ပိန်းနိမ့်ကျေးရွာ စသည့် တိုက်ပွဲဖြစ်ပွားရာ နေရာအနီးရှိ ကျေးရွာတချို့မှ ဒေသခံ ၂၀၀ ခန့်မှာ ဇွန် ၂၈ ရက်တွင် နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်ခဲ့ရကြောင်းလည်း RCSS ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး စိုင်းအုမ်ခေးက ပြောကြားသည်။

တိုက်ပွဲကြောင့် ထွက်ပြေး တိမ်းရှောင်လာသည့် ဒေသခံများသည် ကျောက်မဲမြို့နယ် နောင်ပိန်ကြီးကျေးရွာ အောင်ဓမ္မာရုံတွင် ၃၃၀ ဦး၊ ပန်လော့ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ၂၀၀ ဦးခန့် ခိုလှုံလျက်ရှိကြောင်း ဇွန်၂၉ ရက်စာရင်းအရ သိရသည်။

စစ်ဘေးရှောင်များသည် ပန်လော့ကျောင်းသို့ ဇွန်၂၈ ရက်တွင် လည်းကောင်း၊ နောင်ပိန်ဓမ္မာရုံသို့ ဇွန်၂၉ ရက်တွင် လည်းကောင်း နေရပ်စွန့်ခွာ ထွက်ပြေးလာကြရခြင်း ဖြစ်ပြီး၊ နေစရာနေရာ အခက်အခဲနှင့် စားဝတ်နေရေး ရိက္ခာလိုအပ်ချက်ရှိနေကြောင်း စခန်းတာဝန်ခံများထံမှ သိရသည်။

“တိုက်ပွဲတွေ ထိပ်တိုက် ဖြစ်နေတာ၊ ၂၇ ရက်ကနေ စဖြစ်တာ ဒီနေ့ဆိုရင် သုံးရက်မြောက်၊ စစ်ဘေးရှောင်တွေ ငါးရာကျော်ပေါ့။ ပန်လော့ကျောင်းမှာ မနေ့က ရောက်တာ။ နောင်ပိန်ကျောင်းမှာ ဒီနေ့မှ ရောက်တာ။ အားလုံးပေါင်း ငါးရာကျော်လောက်ပေါ့။...သိပ်တော့ မကြာလောက်ပါဘူး။ ဘာလို့ပြောနိုင်လဲဆိုတော့ ပြန်ဆုတ်နိုင်တယ် ရေရှည်တော့ မဖြစ်နိုင်ဘူးထင်တယ်။ အစားအသောက် ရိက္ခာပိုင်းတော့ လိုအပ်တာပေ့ါ။ အဓိကတော့ စားဝတ်နေရေး လိုအပ်တာပေ့ါ။ ကျွန်တော်တို့က ခဏစောင့်ကြည့်ရဦးမယ်လေ။ နောင်ပိန်ဓမ္မာရုံမှာ လူအင်အား ၃၀၀ ကျော် ဘယ်လိုနေကြမလဲ စောင့်ကြည့်ရဦးမယ်လေ။ လူအင်အားလည်း များသလို နေရာလည်း အခက်အခဲနည်းနည်း ရှိနေတယ်။ ကျေးရွာပေါင်း ခုနစ်ရွာ၊ ရှစ်ရွာလောက် ရှိတာပေါ့”ဟု ကျောက်မဲမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ လွှတ်တော်ကိုယ်စားလှယ် စိုင်းထွန်းဝင်းက ပြောကြားသည်။

ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) သည် NCA ရေးထိုးထားသည့်အဖွဲ့ဖြစ်ပြီး ၎င်း၏ဌာနချုပ်မှာ ရှမ်းပြည်တောင်ပိုင်း ထိုင်း-မြန်မာနယ်စပ်တွင် တည်ရှိပြီး NCA ရေးထိုးပြီးနောက် တပ်မတော်နှင့် မကြာခဏ ထိတွေ့မှုများလည်း ရှိသည်။

Most Read

Most Recent