UNDP ပါတီ၏ လွှတ်တော်ကိုယ်စားလှယ်လောင်း စိစစ်ရွေးချယ်ရေးကော်မတီကို ၁၉၉၀ လွှတ်တော်ကိုယ်စားလှယ် အများစုဖြင့် ဖွဲ့စည်း

UNDP ပါတီ၏ လွှတ်တော်ကိုယ်စားလှယ်လောင်း စိစစ်ရွေးချယ်ရေးကော်မတီကို ၁၉၉၀ လွှတ်တော်ကိုယ်စားလှယ် အများစုဖြင့် ဖွဲ့စည်း
Published 17 June 2020
ဉာဏ်လင်းထွန်း

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ UNDP ကိုယ်စားပြု၍ အထွေထွေရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများကို စိစစ်ရွေးချယ်ရေးကော်မတီ (ဗဟို)  ဖွဲ့စည်းခဲ့ကြောင်း ယင်းပါတီက ဇွန် ၁၇ ရက်တွင် ထုတ်ပြန်သည်။

အဆိုပါ ကိုယ်စားလှယ်လောင်း စိစစ်ရွေးချယ်ရေးကော်မတီကို ဦးခွန်ထွန်းဦး၊ ဦးနိုင်းနိုင်း၊ ခွန်မားရ်ကိုဘန်၊ ဒေါက်တာမင်းစိုးလင်း၊ ဦးဒေးဗစ်လှမြင့်၊ ဦးမောင်မြင့်၊ ဦးသန်းဝင်း စသည့် ၁၉၉၀ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များအပါအဝင် ဒေါ်နော်အုန်းလှ၊ ဒေါ်မိုးမိုးသီ စသည့် အဖွဲ့ဝင်ကိုးဦးဖြင့် ဖွဲ့စည်းခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ကော်မတီက လွှတ်တော်ကိုယ်စားလှယ်တွေကိုစိစစ်တဲ့ နောက်ဆုံးအဆင့် ဗဟိုကော်မတီပေါ့” ဟု UNDP ပါတီ ဥက္ကဋ္ဌ ဦးဒေးဗစ်လှမြင့်က ပြောကြားသည်။

UNDP ပါတီအနေဖြင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် တိုင်းဒေသကြီး ခုနစ်ခုနှင့် ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့တွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး လက်ရှိတွင် မြို့နယ်အလိုက် လွှတ်တော်ကိုယ်စားလှယ်လောင်းများ ရွေးချယ်လျက်ရှိသည်ဟု ၎င်းက ဆိုသည်။

တိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တွင် မဲဆန္ဒနယ်အားလုံး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သော်လည်း မွန်ပြည်နယ်တွင် မော်လမြိုင်၊ ကျိုက်ထို၊ သထုံ၊ ပေါင်နှင့် ဘီးလင်း စသည့် မြို့နယ်ငါးခုတွင်သာ ဝင်ရောက်ယှဉ်ပြိုင်မည်ဟု ၁၉၉၀ ငပုတောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဒေးဗစ်လှမြင့်က ပြောကြားသည်။

ပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လောင်း ရွေးချယ်ရေး အခြေခံမူများအဖြစ် ၁၉၉၀ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ NLD ပြင်ပရောက် နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များ၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို လက်ခံယုံကြည်သူနှင့် ဒီမိုကရေစီအရေး ကိုယ်ကျိုးစွန့် အနစ်နာခံ ဆောင်ရွက်ခဲ့သူများအပါအဝင် အချက်ကိုးချက်ကို UNDP ပါတီက သတ်မှတ်ထားသည်။

UNDP ပါတီသည် ၁၉၉၀ ပြည်သူ့လတ်တော်ကိုယ်စားလှယ်များအဖွဲ့ကို အခြေခံ၍ နိုင်ငံရေးအင်အားစုအချို့နှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားဦးဆောင်သူများဖြင့် တည်ထောင်ထားခြင်းဖြစ်ရာ ပါတီနာယကနှင့် ထိပ်ပိုင်းခေါင်းဆောင်များသည် ၁၉၉၀ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များ ဖြစ်ကြသည်။

၁၉၉၀ လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသည့် ဦးနိုင်းနိုင်း၊ ခွန်မားရ်ကိုဘန်၊ ဒေါက်တာမင်းစိုးလင်းအပါအဝင် တိုင်းရင်းသားပါတီအချို့မှ ခေါင်းဆောင်ရှစ်ဦးကို ပါတီနာယကများအဖြစ်ထားရှိပြီး ရှမ်းတိုင်းရင်းသားများဒီမိုကရေစီ အဖွဲ့ချုပ်ပါတီဥက္ကဋ္ဌ ၁၉၉၀ သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်ထွန်ဦးကို ပါတီခေါင်းဆောင်အဖြစ် သတ်မှတ်ထားရှိကြောင်း UNDP ပါတီဥက္ကဋ္ဌ ဦးဒေးဗစ်လှမြင့်ကပြော ကြားသည်။

UNDP ပါတီတည်ထောင်ခွင့်ကို ၂၀၁၉ ခုနှစ် ဧပြီတွင် စတင်လျှောက်ထားခဲ့ပြီး နိုင်ငံရေးပါတီမှတ်ပုံတင်ကို ဒီဇင်ဘာတွင် ရရှိခဲ့သည်။                            

 

Most Read

Most Recent