၂၀၂၀ အထွေထွေရွေးကောက်ပွဲကျင်းပရေး နိုင်ငံရေးပါတီများနှင့် အဆောတလျင်တွေ့ဆုံဆွေးနွေးရန် ပြည်ခိုင်ဖြိုးပါတီအပါအဝင် နိုင်ငံရေးပါတီ ၃၀ စုပေါင်း၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ တောင်းဆို

၂၀၂၀ အထွေထွေရွေးကောက်ပွဲကျင်းပရေး နိုင်ငံရေးပါတီများနှင့် အဆောတလျင်တွေ့ဆုံဆွေးနွေးရန် ပြည်ခိုင်ဖြိုးပါတီအပါအဝင် နိုင်ငံရေးပါတီ ၃၀ စုပေါင်း၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ တောင်းဆို
Published 17 June 2020
ဉာဏ်လင်းထွန်း

၂၀၂၀ အထွေထွေရွေးကောက်ပွဲ  ကျင်းပရေးနှင့်ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် နိုင်ငံရေးပါတီများနှင့် ဆောလျင်စွာ တွေ့ဆုံဆွေးနွေးရန် ပြည်ခိုင်ဖြိုးပါတီအပါအဝင် နိုင်ငံရေးပါတီ ၃၀ စုပေါင်း၍ ဇွန် ၁၆ ရက်နေ့စွဲဖြင့် တောင်းခံစာပေးပို့ခဲ့သည်။

လွတ်လပ်၍ တရားမျှတသည့် အထွေထွေရွေးကောက်ပွဲ ဖြစ်မြောက်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် တွေ့ဆုံဆွေးနွေးသင့်သည်ဟု ရည်ရွယ်ချက်ရှိသည့် နိုင်ငံရေးပါတီများစုစည်း၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တွေ့ဆုံခွင့်တောင်းဆိုခြင်းဖြစ်သည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ပြောကြားသည်။

“UEC အနေနဲ့ သူပြောနေတဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ သူကိုယ်တိုင် ပြောထားတာပဲ။ သူပြောတဲ့စကားအတိုင်း အကောင်အထည်ဖော်မယ်ဆိုရင် ဒီကိစ္စ (တွေ့ဆုံခွင့်တောင်း) က ငြင်းဆိုနိုင်စရာ အကြောင်းမရှိဘူးလို့ ကျွန်တော်တို့ ထင်တယ်လေ” ဟု ဦးသိန်းထွန်းဦးက ပြောကြားသည်။

ယင်းသို့ နိုင်ငံရေးပါတီများ၏ တွေ့ဆုံခွင့် တောင်းဆိုမှုတွင် အချိန်ကာလ ထည့်သွင်းထားခြင်းမရှိသော်လည်း ဆောလျင်စွာ တွေ့ဆုံဆွေးနွေးရန်ဟူ၍ ထည့်သွင်းတောင်းဆိုထားသည်ဟု ၎င်းက ဆိုသည်။

နိုင်ငံရေးပါတီ ၃၀ ၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တွေ့ဆုံခွင့်တောင်းခံစာတွင် အပိုဒ်လေးပိုဒ် ထည့်သွင်းဖော်ပြထားပြီး အပိုဒ်သုံးတွင် ကော်မရှင်နှင့်တွေ့ဆုံဆွေးနွေးလိုသည့် အချက် ၁၂ ချက် ထည့်သွင်းဖော်ပြထားသည်။

ဆန္ဒမဲရေတွက်မှု၊ ရွှေ့ပြောင်းမဲဆန္ဒရှင်များဆိုင်ရာနှင့် ကြိုတင်မဲဆိုင်ရာလုပ်ထုံးလုပ်နည်းများ၊ ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းမှု၊ ကိုယ်စားလှယ်လောင်းကျင့်ဝတ်၊ မဲဆန္ဒနယ်မြေ၊ မဲစာရင်းကောက်ယူမှု၊ မဲရုံအရေအတွက်နှင့် မဲပေးပုံစနစ်တို့နှင့်ပတ်သက်၍လည်း ကော်မရှင်အနေဖြင့် နိုင်ငံရေးများအား တွေ့ဆုံရှင်းလင်းရန်လိုအပ်ကြောင်း နိုင်ငံရေးပါတီ ၃၀ ၏ တင်ပြစာတွင်ပါရှိသည်။

ထို့ပြင် ရွေးကောက်ပွဲ အထမြောက်အောင်မြင်စေရန် မဲလာပေးရန်လိုအပ်သည့် အနည်းဆုံးမဲဆန္ဒရှင် အရေအတွက် သတ်မှတ်ခြင်းဆိုင်ရာကိစ္စ၊ ပါတီပုံရိပ်မြှင့်တင်ရန် ပြည်သူအားလုံးနှင့်သက်ဆိုင်သည့် မြို့မိမြို့ဖ အမည်ကိုအသုံးပြုမှု၊ နိုင်ငံ့ခေါင်းဆောင်များ၏ ပုံရိပ်နှင့်ဆက်စပ်သည့် အသုံးအဆောင် အသုံးပြုမဲဆွယ်ခြင်းမှ ရှောင်ရှားရေးကိစ္စရပ်တို့ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အနေဖြင့်နိုင်ငံရေးပါတီများနှင့် တွေ့ဆုံရှင်းလင်းရန် လိုအပ်မည်ဟုပါတီ ၃၀ ၏ တွေ့ဆုံခွင့်တောင်းခံစာတွင် ဖော်ပြပါရှိသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အား တွေ့ဆုံဆွေးနွေးလိုကြောင်း တောင်းခံမှုတွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ အမျိုးသားတိုးတက်ရေးပါတီ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ “၀” အမျိုးသားပါတီ၊ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီတို့အပြင် ပြည်မနှင့် ပြည်နယ်အခြေစိုက် နိုင်ငံရေးပါတီအချို့ ပါဝင်ကြောင်း သိရသည်။

ပြည်တွင်း ရွှေ့ပြောင်းလုပ်သားများရက် ပေါင်း ၉၀ ဖြင့် မဲထည့်ခွင့် ရရှိလာသည့် ရွေးကောက်ပွဲနည်းဥပဒေပြင်ဆင်ချက်နှင့် ပတ်သက်၍ ကော်မရှင် တွေ့ဆုံဆွေးနွေးလိုခြင်း ဖြစ်သည်ဟု ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက ပြောကြားသည်။

“အရင်တုန်းက ရက်ပေါင်း ၁၈၀ ပြည့်မှ မဲထည့်လို့ ရတယ်။ အခုတော့ ရက်ပေါင်း ၉၀ ဆိုတော့ သုံးလအတောအတွင်း သူတို့က သန်းခေါင်စာရင်းရှိရှိ၊ မရှိရှိလေ။ စာရင်းဝင်နိုင်တယ်ဆိုရင် ဒေသခံတွေ နစ်နာတာပေါ့နော်။ အထူးသဖြင့် မူဆယ်တို့လိုမျိုးဒေသမှာ ပြည်မကလူတွေက သွားပြီးတော့ အလုပ်လုပ်ကြတယ်။ ရက် ၉၀ ဆိုမဲထည့်လို့ရပြီဗျာ။ အဲဒါဆိုရင် အဲဒီမှာ ထာဝရနေတဲ့ ဒေသခံတွေက နစ်နာတာပေါ့။ အလားတူပဲ ကျိုင်းတုံတို့ တာချီလိတ်တို့ဘက်မှာလည်း ရွှေ့ပြောင်းလုပ်သားတွေ  အများကြီးပဲလေ။ အဲဒါတွေကျရင် ကျွန်တော်တို့ ဒေသခံတွေနစ်နာတာပေါ့။ အဲဒါကြောင့် ကျွန်တော်က တွေ့ချင်တယ်” ဟု ဦးစိုင်းအိုက်ပေါင်းက ပြောကြားသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲကို COVID-19 ကြိုတင်ကာကွယ်ရေး နည်းလမ်းများနှင့်အညီ နိုဝင်ဘာတွင် ကျင်းပမည်သွားမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်တာဝန်ရှိသူများက ဇွန်လဆန်းတွင် ပြောကြားထားသည်။

 

Most Read

Most Recent