၂၀၂၀ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်အမည်များအား အက္ခရာစဉ်အလိုက် သတ်မှတ်မည် ဖြစ်သဖြင့် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်များမှာ နံပါတ်စဉ်များ အပြောင်းအလဲရှိမည် ဖြစ်ကြောင်း သိရ

၂၀၂၀ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်အမည်များအား အက္ခရာစဉ်အလိုက် သတ်မှတ်မည် ဖြစ်သဖြင့် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်များမှာ နံပါတ်စဉ်များ အပြောင်းအလဲရှိမည် ဖြစ်ကြောင်း သိရ
Published 16 June 2020
မင်းသူဝင်းထွဋ်

၂၀၂၀ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်အမည်များအား ခရိုင်အလိုက် အက္ခရာစဉ်ဖြင့် သတ်မှတ်မည်ဖြစ်သဖြင့် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်များမှာ နံပါတ်စဉ်များ အပြောင်းအလဲရှိမည် ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သတင်းရရှိသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း ယခင်က မဲဆန္ဒနယ်စာရင်းများ ထုတ်ပြန်ရာတွင် ပုသိမ်ခရိုင်မှ စတင်ကာ ထုတ်ပြန်ခဲ့သော်လည်း ၂၀၂၀ ရွေးကောက်ပွဲတွင် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်များအား အက္ခရာစဉ်ဖြင့် သတ်မှတ်မည်ဖြစ်ပြီး ခရိုင်အလိုက် မြို့ကြီးများကိုလည်း အက္ခရာစဉ်ဖြင့်သာ သတ်မှတ် ထုတ်ပြန်မည် ဖြစ်ကြောင်း၊ ထို့ကြောင့် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်များမှာ ယခင်က သတ်မှတ်ထားသည့် မြို့နယ်များပြောင်းလဲသွားခြင်း မရှိသော်လည်း မဲဆန္ဒနယ် အမှတ်စဉ်မှာမူ ပြောင်းလဲသွားမည် ဖြစ်ကြောင်း သိရသည်။

“အရင်က ပုသိမ်ကစတယ်။ အခုကျတော့ ထွေအုပ်ရဲ့ စာရင်းကို ကျွန်တော်တို့က မူတည်ရတယ်၊ အဲ့ဒီမှာ လူဦးရေစာရင်း လုပ်တာလဲ ဘယ်လိုလုပ်ရလဲဆိုတော့ လဝကစာရင်းကို မူတည်ရတယ်၊ ကျန်တဲ့စာရင်း ဘာလာပြောပြော ကျွန်တော်တို့ မသိဘူး၊ လဝကမှာက တရားဝင်စာရင်း ရှိတယ်။ အဆင့်ဆင့်တက်သွား လဝကဝန်ကြီး ကနေတစ်ဆင့် ပေးလာတဲ့စာရင်း အဲ့ဒါ ကျွန်တော်တို့က ယူရတယ်။ အဲ့စာရင်းနဲ့ ကျွန်တော်တို့က လူဦးရေစာရင်းကို ခွဲတာ အဲ့ဒါနဲ့ခွဲတာ။ ပြည်သူ့လွှတ်တော်မှာ လူဦးရေစာရင်းက ဘယ်လောက်ရှိရှိ ရတယ်၊ ဒါပေမဲ့ ဘာပြောင်းသွားလဲဆိုတော့ မဲဆန္ဒနယ်တွေ ပြောင်းသွားတာပေါ့။ နံပါတ်တွေ ပြောင်းကုန်တာပေါ့၊ အဲ့ဒါဘာလဲဆိုတော့ အရင်က ပုသိမ်ကစတယ် အခုကျတော့ ကန်ကြီးထောင့်က စရမယ် ကကြီးမို့ အင်္ဂပူက အ ဆိုတော့ နောက်ဆုံးရောက်သွားပြီ၊ အဲ့လို အပြောင်းအလဲဖြစ်တယ်၊ ကန်ကြီးထောင့်ဆို ပထမ အင်္ဂပူဆို နောက်ဆုံးပေါ့။ အဲ့လိုမျိုးပြောင်းသွားတယ်၊ တိုင်းဒေသကြီး (၁) (၂) စဉ်ရင်လည်း အဲ့လို ပြောင်းသွားတယ် ဒါကတော့ ဘာမှ မထိခိုက်ပါဘူး၊ အရင်က (၁) မှာ ရွေးတဲ့သူဆိုရင် အခုနေရာတော့ မပြောင်းဘူး နံပါတ်ပြောင်းသွားမယ်။ နံပါတ်ပြောင်းသွားလည်း ကိစ္စမရှိဘူး ဘယ်သူ့မှ မထိခိုက်ဘူး၊ နောက်တစ်ခါ အမျိုးသားလွှတ်တော်ကျတော့ အဲ့လို အက္ခရာစဉ်နဲ့ပဲ စဉ်တာပေါ့။ ထွေအုပ်စာရင်းမှာ အက္ခရာနဲ့စဉ်တာ အရင်တုန်းကဆို ပုသိမ်ခရိုင်ကစတယ် နောက်ပြီးရင် ဟင်္သာတခရိုင်ပြီးရင် မြောင်းမြခရိုင် ဒီလိုသွားတာ လပွတ္တာခရိုင် နောက်ဆုံး အခုအဲ့လို မရတော့ဘူး၊ အခုကျ ပုသိမ်ခရိုင်ပြီးရင် ဖျာပုံခရိုင် အက္ခရာစဉ်နဲ့ မအူပင်ခရိုင် မြောင်းမြခရိုင် လပွတ္တာခရိုင် ဟင်္သာတခရိုင် နောက်ဆုံးပဲ၊ အမျိုးသားလွှတ်တော်မှာ အရင်တုန်းက လပွတ္တာက နံပါတ်(၁၂) အခုကျ ဟင်္သာတခရိုင်က နံပါတ်(၁၂)၊ မြို့နယ်ကတော့ မပြောင်းပါဘူး။ မဲဆန္ဒနယ် နံပါတ်တွေ ပြောင်းကုန်တယ် အဲ့ဒါပါပဲ။ အရင်က ပုသိမ်ခရိုင်မှာဆို (၁)(၂)(၃) ၊ အခုကျတော့ ပုသိမ်က မစတော့ဘူး ကန်ကြီးထောင့်၊ သာပေါင်းရယ် ကျောင်းကုန်းရယ်က (၁) ဖြစ်သွားရော၊ မြောင်းမြကတော့ အမျိုးသားလွှတ်တော်မှာ တစ်မြို့နယ်ထဲပဲ အရင်က နံပါတ် (၅) အခုက (၈) ဖြစ်သွားပြီ”ဟု ဧရာဝတီတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်မြင့်က ပြောကြားသည်။

ဧရာဝတီတိုင်းဒေသကြီးတွင် လူဦးရေ ၆၄ ဒသမ ၁၉ သိန်းရှိပြီး မဲပေးပိုင်ခွင့်ရှိသူ ဦးရေမှာ ၄၄ သိန်းကျော် ရှိကြောင်း သိရသည်။

 

 

Most Read

Most Recent