ပုသိမ်မြို့မှ ဂွမြို့နယ်အထိ မိုင် ၁၀၀ ရှည်သည့် ကမ်းခြေပတ်လမ်း ဖောက်လုပ်ပေးပြီး ယင်းလမ်းမအနီးရှိ မြေဧက ၁၀၀၀၀ ကျော်ပေါ်တွင် ဟိုတယ်၊ အပန်းဖြေနေရာ အပါအဝင် ဇုန်အလိုက် ဆောင်ရွက်နိုင်ရန်အတွက် မကြာမီ EOI ခေါ်ယူမည်

ပုသိမ်မြို့မှ ဂွမြို့နယ်အထိ မိုင် ၁၀၀ ရှည်သည့် ကမ်းခြေပတ်လမ်း ဖောက်လုပ်ပေးပြီး ယင်းလမ်းမအနီးရှိ မြေဧက ၁၀၀၀၀ ကျော်ပေါ်တွင် ဟိုတယ်၊ အပန်းဖြေနေရာ အပါအဝင် ဇုန်အလိုက် ဆောင်ရွက်နိုင်ရန်အတွက် မကြာမီ EOI ခေါ်ယူမည်
ဆောက်လုပ်ရေး ဝန်ကြီးဌာန၏  သတင်းစာရှင်းလင်းပွဲကို တွေ့ရစဉ်
ဆောက်လုပ်ရေး ဝန်ကြီးဌာန၏  သတင်းစာရှင်းလင်းပွဲကို တွေ့ရစဉ်
Published 15 June 2020
ပြည့်ဖြိုးအောင်

ပုသိမ်မြို့မှ ဂွမြို့နယ်အထိ မိုင် ၁၀၀ ရှည်သည့် ကမ်းခြေပတ်လမ်း ဖောက်လုပ်ပေးပြီး ယင်းလမ်းမအနီးရှိ မြေဧက ၁၀၀၀၀ ကျော်ပေါ်တွင် ဟိုတယ်၊ အပန်းဖြေနေရာ အပါအဝင် ဇုန်အလိုက် ဆောင်ရွက်နိုင်ရန်အတွက် မကြာမီ EOI ခေါ်ယူမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြောကြားသည်။

ဇွန် ၁၅ ရက်က ပြုလုပ်သည့် နိုင်ငံတော် အစိုးရ၏ စတုတ္ထ (၁) နှစ်တာကာလအတွင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန၏ ဆောင်ရွက်ခဲ့မှု လုပ်ငန်းစဉ်များကို ရှင်းလင်းပွဲတွင် မီဒီယာများ၏ မေးမြန်းမှုအပေါ် ဒုတိယဝန်ကြီးက ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“ပုသိမ်-ငရုတ်ကောင်းကနေပြီးတော့ ဂွအထိ မိုင် ၁၀၀ ရှည်တဲ့ ကမ်းခြေပတ်လမ်းကြီး ဆောင်ရွက်ဖို့ရှိပါတယ် အဲဒါနဲ့ပတ်သက်ပြီးတော့ အဲဒီမှာ အခုကျွန်တော်တို့က ဟိုတယ်ဆိုပြီးတော့ ဇုန်ကချောင်းသာ၊ ငွေဆောင် နှစ်ခုတည်းလို့ ဖြစ်နေတော့ ဒီနေရာမှာက ခရီးသွားရာသီဆိုရင် ချောင်းသာတို့၊ ငွေဆောင်တို့ ကြပ်ပိတ်သိပ်နေတဲ့ အနေအထား ရှိပါတယ်။ ဒါကြောင့်မို့လို့ ဟိုတယ်ဇုန်တွေလည်း ပေါ်လာအောင်လို့ အဲဒီမှာက နောက်ထပ်ဟိုတယ်တွေ လုပ်လို့တဲ့နေရာတွေ အများရှိကြီးပါတယ်။ ဒါကြောင့်မို့လို့ ဒီလမ်းကြီးပေါ်လာလို့ရှိရင် ဒီအပေါ်မှာ ဟိုတယ်တွေ ပေါ်မယ်ဆိုရင် ကျွန်တော်တို့က မကြာခင်မှာ သတင်းစာထဲက ထည့်ပြီးတော့ ကြေညာဖို့ရှိပါတယ်။စုစုပေါင်း မိုင် ၁၀၀ ကို ကွန်ကရစ်လမ်း လုပ်ပေးရမယ်။ ၂၄ ပေ ကွန်ကရစ်လမ်း ဖောက်ပေးရင် အဲဒီလမ်းပေါ်မှာရှိတဲ့ မြေဧက ၁၀၀၀၀ ကျော်မှာ ကမ်းခြေနဲ့နီးတဲ့ နေရာတွေကို ကျွန်တော်တို့က ဟိုတယ်အဖြစ်နဲ့ ခွင့်ပြုပေးမယ်။ ကမ်းခြေနဲ့ဝေးတဲ့ နေရာတွေကို တစ်ချို့နေရာတွေက စိုက်ပျိုး မွေးမြူရေး၊တစ်ချို့နေရာတွေ စက်မှုဇုန်ဧရိယာဆိုပြီး ဆောင်ရွက်ပါမယ်” ဟု ဒုတိယဝန်ကြီးက ပြောကြားသည်။

အလားတူ အဆိုပါလမ်းမအနီးရှိ တောင်ကုန်းများပေါ်တွင် ပင်လယ်ပြင်အပေါ်မှ ကြည့်ရှုခံစားနိုင်မည့် အပန်းဖြေမြို့များကို ဆောင်ရွက်ရန် စီစဉ်ထားကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။

“မကြာခင်မှာ EOI ခေါ်ပါမယ်။ EOI ခေါ်ရင် ပြည်တွင်း၊ ပြည်ပကုမ္ပဏီတွေက ကျွန်တော်တို့ လုပ်ထားတဲ့ Feasibility Study ကို သူတို့လေ့လာပြီးရင် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ကျွန်တော်တို့ လမ်းမိုင် ၁၀၀ ရယ်၊ မြေဧက ၁၀၀၀၀ ကျော်ကို ဒီဇုန်တွေ ခွဲတဲ့အခါမှာ ဘယ်လောက်ပေးသွင်းမလဲဆိုတဲ့ ယှဉ်ပြိုင်မှုမျိုးကို မကြာခင်မှာ EOI ခေါ်ပါမယ်” ဟု ဒုတိယဝန်ကြီးက ပြောကြားသည်။

အဆိုပါ စီမံကိန်းနှင့်ပတ်သက်ပြီး အစီအစဉ်ရေးဆွဲထားရာတွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဝန်ကြီးဦးဝင်ဌေးနှင့် ကော်မတီဖွဲ့ဆောင်ရွက်လျက်ရှိပြီး လမ်းမိုင် ၁၀၀ ဖောက်လုပ်ခြင်းနှင့် ဇုန်များခွဲခြား ဆောင်ရွက်ရမည် ဖြစ်သဖြင့် ရင်းနှီးမြှုပ်နှံမှုအနေဖြင့် အမေရိကန်ဒေါ်လာ သန်းရာချီရှိသဖြင့် ပြည်တွင်း၊ ပြည်ပလုပ်ငန်းရှင်များကို ပွင့်လင်းမြင်သာမှုစွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

Most Read

Most Recent