အသက်အရွယ်အခြေအနေနှင့် မျိုးဆက်သစ်များအား နေရာပေးချင်သည့်အတွက် ရွေးကောက်ပွဲ ပြန်လည်ယှဉ်ပြိုင်ခြင်း မပြုတော့ဟု မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ပြောကြား

အသက်အရွယ်အခြေအနေနှင့် မျိုးဆက်သစ်များအား နေရာပေးချင်သည့်အတွက် ရွေးကောက်ပွဲ ပြန်လည်ယှဉ်ပြိုင်ခြင်း မပြုတော့ဟု မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ပြောကြား
Published 15 June 2020
ဘိုဘိုမြင့်

အသက်အရွယ်ပိုင်းအရလည်းကောင်း၊ မျိုးဆက်သစ်များအား နေရာပေးချင်သည့်အတွက်လည်းကောင်း ရွေးကောက်ပွဲပြန်လည်ယှဉ်ပြိုင်ခြင်းမပြုတော့ဟု မွန်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိက ပြောကြားသည်။

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲဝင်စဉ်က အသက်အရွယ်မှာ ၆၉ နှစ်ဖြစ်ကြောင်း၊ ယခုအလုပ်အား ၀ါသနာပါပြီး ပြည်သူများနှင့် ဒေသဖွံ့ဖြိုးရေးအတွက် လုပ်ချင်သော်လည်း ယခုအသက် ၇၄ နှစ်ရှိနေပြီဖြစ်ကြောင်း မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ပြောကြားသည်။

“ နောက်တစ်ချက်က ကျွန်မက နေရာဖယ်ပေးချင်ပါတယ်။ ကျွန်မထက် အသက်ငယ်သော၊ ကျွန်မထက် လုပ်ရည်ကိုင်ရည်ရှိသော၊ ကျွန်မထက် ပိုပြီးလေ့လာသင်ယူနိုင်သော ပြည်သူ၊ ပြည်သားတွေအတွက် နေရာ ဖယ်ပေးချင်ပါတယ်။ ကျွန်မအနေနဲ့ ကျန်းမာနေသရွေ့ အများအကျိုး၊ ပါတီအကျိုး တတ်နိုင်သလောက်တော့ လုပ်ဆောင်ပေးသွားဖို့ စိတ်ကူးရှိပါတယ်” ဟု မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိက ပြောကြားသည်။

မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌအနေဖြင့် လာမည့်အထွေထွေရွေးကောက်ပွဲ၌ ရွေးကောက်ပွဲ ဝင် မဝင်ကို ပြည်သူများကြားတွင် စိတ်ဝင်ရှိနေကြသည့်နည်းတူ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များအားလုံးနှင့် တပ်မတော်သား ကိုယ်စားလှယ်များကပါ စိတ်ဝင်စားကြကြောင်း၊ ရွေးကောက်ပွဲပြန်ဝင်စေချင်သည့် ဆန္ဒရှိကြကြောင်းနှင့် အားလုံးမှ ရွေးကောက်ပွဲပြန်ဝင်ရန် တိုက်တွန်းခဲ့ဖူးကြောင်း မွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက ပြောကြားသည်။

“ အန်တီဒေါ်တင်အိကို ဘာကြောင့် ရွေးကောက်ပွဲ ပြန်ဝင်စေချင်ကြသလဲဆိုရင် ပထမအချက်အနေနဲ ့ ဒေါ်တင်အိသည် သမာဓိပြည့်ဝသူတစ်ယောက်ဖြစ်တယ်။ ဘာကြောင့်လဲဆိုရင် ပြည်နယ်လွှတ်တော် အခင်းအကျင်း၊ ပြည်နယ်အစိုးရအဖွဲ့နဲ့ ဆက်ဆံရေး၊ လွှတ်တော်ရေးရာကော်မတီဝင် တစ်ဦးချင်းအပြင်ကို လွှတ်တော်မှာရှိတဲ့ ဝန်ထမ်းတွေအပေါ်မှာလည်း ဖြောင့်မတ်တည်ကြည်စွာ သုံးသပ်ဆုံးဖြတ် ဆောင်ရွက်ပေးနေသူတစ်ဦးလည်း ဖြစ်ပါတယ်” ဟု ဒေါက်တာအောင်နိုင်ဦးက ပြောကြားသည်။

ဒုတိယအချက်အနေဖြင့် ဥပဒေနှင့်ပတ်သက်၍ ပြည်နယ်အဆင့်ပုဂ္ဂိုလ်အားလုံးတွင် သက်ဆိုင်သည့်ဥပဒေများ ပြဋ္ဌာန်းပေးထားကြောင်း၊ လွှတ်တော်ဥက္ကဋ္ဌတစ်ဦးတွင် ၎င်းနှင့်သက်ဆိုင်သည့် ဥပဒေမှပေးထားသည့် လုပ်ပိုင်ခွင့်တာဝန်များရှိပြီး အဆိုပါကိစ္စရပ်များအပေါ် မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌအနေဖြင့် ရဲရင့်ပြတ်သားစွာ၊ ခိုင်မာအားကောင်းစွာ ဆောင်ရွက်နိုင်သည်ဟု လက်ခံထားကြောင်း ၎င်းက ပြောကြားသည်။

“ နောက် တတိယအချက်အနေနဲ့တော့ ဥပဒေထဲမှာမပါပေမဲ့ လွှတ်တော်ကိုယ်စားလှယ်တွေအပေါ်မှာ တကယ့်ကိုမိသားစုဝင်တွေလို၊ အားနည်းချက်တွေ၊ အားသာချက်တွေရှိရင်လည်း အားလုံးအပေါ် သဟဇာတရှိအောင်၊ ၀ိုင်းဝန်းကူညီဖေးမပြီးတော့ ဆောင်ရွက်ပေးတတ်သူတစ်ယောက်လည်း ဖြစ်ပါတယ်” ဟု ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက ပြောကြားသည်။

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိမှာ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ၌ သံဖြူဇရပ်မြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခြင်း ခံခဲ့ရသူတစ်ဦးဖြစ်သည့်အပြင် ၁၉၉၀ ခုနှစ် အထွေထွေရွေးကောက်ပွဲ၌လည်း သံဖြူဇရပ်မြို့နယ် အမှတ် (၂) မဲဆန္ဒနယ်တွင် ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရဖူးသူတစ်ဦး ဖြစ်သည်။

Most Read

Most Recent