ပါတီထိပ်ပိုင်းခေါင်းဆောင်များ အထွေထွေရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ညွန့်ပေါင်းအစိုးရဖြစ်ရေး ကြိုးပမ်းမည်ဟု ကချင်ပြည်နယ်ပြည်သူ့ပါတီ ဒုတိယဥက္ကဋ္ဌ ပြောကြား

ပါတီထိပ်ပိုင်းခေါင်းဆောင်များ အထွေထွေရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ညွန့်ပေါင်းအစိုးရဖြစ်ရေး ကြိုးပမ်းမည်ဟု ကချင်ပြည်နယ်ပြည်သူ့ပါတီ ဒုတိယဥက္ကဋ္ဌ ပြောကြား
Published 15 June 2020
ဉာဏ်လင်းထွန်း

ပါတီ ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌအားလုံး ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ရွေးကောက်ပွဲအလွန်တွင် ညွန့်ပေါင်းအစိုးရဖြစ်ရေး ဦးတည်ကြိုးပမ်းမည်ဟု ကချင်ပြည်နယ်ပြည်သူ့ပါတီ ဒုတိယဥက္ကဋ္ဌ (၂) ဦးအောင်ခမ်းက ပြောကြားသည်။

ကချင်ပြည်နယ်အခြေစိုက် နိုင်ငံရေးပါတီအချို့ ပူးပေါင်းတည်ထောင်ထားသည့် ကချင်ပြည်နယ် ပြည်သူ့ပါတီ (KSPP) သည် ယခုနှစ် မတ်လက ပထမအကြိမ် ပါတီညီလာခံကျင်းပခဲ့ပြီး ပါတီဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ လေးဦး ရွေးချယ်တင်မြှောက်ခဲ့သည်။

“ ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌတွေ အကုန်လုံး ပြိုင်ကြမယ်။ ကျွန်တော်က ဆွမ်ပရာဘွမ် ပြည်သူ့လွှတ်တော်မှာ ပြိုင်ဖို့ ဒေသခံတွေအနေနဲ့ အဆိုပြုထားပါတယ်” ဟု KSPP ပါတီ ဒုတိယဥက္ကဋ္ဌ (၂) ဦးအောင်ခမ်းက ပြောကြားသည်။

ဦးအောင်ခမ်းသည် ၂၀၁၅ အထွေထွေရွေးကောက်ပွဲကို ဆွမ်ပရာဘွမ်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်နှင့် ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတွင် ကချင်ပြည်နယ် အမျိုးသားလွှတ်တော် အမှတ် (၂) မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ကိုယ်စားလှယ်လောင်းလည်း ဖြစ်သည်။

ထို့ပြင် ပါတီဥက္ကဋ္ဌ ဒေါက်တာတူးဂျာသည် အင်ဂျန်းယန်မြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်၊ ဒုဥက္ကဋ္ဌ (၁) ဒေါ်ဒွဲဘူသည် ကချင်ပြည်နယ်အမှတ် (၂) အမျိုးသားလွှတ်တော်မဲဆန္ဒနယ်၊ ဒုဥက္ကဋ္ဌ (၃) ဦးမိထွယ်ဇော် လတ်နှင့် ဒုဥက္ကဋ္ဌ (၄) ဒေါ်ဘောက်ဂျာတို့သည်လည်း ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်များတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဟု ဦးအောင်ခမ်းက ပြောကြားသည်။

ကချင်ပြည်နယ် ပြည်သူ့ပါတီသည် ၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်နယ်တွင်းရှိ ၁၈ မြို့နယ်စလုံး၌ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး လက်ရှိတွင် ကိုယ်စားလှယ်လောင်း ရွေးချယ်လျက်ရှိကြောင်း သိရသည်။

ယခင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲများအပြီး တစ်ပါတီတည်း အနိုင်ရကာ အစိုးရဖွဲ့စည်းဆောင်ရွက်ခဲ့သည့် အတွေ့အကြုံများအရ ၂၀၂၀ အထွေထွေရွေးကောက်ပွဲအလွန်တွင် ညွန့်ပေါင်းအစိုးရ ပေါ်ပေါက်ရန် KSPP ပါတီက ဆန္ဒရှိနေသည်။

၂၀၂၀ ရွေးကောက်ပွဲအလွန်တွင် တိုင်းရင်းသားပါတီများ အချိုးကျပါဝင်သည့် ညွန့်ပေါင်းအစိုးရ ပေါ်ထွက်ချိန်တန်ပြီဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် ညွန့်ပေါင်းအစိုးရ တည်ဆောက်နိုင်မှ တိုင်းရင်းသားများ လိုလားသည့် ဖက်ဒရယ်ဒီမိုကရေစီရရှိကာ ပြည်တွင်းစစ်ချုပ်ငြိမ်းပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မည်ဟု KSPP ပါတီ၏ အာဘော်ကို ဇွန် ၁၃ ရက်က ပါတီ Facebook စာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။

၂၀၂၀ အလွန်တွင် ညွန့်ပေါင်းအစိုးရ ပေါ်ပေါက်ရေးအတွက် ပါတီပေါင်းစည်းရေး အသီးသီး ဆောင်ရွက်ခဲ့ကြသည့် ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ကယားပြည်နယ်တို့မှ တိုင်းရင်းသားပါတီများနှင့် ညှိနှိုင်းဆောင်ရွက်မှုများ ရှိနေသည်ဟု KSPP ပါတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်ခမ်းက ပြောကြားသည်။

“ ဒီယူဆချက်က မြန်မာပြည်မှာ Institution Crisis က ဖြစ်နေတာပေါ့။ ကြံ့ခိုင်ဖွံ့ဖြိုးရေး တက်လာရင်လည်း ဒီဟာကို မပြင်နိုင်ဘူး။ NLD တက်လာလည်း ဒီဟာကို မပြင်နိုင်ဘူး။ ဆိုတော့ ကျွန်တော်တို့ တိုင်းရင်းသားတွေအစိုးရထဲမှာ ပါဝင်ဖို့လိုတယ်။ အခုလာမယ့်အချိန်မှာ ညွန့်ပေါင်းအစိုးရဖွဲ့ပြီးမှ အတူလုပ်မယ်နေရာမှာ အားတစ်ခုဖြစ်လာမယ်” ဟု ဦးအောင်ခမ်းက ပြောကြားသည်။

ကချင်ပြည်နယ်ဒီမိုကရေစီပါတီ၊ ကချင်ဒီမိုကရက်တစ်ပါတီ၊ စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ် (စဒက) တို့ကို ဖျက်သိမ်း၍ ကချင်ပြည်နယ်ပြည်သူ့ပါတီကို ၂၀၁၉ ခုနှစ်အတွင်း ပူးပေါင်းတည်ထောင်ခဲ့သည်။

ထို့နောက် ကချင်ပြည်နယ်အခြေစိုက် နိုင်ငံရေးပါတီတစ်ခုဖြစ်သည့် ပြည်ထောင်စုတိုင်းရင်းသားများ ဖက်ဒရယ်ဒီမိုကရေစီပါတီက ပါတီဖျက်သိမ်းကာ KSPP နှင့် ပူးပေါင်းခဲ့၍ တရားဝင်နိုင်ငံရေးပါတီ လေးပါတီကို ဖျက်သိမ်းကာ တည်ထောင်ထားသည့် နိုင်ငံရေးပါတီဖြစ်လာခဲ့သည်။

ကချင်ပြည်နယ် ပြည်သူ့ပါတီကဲ့သို့ပင် ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ၊ ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ မွန်ညီညွတ်ရေးပါတီနှင့် ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီတို့သည် ဒေသတူပါတီများ ပေါင်းစည်းထားကြသည့် တိုင်းရင်းသားပါတီများဖြစ်သည်။

Most Read

Most Recent