နိုင်ငံနယ်နိမိတ် ပြန်လည်တိုင်းတာခြင်း လုပ်ငန်းများဆောင်ရွက်ရာတွင် နိုင်ငံ၏ အချုပ်အခြာအာဏာ ပိုင်နယ်မြေ တစ်လက်မမျှ အိမ်နီးချင်းနိုင်ငံလက်ထဲသို့ မပါရှိစေရန် အလေးထားဆောင်ရွက်နေဟု ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပြောကြား

နိုင်ငံနယ်နိမိတ် ပြန်လည်တိုင်းတာခြင်း လုပ်ငန်းများဆောင်ရွက်ရာတွင် နိုင်ငံ၏ အချုပ်အခြာအာဏာ ပိုင်နယ်မြေ တစ်လက်မမျှ အိမ်နီးချင်းနိုင်ငံလက်ထဲသို့ မပါရှိစေရန် အလေးထားဆောင်ရွက်နေဟု ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပြောကြား
Published 15 June 2020
မင်းနိုင်စိုး

နိုင်ငံနယ်နိမိတ် ပြန်လည်တိုင်းတာခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံ၏ အချုပ်အခြာအာဏာ ပိုင်နယ်မြေအား အိမ်နီးချင်းနိုင်ငံလက်ထဲသို့ တစ်လက်မမျှ မပါရှိစေရန် အလေးထားဆောင်ရွက်နေကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့်က ပြောကြားသည်။

နိုင်ငံတော်အစိုးရ၏ စတုတ္ထ တစ်နှစ်တာကာလအတွင်း ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန၏ ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်၍ ရှင်းလင်းပွဲကို နေပြည်တော်တွင် ဇွန် ၁၅ ရက်က ပြုလုပ်ခဲ့ပြီး အဆိုပါရှင်းလင်းပွဲတွင် နယ်စပ်တိုင်းတာခြင်း လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီးက ထိုသို့ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

နယ်စပ်ရေးရာကိစ္စရပ်များနှင့်ပတ်သက်၍ အိမ်နီးချင်းကောင်းပီသစွာဖြင့် မိတ်ဝတ်မပျက်ဆောင်ရွက်ရန် နိုင်ငံခြားရေးဝန်ကြီးဌာနက ညွှန်ကြားထားကြောင်း အဆိုပါကိစ္စများအား ပါးနပ်စွာဖြင့် ကိုင်တွယ်ဖြေရှင်း ဆောင်ရွက်နိုင်စေရန် နယ်နိမိတ်ဆိုင်ရာကိစ္စများတွင် ဥပဒေများ၊ နှစ်နိုင်ငံချုပ်ဆိုထားသော စာချုပ်များ၊ နည်းဥပဒေများ၊ အမိန့်ညွှန်ကြားချက်များနှင့် မြေပုံများရှိကြောင်း ဒုတိယဝန်ကြီး ဦးတင်မြင့်က ပြောကြားသည်။

“ အဲဒါတွေလည်း ကျွန်တော်တို့က ဖြေရှင်းဆောင်ရွက်နိုင်ဖို့အတွက်ကို ဒါအမိနိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာပိုင်နယ်မြေပိုင်ဆိုင်မှုလည်း တစ်လက်မမှ ဟုတ်လား၊ သူများ အိမ်နီးနားချင်းနိုင်ငံတွေ လက်ထဲ မပါရှိအောင် ကျွန်တော်တို့ အလေးထားဆောင်ရွက်နေပါတယ်” ဟု ပြည်ထောင်စုအစိုးရအဖွဲ့ ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြောကြားသည်။

ပြီးခဲ့သည့်နှစ်က မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်နိမိတ်တိုင်းတာခြင်းလုပ်ငန်းနှင့် ပတ်သက်၍ အငြင်းပွားမှုများ ဖြစ်ပေါ်ခဲ့ပြီး ထိုသို့သော နယ်နိမိတ်ဆိုင်ရာ ပြဿနာများသည် နယ်စပ်ဒေသအားလုံးတွင် ရှိကြောင်း၊ ထိုသို့ပြဿနာဖြစ်ပေါ်လာပါက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနများသို့ ပေးပို့၍ သံတမန်နည်းလမ်းအရ အမှားအယွင်းမရှိအောင် ဆောင်ရွက်ရကြောင်းလည်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သန်းက ပြောကြားသည်။

နယ်စပ်ဒေသများတွင် နယ်မြေတိုင်းတာမည်ဆိုပါက နှစ်ဖက်နိုင်ငံများက သံတမန်နည်းလမ်းအရ ပညာရှင်များ ပါဝင်သော နယ်မြေတိုင်းတာရေးအဖွဲ့အား ဖွဲ့စည်း၍ ပြန်လည်တိုင်းတာရကြောင်း၊ လက်ရှိ နယ်စပ်ဒေသများတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများသည် ဒုဦးစီးအဆင့်သာ ရှိသည့်အတွက် နှစ်နိုင်ငံကိစ္စရပ်များနှင့်ပတ်သက်၍ ဆက်သွယ်ဆောင်ရွက်ရာတွင် အခက်အခဲများရှိကြောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပြောကြားသည်။

“ နယ်စပ်မြို့လေးတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ဝန်ထမ်းက ဒုဦးစီးအဆင့်ပဲ ရှိပါတယ်။ ဒါကြောင့်မို့လို့ တစ်ဖက်နိုင်ငံနဲ့ ပြောရဆိုရတာခက်တဲ့အတွက်ကြောင့် ဦးစီးအရာရှိတွေ ခန့်အပ်ဖို့ဆိုပြီးတော့ တစ်ဆက်တည်းမှာပဲ ၄၅ မြို့အထိ ကျွန်တော်တို့ တင်ပြထားပါတယ်” ဟု ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သန်းက ပြောကြားသည်။

လက်ရှိအချိန်တွင် မူဆယ်နှင့် ချင်းရွှေဟော်ဘက်တွင် နယ်မြေတိုင်းတာမှုလုပ်ငန်းစဉ်အချို့ ပြီးဆုံးသွားပြီဖြစ်သော်လည်း ချင်းရွှေဟော်တွင်မူ အသေးစိတ်တိုင်းတာခြင်းလုပ်ငန်းများ မပြီးဆုံးသေးကြောင်း၊ အခြားနယ်စပ်ဒေသများတွင် နယ်နိမိတ်တိုင်းတာခြင်း လုပ်ငန်းများ ဆောင်ရွက်ရန် သံတမန်နည်းလမ်းအရ ဆက်သွယ်ထားမှုများရှိကြောင်းလည်း ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သန်းက ပြောကြားသည်။

Most Read

Most Recent