နိုင်ငံရေး အနေအထားနှင့် လိုအပ်ချက်အပေါ် မူတည်၍ မြို့နယ်အဆင့်မှ ရွေးချယ်ထားသည့် ကိုယ်စားလှယ်လောင်းအချို့ အပြောင်းအလဲရှိနိုင်ဟု NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ပြောကြား

နိုင်ငံရေး အနေအထားနှင့် လိုအပ်ချက်အပေါ် မူတည်၍ မြို့နယ်အဆင့်မှ ရွေးချယ်ထားသည့် ကိုယ်စားလှယ်လောင်းအချို့ အပြောင်းအလဲရှိနိုင်ဟု NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ပြောကြား
Published 14 June 2020
ဉာဏ်လင်းထွန်း

၂၀၂၀ အထွေထွေရွေးကောက်ပွဲဝင် ကိုယ်စားလှယ်များကို မြို့နယ် အလုပ်အမှုဆောင်အဖွဲ့ဝင်များ မဲပေးရွေးချယ်မှုဖြင့် ဆောင်ရွက်လျက်ရှိသော်လည်း နိုင်ငံရေး အခြေအနေနှင့် လိုအပ်ချက်အပေါ် မူတည်၍ ဗဟိုအဆင့်တွင် အပြောင်းအလဲအချို့ ရှိနိုင်သည်ဟု NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးတင်ထွဋ်ဦးက ပြောကြားသည်။

“အခုက မြို့နယ်အဆင့်က သူတို့ စည်းကမ်းအတိုင်းနဲ့ သူတို့လျာထားချက်ပဲ။ ဒါတွေကလည်း ဘာမှအတည် ဖြစ်မလာနိုင်သေးဘူးလေ။ အဆင့်ဆင့် ဖြတ်ရဦးမှာ သွားရဦးမှာလေနော်။ အဲဒီတော့ အောက်ခြေမှာ အကယ်လို့ မတင်ထားပေမဲ့ ဗဟိုအဆင့်ရောက်တော့မှ နိုင်ငံရေးအနေအထားနဲ့ ဘာနဲ့ အခြေအနေအရ လိုအပ်ချက်တွေအပေါ်မှာ စဉ်းစားပြီးတော့ အပြောင်းအလဲဆိုတာ အများကြီး ဖြစ်သွားနိုင်သေးတယ်” ဟု မန္တလေးတိုင်း NLD ပါတီဥက္ကဋ္ဌလည်းဖြစ်သည့် ဦးတင်ထွဋ်ဦးက ပြောကြားသည်။

ထို့ပြင် မြို့နယ်အဆင့်တွင် ကိုယ်စားလှယ်လောင်းများ ဦးစားပေးရွေးချယ်ရာတွင်    မဲပေးရွေးချယ်သည့် ရလဒ်များ အွန်လိုင်းပေါ် ပေါက်ကြားသည့် ဖြစ်စဉ်များနှင့် ပက်သက်၍ ပါတီဗဟိုက လေ့လာစောင့်ကြည့်လျက် ရှိကြောင်းလည်း ၎င်းက ဆက်လက် ပြောကြားသည်။

“ဒါ လေ့လာရမှာပေါ့။ စောင့်ကြည့်နေရမှာပေ့ါ။ ဆိုလိုတာက သွေးရိုးသားရိုး လုပ်သင့်လုပ်ထိုက်၊ ဖြစ်သင့်ဖြစ်ထိုက်တဲ့ လုပ်ငန်းကို လုပ်ခဲ့ကြတာလား။ ဒါမှမဟုတ်လည်း တခြားမရိုးသားတဲ့ အကြံအစည်တွေနဲ့ လုပ်ဆောင်ကြတာလား။ ဒါတွေကို လေ့လာပြီးမှ လိုအပ်ရင် လိုအပ်သလို လုပ်ရမှာပေါ့နော်” ဟု NLD CEC အဖွဲ့ဝင် ဦးတင်ထွဋ်ဦးက ပြောကြားသည်။

လက်ရှိတွင် မြို့နယ်အဆင့်၌ NLD ပါတီ ကိုယ်စားလှယ်လောင်းအဖြစ် လျှောက်ထားသူများကို ပါတီက ရွေးချယ်ထားသည့် မြို့မိမြို့ဖ ငါးဦးနှင့် မြို့နယ် အလုပ်အမှုဆောင်အဖွဲ့တို့ မဲပေးရွေးချယ်ကာ ဦးစားပေး အစဉ်လိုက် သတ်မှတ်ခြင်းများ လုပ်ဆောင်လျက် ရှိသည်။

သို့ရာတွင် အချို့သောမြို့နယ်များရှိ  ကိုယ်စားလှယ်လောင်း ရွေးချယ်မှု ရလဒ်များ အွန်လိုင်းပေါ်ရောက်ရှိ ပျံ့နှံ့ခဲ့ပြီး ထိုသို့ ကိုယ်စားလှယ်လောင်း ရွေးချယ်မှုများနှင့် ပတ်သက်၍  မြို့နယ်ပါတီ တာဝန်ရှိသူများအနေဖြင့် တရားဝင်ပြောကြားခွင့် မရှိသေးဟု ဦးတင်ထွဋ်ဦးက ဆိုသည်။

NLD ပါတီ၏ ကိုယ်စားလှယ်လောင်း စိစစ်ရွေးချယ်မှုကို ပြည်နယ်နှင့် တိုင်းဒေသကြီး ပါတီဗဟိုကော်မတီသို့ ဇွန် ၁၅ ရက် နောက်ဆုံးထား တင်ပြရန်နှင့် ပါတီဗဟိုသို့ ဇွန်လကုန် နောက်ဆုံးထားတင်ပြရန် ညွှန်ကြားထားသည်။

မြို့နယ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်၊ ဗဟိုစသည့် အဆင့် သုံးဆင့်ဖြင့် ကိုယ်စားလှယ်လောင်း ရွေးချယ်မှုကို လုပ်ဆောင်သော်လည်း အပြီးသတ်ရွေးချယ်မှုကို ပါတီဗဟိုက လုပ်ဆောင်မည် ဖြစ်သည်ဟု NLD ပါတီ ဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာ ဇော်မြင့်မောင်ကလည်း ပြောကြားထားသည်။

NLD ပါတီသည် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ ဝင်ရောက်စဉ်ကလည်း မြို့နယ်အဆင့်မှ  ရွေးချယ်ပေးသည့် ကိုယ်စားလှယ်လောင်းအချို့ အတည်ပြုစာရင်း ပါဝင်လာခြင်းမရှိမှုဖြင့် ပါတီဝင်အချို့ နုတ်ထွက်မှု ဖြစ်စဉ်များ၊ ဝေဖန်မှုများကို ရင်ဆိုင်ခဲ့ရသည်။

ကိုယ်စားလှယ်လောင်း အရည်အချင်း သတ်မှတ်ချက်နှင့် ပတ်သက်၍ ၂၀၁၅ အထွေထွေရွေးကောက်ပွဲနှင့် ကွာခြားမှု များစွာမရှိဘဲ အရည်အချင်းတူလျှင် တိုင်းရင်းသား၊ လူငယ်နှင့် အမျိုးသမီးတို့ကို ဦးစားပေးမည် ဟု ဒေါက်တာဇော်မြင့်မောင်က ဆိုသည်။

NLD ပါတီသည် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင်လည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဝင်ရောက် ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း ပါတီတာဝန်ရှိသူများက ပြောကြားသည်။                  

Most Read

Most Recent