စစ်ကိုင်းမြို့နယ် NLD ကိုယ်စားပြု အထွေထွေရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် ပါတီတွင်း လွှတ်တော်ကိုယ်စားလှယ်လောင်း လျှောက်လွှာတင်သူ ၄၀ ရှိ

စစ်ကိုင်းမြို့နယ် NLD ကိုယ်စားပြု အထွေထွေရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် ပါတီတွင်း လွှတ်တော်ကိုယ်စားလှယ်လောင်း လျှောက်လွှာတင်သူ ၄၀ ရှိ
Published 13 June 2020
မင်းသန့်

စစ်ကိုင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီတွင် လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း အဆိုပြုလျှောက်လွှာတင်သူ ၄၀ ဦးရှိကြောင်း သိရသည်။

လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စား ပြုလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက် အရွေးချယ်ခံနိုင်ရန် လျှောက်လွှာများကို ဇွန် ၇ ရက်မှ ၁၂ ရက်အထိ လက်ခံဆောင်ရွက်ခဲ့ပြီး ငါးရက်တာကာလအတွင်း လျှောက်ထားသူ ၄၀ ဦးရှိခဲ့သည်။

ယင်းသို့ လျှောက်ထားရာတွင် ပြည်သူ့လွှတ်တော်အတွက် ၁၃ ဦး၊ အမျိုးသားလွှတ်တော်အတွက် ကိုးဦးနှင့် တိုင်းဒေသကြီးမဲဆန္ဒနယ်(၁)နှင့် တိုင်းဒေသကြီးမဲဆန္ဒနယ်(၂)တို့အတွက် ကိုးဦးစီ လျှောက်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့လျှောက်ထားလာသူများကို ပါတီမှ ရွေးချယ်ထားသည့် မြို့မမြို့ဖများနှင့် မြို့နယ်အလုပ်အမှုဆောင်အဖွဲ့မှ ပြန်လည်စိစစ်ကာ ရွေးချယ်ခံရသူများကို ဇွန် ၁၄ ရက်တွင် ထုတ်ပြန်ကြေညာမည်ဖြစ်ပြီး ဇွန် ၁၅ ရက်တွင် တိုင်းအဆင့်သို့ နောက်ဆုံးစာရင်း တင်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent