ပြည်သူ့ရှေ့ဆောင်ပါတီက မြို့နယ် ၁၀၀ နီးပါး၌ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ယခုလကုန်တွင် ကိုယ်စားလှယ်လောင်း အတည်ပြုမည်

ပြည်သူ့ရှေ့ဆောင်ပါတီက မြို့နယ် ၁၀၀ နီးပါး၌ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ယခုလကုန်တွင် ကိုယ်စားလှယ်လောင်း အတည်ပြုမည်
Published 13 June 2020
ဉာဏ်လင်းထွန်း

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ် ၁၀၀ နီးပါးတွင်  ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ယခုလကုန်တွင် ကိုယ်စားလှယ်လောင်း ရွေးချယ်အတည်ပြုမည်ဟု ပြည်သူ့ရှေ့ဆောင် (PPP) ပါတီ ဒုတိယဥက္ကဋ္ဌ ဦးကျော်ဇေယျက ပြောကြားသည်။

ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မြို့နယ် ၁၀၀ ခန့်တွင် ရန်ကုန်တိုင်းအတွင်း မြို့နယ် ၃၀ ကျော်ဖြင့် အများဆုံးဖြစ်ပြီး ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ မကွေးတိုင်းနှင့် ရှမ်းပြည်နယ်ရှိ မြို့နယ်အချို့တွင်လည်း ဝင်ရောက်ယှဉ်ပြိုင်မည်ဟု ၎င်းက ပြောကြားသည်။

“ အန်ကယ်တို့ (ကိုယ်စားလှယ်လောင်း) စရွေးနေပြီ။ အတည်တကျ Finalist ကတော့ ဒီလကုန်လောက် သိမယ်။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မြို့နယ်ပေါင်းက ၇၀ ကျော်သွားပြီ။ ၁၀၀ နီးပါးကပ်နေပြီ” ဟု ဦးကျော်ဇေယျက ပြောကြားသည်။

တိုင်းဒေသကြီးများရှိ မဲဆန္ဒနယ်သုံးခုလုံးတွင် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သော်လည်း ပြည်နယ်မဲဆန္ဒနယ်များတွင် ပြည်ထောင်စုအဆင့် လွှတ်တော်ဖြစ်သည့် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့ကို ဦးစားပေးယှဉ်ပြိုင်မည်ဟု PPP ပါတီဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်က ယခုနှစ် နှစ်ဆန်းပိုင်းကပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတစ်ခုတွင် ပြောကြားထားသည်။

ရန်ကုန်တိုင်းအတွင်းရှိ ကော့မှူးမြို့နယ်၊ ကိုကိုးကျွန်းမြို့နယ်၊ ဒလမြို့နယ်၊ ကွမ်းခြံကုန်းစသည့်  မြို့နယ်များတွင် ကိုယ်စားလှယ်လောင်း အဆိုပြုလွှာလျှောက်ထားခြင်း မရှိ၍ ယင်းမြို့နယ်များတွင် ဝင်ရောက် ယှဉ်ပြိုင်နိုင်ခြေ နည်းပါးသည်ဟု ၎င်းက ဆိုသည်။

PPP ပါတီက ရန်ကုန်တိုင်းအတွင်း ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းစာရင်း ပြီးစီးသလောက်ဖြစ်နေသော်လည်း ဒဂုံမြို့နယ် မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း အတည်ပြုရခြင်း မရှိသေးဟု သိရသည်။

ဒဂုံမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်နှင့် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်များသည် ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်နှင့် ဒုတိယဥက္ကဋ္ဌ ဦးကျော်ဇေယျတို့ NLD ပါတီမှ ၂၀၁၅ အထွေထွေရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မဲဆန္ဒနယ်များ ဖြစ်သည်။

ဒေါက်တာ သက်သက်ခိုင်သည် ၂၀၁၉ ခုနှစ် နိုဝင်ဘာတွင် NLD ပါတီမှ နုတ်ထွက်ခဲ့ပြီး ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းတွင် ပြည်သူ့ရှေ့ဆောင်ပါတီ တည်ထောင်ခဲ့ခြင်းဖြစ်သည်။

ထို့အတူ ဦးကျော်ဇေယျသည် NLD ပါတီမှ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီတွင် ထုတ်ပယ်ခံရပြီးနောက် ပြည်သူ့ရှေ့ဆောင်ပါတီသို့ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

လာမည့် အထွေထွေရွေးကောက်ပွဲတွင် ၎င်းတို့နှစ်ဦး ဝင်ရောက်ယှဉ်ပြိုင်ရန်ရှိသော်လည်း မည်သည့်မဲဆန္ဒနယ်နှင့် မည်သည့်လွှတ်တော်အမျိုးအစားကို ဝင်ရောက်ယှဉ် ပြိုင်မည်ကို မဆုံးဖြတ်ရသေးဟု သိရသည်။

ပြည်သူ့ရှေ့ဆောင်ပါတီကို စီးပွားရေးလုပ်ငန်းရှင်းများ၊ တတ်သိပညာရှင်များ၊ နိုင်ငံ့ဝန်ထမ်းဟောင်းများ၊ တိုင်းရင်းသား၊ လူငယ်များ စုပေါင်းတည်ထောင်သည်ဟု သိရပြီး ပါတီမှတ်ပုံတင်ကို ၂၀၁၉ ခုနှစ် အောက်တိုဘာ ၂၃ ရက်တွင် ရရှိခဲ့သည်။ 

Most Read

Most Recent