စစ်တွေမှ ပုဏ္ဏားကျွန်းသို့သွားသည့် စစ်ရေယာဉ်အချို့ကို AA အဖွဲ့က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်

စစ်တွေမှ ပုဏ္ဏားကျွန်းသို့သွားသည့် စစ်ရေယာဉ်အချို့ကို AA အဖွဲ့က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်
Published 10 June 2020

ရခိုင်ပြည်နယ် စစ်တွေမြို့ဘက်မှ ပုဏ္ဏားကျွန်းမြို့ဘက်သို့သွားသည့် စစ်ရေယာဉ်အချို့ကို ဇွန် ၁၀ ရက် နံနက် ၁ နာရီခန့်တွင် AA အဖွဲ့က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားသည်။

“ကျွန်တော်တို့ ဒီနေ့မနက် ၁ နာရီ လောက်မှာ စစ်တွေကနေ ပုဏ္ဏားကျွန်းကိုသွားတဲ့ တပ်မတော်က စစ်ရေယာဉ်တချို့ကို AA ကနေပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာ ရှိပါတယ်။ ဒီနေ့မနက် ၁ နာရီလောက်မှာ ပုဏ္ဏားကျွန်းကိုသွားတဲ့ စစ်ရေယာဉ်တချို့ကို AA တွေက အမြင့်ကျွန်းရွာအနီးမှာ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တယ်” ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဆိုသည်။

ဖြစ်စဉ်မှာ တပ်မတော် (ရေ) မှ စစ်ရေယာဉ်သုံးစီးသည် အုပ်ချုပ်မှုကိစ္စများ ဆောင်ရွက်ရန် ဇွန် ၉ ရက် ည ၁၀ နာရီခန့်တွင် စစ်တွေမြို့မှ ပုဏ္ဏားကျွန်းမြို့ဘက်သို့ မြစ်ဝါချောင်းအတိုင်း ထွက်ခွာလာစဉ် ည ၁၂ နာရီခန့်တွင် အမြင့်ကျွန်းကျေးရွာအနီးသို့ အရောက်၌ AA အဖွဲ့က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် စတင်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

AA အဖွဲ့က ထိုသို့ နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်မှုကြောင့် လုံခြုံရေးလိုက်ပါလာသည့် တပ်ဖွဲ့ဝင်များနှင့် စစ်ရေယာဉ်များက ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ AA အဖွဲ့ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်းသိရသည်။

လုံခြုံရေးတပ်ဖွဲ့၊ တပ်မတော်စစ်ရေယာဉ်များနှင့် AA အဖွဲ့တို့ ၁၅ မိနစ်ခန့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အဆိုပါပစ်ခတ်မှုအတွင်း တပ်မတော်စစ်ရေယာဉ်ဘက်မှ စစ်သည်တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ၎င်းက ပြောကြားသည်။

AA အနေဖြင့် ရေလမ်းကြောင်းတစ် လျှောက်ရှိ ရွာအနီးနားပတ်ဝန်းကျင်နေရာများမှနေ၍ တပ်မတော်စစ်ရေယာဉ်များအား မကြာခဏပစ်ခတ်ခဲ့ဖူးသကဲ့သို့ စစ်ရေယာဉ်များ သွားလာနေသည့် ရေလမ်းကြောင်းများတွင်လည်း ငါးဖမ်းပိုက်ကဲ့သို့သော ပိုက်များချထား၍ စစ်ရေယာဉ်များကမ်းနားသို့ ကပ်လာစေရန် လုပ်ဆောင်ခဲ့မှုများရှိကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားသည်။

ထို့ပြင် AA အနေဖြင့် တပ်မတော်စစ်ရေယာဉ်များအား အရပ်ဝတ်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး တပ်မတော်စစ်ရေယာဉ်များဘက်မှ ပြန်လည်ပစ်ခတ်ရာတွင်မူ ထိခိုက်ဒဏ်ရာရရှိမှုများရှိလာပါက တပ်မတော်၏ ပစ်ခတ်မှုကြောင့် အရပ်သားများ ဒဏ်ရာရရှိသည်ဟူသော စွပ်စွဲမှုများ ဆောင်ရွက်ခဲ့ကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားသည်။