တရုတ်နိုင်ငံနယ်စပ်မှ မန္တလေးသို့ ဆက်သွယ်ဖောက်လုပ်မည့် ရထားလမ်းစီမံကိန်းနှင့်ပတ်သက်၍ နိုင်ငံအတွက်အန္တရာယ်ရှိမည့်အလုပ်မျိုး မည်သည့်အခါမျှ လုပ်ဖြစ်လိမ့်မည်မဟုတ်ကြောင်း ပို့/ ဆက်ဝန်ကြီးဌာန အာမခံ

တရုတ်နိုင်ငံနယ်စပ်မှ မန္တလေးသို့ ဆက်သွယ်ဖောက်လုပ်မည့် ရထားလမ်းစီမံကိန်းနှင့်ပတ်သက်၍ နိုင်ငံအတွက်အန္တရာယ်ရှိမည့်အလုပ်မျိုး မည်သည့်အခါမျှ လုပ်ဖြစ်လိမ့်မည်မဟုတ်ကြောင်း ပို့/ ဆက်ဝန်ကြီးဌာန အာမခံ
Published 10 June 2020
နေရိုင်း၊  ဇေယျာထွန်း

တရုတ်နိုင်ငံနယ်စပ်မှတစ်ဆင့် မြန်မာနိုင်ငံ မူဆယ်မြို့အား ဖြတ်ကျော်ပြီး မန္တလေးသို့ ဆက်သွယ်ဖောက်လုပ်မည့် ရထားလမ်းစီမံကိန်းနှင့်ပတ်သက်၍ နိုင်ငံအတွက် အန္တရာယ်ရှိမည့် အလုပ်မျိုးအား မည်သည့်အခါမျှလုပ်ဖြစ်လိမ့်မည် မဟုတ်ကြောင်းကို အာမခံနိုင်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဝင်းခန့်က ပြောကြားသည်။

ပြန်ကြားရေးဝန်ကြီးဌာနတွင် ဇွန် ၁၀ ရက်က ပြုလုပ်သည့် နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် စတုတ္ထတစ်နှစ်တာဆောင်ရွက်ချက်များနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတွင် တရုတ်နယ်စပ်မှတစ်ဆင့် မူဆယ်- မန္တလေးရထားလမ်းစီမံကိန်းအား ပြည်သူများ စိုးရိမ်ခြင်းနှင့်စပ်လျဉ်း၍ မီဒီယာ၏မေးမြန်းမှုအပေါ် အမြဲတမ်းအတွင်းဝန်က အထက်ပါကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

“အထူးသဖြင့် နယ်စပ်ဖြတ်ကျော်ပြီး ဆောင်ရွက်မယ့် စီမံကိန်းအားလုံးကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနသည် နိုင်ငံတော်ကိုယ်စား အဘက်ဘက်က သေသေချာချာ စဉ်းစားချင့်ချိန်ပြီးတော့မှ ကျွန်တော်တို့မှာရှိသမျှ Capacity နဲ့ စဉ်းစားချင့်ချိန်ပြီးတော့ လုပ်သင့်လုပ်ထိုက်တာများကို ခွင့်ပြုချက်များ တရားဝင်ရယူပြီး အဆင့်ဆင့် တဖြည်းဖြည်း တစ်ဆင့်ချင်း ဆောင်ရွက်ခြင်းရှိပါတယ်။ နိုင်ငံတော်အတွက် အန္တရာယ်ရှိမယ့်အလုပ်မျိုးကို မည့်သည့်အခါမျှ လုပ်ဖြစ်လိမ့်မယ်မဟုတ်ဘူးလို့ အာမခံပါတယ်” ဟု ဦးဝင်းခန့်က ပြောကြားသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံနယ်စပ် Ruli East Railway ဘူတာမှတစ်ဆင့် မြန်မာနိုင်ငံ မူဆယ်မြို့အားဖြတ်ကျော်၍ မန္တလေးသို့ ဆက်သွယ်ဖောက်လုပ်မည့် ၄၃၁ ကီလိုမီတာခန့် ရှည်လျားသော ရထားလမ်းသစ်စီမံကိန်းနှင့်ပတ်သက်ပြီး အရေးကြီးသည့် ပတ်ဝန်းကျင်ထိန်းသိမ်းမှုနှင့် အများပြည်သူလူထုအပေါ် မည်မျှထိခိုက်မည်နည်းဆိုသည့် လေ့လာမှုတစ်ခုအား ပြုလုပ်ခိုင်းထားပြီး နိုင်ငံတော်၏လုံခြုံမှုကိစ္စရပ်များအား အဖွဲ့အစည်းအားလုံးဖြင့် ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူးဦးဘမြင့်က ဆိုသည်။

“ကျွန်တော်တို့တိုင်းပြည်ရဲ့ နယ်စပ်ကုန်သွယ်ရေးမှာ အမြင့်မားဆုံးဖြစ်တဲ့ ဒီလုပ်ငန်းလေးတစ်ခုကို အောင်မြင်မယ်ဆိုရင် ကျွန်တော်တို့ အကျိုးအမြတ်ကောင်းမယ်ဆိုရင် ကျွန်တော်တို့ လုပ်မှာပေါ့။ အဲဒါနဲ့ပတ်သက်ပြီးတော့ Third Party ဆွတ်ဇာလန်နိုင်ငံ ကုမ္ပဏီတစ်ခုကစပြီးတော့ ကျွန်တော်တို့ကို အကူအညီစပေးပါပြီ။ ဒါနဲ့ပတ်သက်လို့ စိစစ်ပေးမှာပါ။ အားလုံးအဆင်ပြေပြီဆိုတော့မှ ဘယ်လိုလုပ်မလဲဆိုတဲ့အပေါ်မှာ လုပ်သွားမှာပေါ့။ ကျွန်တော်တို့ လုံးဝမနစ်နာအောင်။ တိုင်းပြည်မနစ်နာအောင် စဉ်းစားသွားမှာပါ။ ကျွန်တော်တို့ အကျိုးစီးပွားကို ကာကွယ်ပြီး လုပ်သွားမှာပါ။ စိတ်ချပါ။ ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုးအတွက်ကို ကောင်းတဲ့ဟာဖြစ်အောင် ကြိုးစားပြီး တည်ဆောက်သွားမှာဖြစ်ပါတယ်” ဟု ဦးဘမြင့်က ပြောကြားသည်။

အဆိုပါရထားလမ်းသစ်စီမံံကိန်းအား ပထမဆုံးအကြိမ်အဖြစ်၂၀၁၀ ပြည့်နှစ်က စတင်လုပ်ဆောင်ခဲ့သော်လည်း တရုတ်နိုင်ငံဘက်မှ လက်တွေ့မကျသည့်တောင်းဆိုမှုများနှင့် မြန်မာနိုင်ငံဘက်မှ နစ်နာမှုများရှိသည့်အတွက် အဆိုပါစီမံကိန်းရပ်တန့်ခဲ့ပြီးနောက် လက်ရှိဆောင်ရွက်မည့်စီမံကိန်းသည် ဒုတိယအကြိမ်မြောက်ဖြစ်ကြောင်း သိရသည်။

“ဟိုအရင်တုန်းက တရုတ်ပြည်က ဒီပိုက်ဆံတွေအကုန်ခံပြီး သူတို့လုပ်မှာ။ အဲဒီလိုလုပ်မယ့် ရထားဝန်ကြီးက ပြုတ်သွားတယ်။ အဲဒီနောက်ပိုင်းမှာ Policy ပြောင်းသွားတယ်။ ရထားကရှုံးလို့ဆိုပြီး မြန်မာပြည်ကို အကူအညီမပေးတော့ဘူး။ မပေးတော့ဘဲနဲ့ တစ်ပိုင်းတစ်စိတ်စာပဲ ပေးပြီးတော့ အတိုးများများနဲ့ ချေးဖို့ကြိုးစားတယ်။ လုံးဝလက်မခံနိုင်ဘူး။ အရင်းကျေကာလက ၃၅ နှစ်မှ အရင်းကြေမှာလေ။ လုံးဝမဖြစ်နိုင်ဘူး။ တိုင်းပြည်ကအရမ်း နစ်နာလို့ ရပ်ထားတယ်။ အခုကျတော့ သူတို့ပုံစံပြောင်းပြီးတော့ အတိုးနှုန်းသက်သာအောင် လုပ်ပါမယ်ဆိုပြီးပေါ့။ ကျွန်တော်တို့ ဒီဟာကို အလွယ်တကူ မစဉ်းစားဘူး။ ရှေ့နောက်စဉ်းစားပြီး တိုင်းပြည်မနစ်နာအောင်အများကြီး စဉ်းစားရတယ်” ဟု ဦးဘမြင့်က ဆက်လက်ပြောကြားသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံနယ်စပ် Ruli East Railway ဘူတာမှတစ်ဆင့် မြန်မာနိုင်ငံ မူဆယ်မြို့အားဖြတ်ကျော်၍ မန္တလေးသို့ ဆက်သွယ်ဖောက်လုပ်မည့် ၄၃၁ ကီလို မီတာခန့်ရှည်လျားသော ရထားလမ်းသစ်စီမံကိန်း အကောင်အထည်ဖော်နိုင်ရေးအတွက် ဖြစ်မြောက်နိုင်ခြေ လေ့လာမှု (Feasibility Study) အား တရုတ်နိုင်ငံ၏ကုန်ကျစရိတ်ဖြင့် ဆောင်ရွက်ပေးရန် ကမ်းလှမ်းမှုအပေါ် ၂၀၁၈ ခုနှစ်က မြန်မာ့မီးရထားနှင့် တရုတ်နိုင်ငံ China Railway Eryuan Engineering Group Company Limited တို့အကြား နားလည်မှုစာချွန်လွှာ ရေးထိုးခဲ့ကြောင်းသိရသည်။