လူမှုရေး၊ ယဉ်ကျေးမှုဓလေ့ထုံးစံ၊ ပြည်သူ့အကျိုးစီးပွားတို့နှင့် မသင့်လျော်သည့်ပို့စ်များကိုဖြုတ်ပေးရန် တောင်းဆိုမှုသာရှိပြီး Facebook တွင် ပို့စ်များဖြုတ်ချမှုကို ဝန်ကြီးဌာနအနေဖြင့် တိုက်ရိုက်လုပ်၍မရကြောင်း  ပို့ / ဆက် အမြဲတမ်းအတွင်းဝန် ပြောကြား

လူမှုရေး၊ ယဉ်ကျေးမှုဓလေ့ထုံးစံ၊ ပြည်သူ့အကျိုးစီးပွားတို့နှင့် မသင့်လျော်သည့်ပို့စ်များကိုဖြုတ်ပေးရန် တောင်းဆိုမှုသာရှိပြီး Facebook တွင် ပို့စ်များဖြုတ်ချမှုကို ဝန်ကြီးဌာနအနေဖြင့် တိုက်ရိုက်လုပ်၍မရကြောင်း  ပို့ / ဆက် အမြဲတမ်းအတွင်းဝန် ပြောကြား
ပြန်ကြားရေးဝန်ကြီးဌာနတွင် ဇွန် ၁၀ ရက်က  နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် စတုတ္ထတစ်နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့်ပတ်သက်၍ ပို့/ ဆက်ဝန်ကြီးဌာနက ရှင်းလင်းစဉ်
ပြန်ကြားရေးဝန်ကြီးဌာနတွင် ဇွန် ၁၀ ရက်က  နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် စတုတ္ထတစ်နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့်ပတ်သက်၍ ပို့/ ဆက်ဝန်ကြီးဌာနက ရှင်းလင်းစဉ်
Published 10 June 2020
အောင်မင်းသိန်း

လူမှုရေး၊ ယဉ်ကျေးမှု ဓလေ့ထုံးစံ၊ ပြည်သူ့အကျိုးစီးပွားတို့နှင့် မသင့်လျော်သည့်ပို့စ်များကို ဖြုတ်ပေးရန်တောင်းဆိုမှုသာရှိပြီး Facebook တွင် ပို့စ်များဖြုတ်ချမှုကို ဝန်ကြီးဌာနအနေဖြင့် တိုက်ရိုက်လုပ်၍မရကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးသိန်းက ပြောကြားသည်။

ဇွန် ၁၀ ရက်က နေပြည်တော်ရှိ ပြန်ကြားဝန်ကြီးဌာနရုံး၌ကျင်းပသည့် နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် စတုတ္ထတစ်နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့်ပတ်သက်၍ ရှင်းလင်းသည့် သတင်းစာရှင်းလင်းပွဲတွင် Social မီဒီယာကို စောင့်ကြည့်သည့် Team ကို အစိုးရက လုပ်ဆောင်နေပြီး လူတစ်ယောက်၏ ပုဂ္ဂလိကလွတ်လပ်ခွင့်ကို ထိခိုက်သည်အထိ စောင့်ကြည့်သလားဆိုသည့် မီဒီယာ၏မေးမြန်းမှုကို ပြန်လည်ဖြေကြားရာတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးသိန်းက အထက်ပါအတိုင်း ထည့်သွင်းဖြေကြားခဲ့ခြင်းဖြစ်သည်။

“Facebook ပေါ်မှာ သတင်းတွေ တင်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့လည်း အဓိကကတော့ Facebook ရဲ့ Opeator က သူ့ရဲ့ Policy ပေါ်မှာ မူတည်ပြီးတော့ သူက ကျင့်သုံးဆောင်ရွက်တာပေါ့။ Facebook သုံးတဲ့သူတွေ အားလုံးကလည်း သူ့မှာကျင့်သုံးတဲ့ Policy ကို လိုက်နာသဘောတူညီပါတယ်ဆိုတဲ့ သဘောတူညီချက်နဲ့ ဆောင်ရွက်တာပေါ့။ သို့သော် Facebook ရဲ့ Operation နဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့နိုင်ငံမှာ သူက မှတ်ပုံတင်ပြီး ဆောင်ရွက်ထားတဲ့ လုပ်ငန်းတစ်ခုမဟုတ်ဘူး။ သူ့ကို ကျွန်တော်တို့က တိုက်ရိုက်ဟိုလိုလုပ်ပါ၊ ဒီလိုလုပ်ပါ၊ ကျွန်တော်တို့က ပြောလို့မရဘူး။ သို့သော် သူ့ရဲ့ Policy အပေါ်မှာ အခြေခံပြီး တချို့တချို့သော ဆောင်ရွက်မှုတွေဟာ ကျွန်တော်တို့ရဲ့ လူမှုရေးယဉ်ကျေးမှု ပြည်သူလူထုရဲ့ အကျိုးစီးပွားတွေ ထိခိုက်လာတယ်လို့ ယူလို့ရှိရင် ကျွန်တော်တို့က သီးခြားဒီမှာရှိတဲ့ Facebook က Facebook ရဲ့ တာဝန်ခံပေါ့။ သူတို့ဒီမှာ တာဝန်ခံတချို့တာဝန်အရ လွှတ်ထားတာတွေရှိတယ်။ အဲဒီအဖွဲ့တွေနဲ့ ချိတ်ဆက်ပြီးတော့ ဒါတွေကတော့ ကျွန်တော်တို့ရဲ့ လူမှုရေး၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ ကျွန်တော်တို့ ပြည်သူတွေရဲ့ အကျိုးစီးပွားနဲ့ မသင့်လျော်တဲ့အတွက် ဒါတွေကို ဖြုတ်ပေးပါဆိုပြီးတော့ Request အနေနဲ့ပဲ ကျွန်တော်တို့က ဆောင်ရွက်လို့ရတဲ့ သဘောရှိပါတယ်။ ဒါကြောင့်မို့လို့ တချို့ Request တွေက ကျွန်တော်တို့နဲ့ တိုက်ရိုက်ဒါကြီးတော့ ဖြုတ်ပါဆိုပြီးတော့ ကျွန်တော်တို့ရဲ့ ဥပဒေနဲ့ တိုက်ရိုက်လုပ်လို့တော့ မရဘူးဆိုတဲ့သဘောရှိတယ်။  နောက်တစ်ခုကတော့ Monitoring နဲ့ပတ်သက်ပြီးတော့ ဒီ Operation ကို ကျွန်တော်တို့ဝန်ကြီးဌာနက တိုက်ရိုက်လုပ်နေတာ မဟုတ်တဲ့အတွက် အဲဒါတော့ကျွန်တော်တို့ အသေးစိတ်မသိဘူး” ဟု အမြဲတမ်းအတွင်းဝန် ဦးစိုးသိန်းက ပြောကြားသည်။

ထို့ပြင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန Website အချို့ပိတ်ခဲ့သည့် ကိစ္စသည် လုံခြုံရေးနှင့် သက်ဆိုင်သည့် အဖွဲ့အစည်းများက ညွှန်ကြားလာခြင်းကြောင့် ပိတ်ရခြင်းဖြစ်ပြီး ဝန်ကြီးဌာန၏ ဆုံးဖြတ်ချက်ဖြင့်ပိတ်သည့် Website များမရှိကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန် ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးသိန်းက ပြောကြားသည်။

“ဒီပိတ်တာနဲ့ပတ်သက်ပြီးတော့ လောလောဆယ် ကျွန်တော်တို့ဝန်ကြီးဌာနရဲ့ ဆုံးဖြတ်ချက်နဲ့ပိတ်တဲ့ Website တွေတော့ မရှိသေးဘူး။ ကျွန်တော်တို့ လုံခြုံရေးနဲ့ဆိုင်တဲ့ အဖွဲ့အစည်းတွေက ကျွန်တော်တို့ဆီကို ညွှန်ကြားလာတယ်။ ဒါလည်း လုံခြုံရေးနဲ့ဆိုင်တဲ့ အဖွဲ့အစည်းကလာတယ်ဆိုတာ ကမ္ဘာ့ကုလသမဂ္ဂအောက်က UNODC တို့၊ ဘာတို့ ဒီလိုမျိုး မူးယစ်ဆေးဝါးတွေ၊ Crime တွေနဲ့ပတ်သက်တဲ့ အဖွဲ့အစည်းကတစ်ဆင့် လုံခြုံရေးနဲ့ပတ်သက်တဲ့ ဌာနတွေကိုလာတယ်။ ကျွန်တော်တို့ဆီကို တစ်ဆင့် ဒါတွေပိတ်ပေးဖို့ဆိုပြီး ညွှန်ကြားလာတယ်။ ဒါတွေနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ ပိတ်တာရှိပါတယ်။ ကျွန်တော်တို့ ဝန်ကြီးဌာနအနေနဲ့ကတော့ ဒါတွေ ဒါတွေ ပိတ်မယ်ဆိုပြီးတော့ ပိတ်ထားတာတော့ မရှိသေးပါဘူး” ဟု ဦးစိုးသိန်းက ပြောကြားသည်။

ဝန်ကြီးဌာနက ပိတ်ခဲ့သည့် Website များတွင် သတင်းမီဒီယာများနှင့်ပတ်သက်သည့် Website များ ပါဝင်သွားသည်ကို တွေ့ရှိရခြင်းကြောင့် မည်သို့ဆောင်ရွက်သည်ကို ပြန်ကြားရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းနေခြင်းများလည်းရှိပြီး ယင်းအခြေအနေများကို သက်ဆိုင်ရာလုံခြုံရေးနှင့်ပတ်သက်သည့် ဌာနများနှင့် ညှိနှိုင်းထားကြောင်း ဦးစိုးသိန်းက ဆက်လက်ပြောကြားသည်။

“ကျွန်တော်တို့လည်း ဒီအခြေအနေလေးကို သက်ဆိုင်ရာလုံခြုံရေးနဲ့ပတ်သက်တဲ့ဌာနတွေကို ညှိနှိုင်းထားတယ်။ နောင်ဘယ်လိုဆောင်ရွက်မလဲ၊ ဘယ်လို ဆောင်ရွက်သင့်သလဲဆိုတာလေးတွေ ဒါ လက်ရှိ လောလောဆယ်လုပ်နေတဲ့ အခြေအနေလေးတွေပေါ့။ လောလောဆယ်တော့ ကျွန်တော်တို့ အကျဉ်းချုပ်ပြောရရင်တော့ ကျွန်တော်တို့ ဝန်ကြီးဌာနအနေနဲ့ ပိတ်တာတော့မရှိဘူး။ ပိတ်တဲ့အခါမှာလည်း ကျွန်တော်ပြောသလို ကြိုတင်ညှိနှိုင်းထားလား၊ မညှိနှိုင်းထားလားဆိုတာ ကျွန်တော်တို့ မသိဘူးပေါ့။ သို့သော် ကျွန်တော်တို့ဆီကို ပိတ်ပါဆိုတဲ့ဟာလေးတွေကို ကျွန်တော်တို့ပိတ်တယ်။ ပိတ်တဲ့ဟာတွေကလည်း ခုနကနဲ့ပတ်သက်တဲ့ဟာတွေပေါ့။ သို့သော် နောင်လုပ်တဲ့အခါကျရင်တော့ ချောချောမွေ့မွေ့ဖြစ်အောင် ဘယ်လိုလုပ်မလဲဆိုတာလေးတော့ ကျွန်တော်တို့ ဒါလေးတွေကို ညှိနှိုင်းဆွေးနွေးနေတာ ရှိပါတယ်” ဟု ၎င်းက ဆိုသည်။

ထိုသို့ပိတ်သိမ်းရာတွင် ပိတ်သိမ်းခိုင်းသည့်  လုံခြုံရေးအဖွဲ့အစည်းမှာ တပ်မတော် (သို့မဟုတ်) အစိုးရဌာနရုံးက ခိုင်းခြင်းလားဆိုသည့် မေးမြန်းမှုကိုမူ ဦးစိုးသိန်းက “တပ်မတော်ကတော့ ကျွန်တော်တို့ကို တိုက်ရိုက် အဲဒီလို ညွှန်ကြားလို့တော့မရပါဘူး” ဟု ပြန်လည်ဖြေကြားသည်။