၂၀၁၁ ခုနှစ်မှ ၂၀၁၆ ဘဏ္ဍာနှစ်အထိ ငါးနှစ်တာကာလအတွင်း ဒေသအစိုးရအဖွဲ့၏ ဒေသဖွံ့ဖြိုးမှုရန်ပုံငွေ သုံးစွဲမှုထဲမှ နိုင်ငံတော်အစိုးရသို့ ပြန်လည်ပေးသွင်းရမည့် ကြွေးကျန်ဘဏ္ဍာငွေများထဲတွင် ရန်ကုန်တိုင်းအပါအဝင် ပြည်နယ်နှင့် တိုင်းလေးခု ကျန်ရှိနေသေး

၂၀၁၁ ခုနှစ်မှ ၂၀၁၆ ဘဏ္ဍာနှစ်အထိ ငါးနှစ်တာကာလအတွင်း ဒေသအစိုးရအဖွဲ့၏ ဒေသဖွံ့ဖြိုးမှုရန်ပုံငွေ သုံးစွဲမှုထဲမှ နိုင်ငံတော်အစိုးရသို့ ပြန်လည်ပေးသွင်းရမည့် ကြွေးကျန်ဘဏ္ဍာငွေများထဲတွင် ရန်ကုန်တိုင်းအပါအဝင် ပြည်နယ်နှင့် တိုင်းလေးခု ကျန်ရှိနေသေး
ဇွန် ၈ ရက်က ပြန်ကြားရေးဝန်ကြီးဌာန၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး တာဝန်ရှိသူများ ရှင်းလင်းပြောကြားနေစဉ်
ဇွန် ၈ ရက်က ပြန်ကြားရေးဝန်ကြီးဌာန၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး တာဝန်ရှိသူများ ရှင်းလင်းပြောကြားနေစဉ်
Published 8 June 2020
နေရိုင်း၊ ဇေယျာထွန်း

ယခင်အစိုးရလက်ထက်၂၀၁၁ ခုနှစ်မှ ၂၀၁၆ ဘဏ္ဍာနှစ်အထိ ငါးနှစ်တာကာလအတွင်း ဒေသအစိုးရအဖွဲ့၏ ဒေသဖွံ့ဖြိုးမှုရန်ပုံငွေသုံးစွဲမှုထဲမှ နိုင်ငံတော်အစိုးရထံသို့ ပြန်လည်ပေးသွင်းရမည့် ကြွေးကျန်ဘဏ္ဍာငွေများထဲတွင် ရန်ကုန်တိုင်းဒေသကြီးအပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီး လေးခု ကျန်ရှိနေသေးကြောင်း သိရသည်။

ဇွန် ၈ ရက်က ပြန်ကြားရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် စတုတ္ထတစ်နှစ်တာ ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲအပြီးအတွင်း သတင်းထောက်များ၏ မေးမြန်းမှုကို ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်ခင်သီက အထက်ပါကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ယခင်သမ္မတ ဦးသိန်းစိန်လက်ထက်တွင် ဒေသအစိုးရအဖွဲ့၏ ဖွံ့ဖြိုးမှုရန်ပုံငွေသုံးစွဲမှုထဲမှ နိုင်ငံတော်အစိုးရထံသို့ ပြန်လည်ပေးသွင်းရမည့် ကြွေးကျန်ဘဏ္ဍာငွေများထဲတွင် ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ကရင်ပြည်နယ်နှင့် ရှမ်းပြည်တို့ ကျန်ရှိနေသေးကြောင်း သိရသည်။

“ အဲဒါတွေနဲ့ပတ်သက်ပြီးတော့ နောက်ဆုံးသမ္မတရုံးကနေပြီးတော့ လက်ရှိဆောင်ရွက်ပြီးစီးမှုအခြေအနေကို ပြီးပြတ်အောင် ဆောင်ရွက်ပေးဖို့ စာညွှန်ကြားချက် ထုတ်ပြန်ထားတဲ့အပေါ်မှာလည်း သက်ဆိုင်ရာ တိုင်းဒေသကြီး ကျန်ရှိနေတဲ့အစိုးရအဖွဲ့တွေနဲ့ စီမံဆောင်ရွက်မှုအခြေအနေတွေနဲ့ အဲဒီဆောင်ရွက်မှု အခြေအနေတွေအပေါ်မှာ စိစစ်မှုအခြေအနေတွေကို သက်ဆိုင်ရာ AG ရုံးတွေကလည်း စိစစ်တင်ပြဖို့ ကျွန်မတို့လမ်းညွှန်မှု ပြုထားပြီးဖြစ်ပါတယ်။ သူတို့ရဲ့ပြန်ကြားမှု ရရှိလာတဲ့အချိန်ကြလို့ရှိရင် အဲဒီဆောင်ရွက်ပြီးစီးမှု အခြေအနေတွေကို စိစစ်ပြီးတော့ ကျွန်မတို့အနေနဲ့ သမ္မတရုံးကို ဆက်လက်တင်ပြမှာ ဖြစ်ပါတယ်” ဟု ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်ခင်သီက ပြောကြားသည်။

ယခင်အစိုးရ၏ ငါးနှစ်တာကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးအနေဖြင့် ကျောက်မျက်လုပ်ငန်းရှင်များအား စိုက်ထုတ်ပေးချေထားသည့် ငွေကျပ် ၁၄၃၅ ဒသမ ၅၀၈ သန်းရှိပြီး လက်ရှိအစိုးရသို့ ပြန်လည်ပေးသွင်းရန် ကျန်ရှိနေသည့်ငွေမှာ ကျပ် ၁၃၂၂  ဒသမ ၆၀၁ သန်းရှိကြောင်း သိရသည်။

“ မန္တလေးက မီးလင်းရေးချေး ငွေကျပ် စတင်ဖော်ထုတ်ခဲ့တာတော ့၃၆၉ ဒသမ ၆၄၅ သန်းပါ။ အဲဒီအထဲကနေပြီးတော့ လက်ရှိအထိ ပေးသွင်းရန်ကျန်နေသေးတာတော့ ၃၂၂ သန်း ကျန်နေပါသေးတယ်။ ဒါပေမဲ့ ပြီးပြတ်မှုမရှိသေးတဲ့ ချေးငွေကျန်တာလေးတွေရှိတာကို သူတို့ ဆက်ပြီးတော့ ဆောင်ရွက်နေပါတယ်ဆိုပြီးတော့လည်း သက်ဆိုင်ရာတိုင်းဒေသကြီး အစိုးရအဖွဲ့ကနေပြီးတော့ သမ္မတရုံးကိုလည်း သူတို့က တင်ပြနေတာပေါ့” ဟု ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်ခင်သီက ပြောကြားသည်။

ရှမ်းပြည်နယ်အနေဖြင့် လျှပ်စစ်ဖော်ထုတ်မှုလုပ်ငန်းမှ မြေငှားရမ်းခကျန်ရှိနေသည့် ငွေအား ပေးသွင်းရန်ဖော်ထုတ်ခဲ့ပြီး အဆိုပါ မြေအသုံးချမှုမှ ပရီမီယမ်ကြေးအဖြစ် ပေးသွင်းရန် ကျပ် ၁၆ ဒသမ ၅ သန်း ကျန်ရှိနေသေးကြောင်း သိရသည်။

ထို့ပြင် ကရင်ပြည်နယ်မှ ပုဂ္ဂိုလ်အဖွဲ့အစည်း ၄၅ ဦး၏ချေးငွေကျပ် ၁၅၀၉ ဒသမ ၅၅၄ သန်းကျန်ရှိနေပြီး အဆိုပါငွေအားလုံးအား နိုင်ငံတော်အစိုးရထံသို့ ပေးသွင်းမှုမရှိသေးကြောင်း ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်ခင်သီက ဆက်လက်ပြောကြားသည်။

ယခင်အစိုးရလက်ထက်အတွင်း အဆိုပါတိုင်းဒေသကြီးနှင့် ပြည်နယ်လေးခုမှ နိုင်ငံတော်အစိုးရသို့ ပေးသွင်းရန်ကျန်ရှိနေသည့် ငွေများနှင့်ပတ်သက်သည့် နောက်ဆုံးအခြေအနေအား နိုင်ငံတော်သမ္မတရုံး၏ ထုတ်ပြန်ထားမှုအပေါ် ပြည်ထောင်စုစာရင်းချုပ်အနေဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီး AG ရုံးများသို့ စာထုတ်ထားကြောင်း သိရသည်။

“ ကျွန်မတို့အနေနဲ့ ဒေသရုံးတွေကနေပြီးတော့ စိစစ်တင်ပြဖို့ နောက်ဆုံးရက်ကို ဒီဇွန်လ ၈ ရက်နေ့ကို ပေးပို့ဖို့ ညွှန်ကြားချက်စာ ထုတ်ထားပါတယ်။ သူတို့ရဲ့ပြန်လည်ရရှိမှု အပေါ်မူတည်ပြီး စုစည်းပြီးတင်ပြသွားမှာပါ ရှင့်” ဟု ဒေါ်ခင်ခင်သီက ပြောကြားသည်။

သတ်မှတ်ကာလအတွင်း ပြန်လည်ပေးသွင်းမှုမရှိပါက ဥပဒေကြောင်းအရ ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ပြီး ယင်းသို့ဆောင်ရွက်ရာတွင်  ပြည်ထောင်စုစာရင်းချုပ်ရုံးအနေဖြင့် သက်ဆိုင်ခြင်းမရှိကြောင်း ဒေါ်ခင်ခင်သီက ပြောကြားသည်။