ခွင့်ပြုချက်မရှိဘဲ စုမဲလုပ်ငန်းလုပ်ကိုင်သူအား ထောင်ဒဏ်နှစ်နှစ်မှ ငါးနှစ်အထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ဒဏ်​ငွေကျပ်သန်း ၅၀၀ ချမှတ်နိုင်ကြောင်း ရန်ကုန်တိုင်းဥပဒေချုပ် ပြောကြား

ခွင့်ပြုချက်မရှိဘဲ စုမဲလုပ်ငန်းလုပ်ကိုင်သူအား ထောင်ဒဏ်နှစ်နှစ်မှ ငါးနှစ်အထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ဒဏ်​ငွေကျပ်သန်း ၅၀၀ ချမှတ်နိုင်ကြောင်း ရန်ကုန်တိုင်းဥပဒေချုပ် ပြောကြား
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးကို တွေ့ရစဉ်
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးကို တွေ့ရစဉ်
Published 6 June 2020
ဆန်းထူးအောင်

ခွင့်ပြုချက်မရှိဘဲ စုမဲလုပ်ငန်း လုပ်ကိုင်သူအား ထောင်ဒဏ်နှစ်နှစ်မှ ငါးနှစ်အထက် မပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ဒဏ်​ငွေကျပ်သန်း ၅၀၀ ချမှတ်နိုင်ကြောင်း ရန်ကုန်တိုင်းဥပဒေချုပ် ဒေါ်ခင်မျိုးကြည်က ပြောကြားသည်။

ယခုအခါတွင် ငွေစုမဲလုပ်ငန်းများကို (Social Media) ဖြစ်သည့် Facebook တွင် စုမဲဒိုင်နှင့် ငွေစုဆောင်းလိုသူများက Page များ ပြုလုပ်၍ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လာကြပါကြောင်း၊ ထိုသို့ဆောင်ရွက်သည့် လုပ်ငန်းများအပေါ် ရာဇဝတ်မှုများဖြင့် အရေးယူဆောင်ရွက်ခဲ့ခြင်းများ မရှိသော်လည်း ငွေစုသူနှင့် စုမဲဒိုင်များအနေဖြင့် ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြုပြီး လိမ်လည်ခြင်း၊ အလွဲသုံးစားပြုခြင်းများ ဆောင်ရွက်ခဲ့ကြသဖြင့် တည်ဆဲဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဂ) (Cyber Crime) ဖြင့် အရေးယူ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဂ) ၌ “ မည်သူမဆို ဆက်သွယ်ရေး ကွန်ရက်တစ်ခုခုကို အသုံးပြု၍ ငွေကြေးနှင့် ပစ္စည်းတစ်ရပ်ရပ်ကို ခိုးယူခြင်း၊ လိမ်လည်ခြင်း၊ အလွဲသုံးစားပြုခြင်း သို့မဟုတ် အကျိုးပျက်စီးစေခြင်း” စသည့် ပြုလုပ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူအား သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ် စလုံးဖြစ်စေ ချမှတ်ရမည်ဟု ပြဋ္ဌာန်းထားသဖြင့် ယင်းပြဋ္ဌာန်းချက်များနှင့်အညီ နစ်နာသူများက တိုင်တန်းသည့်မှုခင်းများကို အရေးယူ အပြစ်ပေးလျက်ရှိပါကြောင်း ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ဒေါ်ခင်မျိုးကြည်က ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ထိုသို့ စုမဲကိစ္စများနှင့် စပ်လျဉ်း၍ နစ်နာသူများက တိုင်တန်းသဖြင့်  အရေးယူဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ တရားရုံးအသီးသီးတွင် တရားစွဲဆိုထားသည့် ရာဇသတ်ကြီးပုဒ်မ ၄၂၀ ဖြင့် စွဲဆိုမှု ၁၂ မှု၊ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဂ) (Cyber Crime) ဖြင့် စွဲဆိုမှုတစ်မှု စုစုပေါင်း ၁၃ မှုရှိကြောင်းကို သက်ဆိုင်ရာ မြို့နယ်၊ ခရိုင်ဥပဒေရုံးများ၏ တင်ပြချက်များအရ တွေ့ရှိရပါကြောင်း၊  စုမဲလုပ်ငန်းများကို တရားဝင်ခွင့်ပြုထားခြင်း မရှိပါကြောင်း၊ စုမဲလုပ်ငန်းများ ဆောင်ရွက်နေကြခြင်းအပေါ် တိုင်ကြားမှုများရှိပါက ရာဇဝတ်မှုများဖြင့် အရေးယူဆောင်ရွက်လျက်ရှိပါကြောင်း၊ ရာဇဝတ်မှုများ ဖြစ်ပွားလာသည့် အမှုတစ်မှုချင်း၏ ဖြစ်ပေါ်နေသော အခြေအနေအလိုက် သက်ဆိုင်ရာပြစ်မှုများဖြင့် အရေးယူ အပြစ်ပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ဒေါ်ခင်မျိုးကြည်က ပြောကြားသည်။

ငွေရေးကြေးရေးအဖွဲ့အစည်းဥပဒေသည် ငွေအပ်နှံသူများ၏ အကျိုးစီးပွားအား အကာအကွယ်ပေးရန်နှင့် ငွေရေးကြေးရေး စနစ်တည်ငြိမ်မှု၊ လုံခြုံမှုနှင့်ခိုင်မာမှုကို ထိန်းသိမ်းရန် ပြဋ္ဌာန်းခြင်းဖြစ်ကြောင်း၊ ယင်း ဥပဒေ ပုဒ်မ ၃၊ ပုဒ်မခွဲ (င) တွင် ဖော်ပြထားပါကြောင်း၊ ငွေရေးကြေးရေး အဖွဲ့အစည်းများ ဥပဒေပုဒ်မ ၂ (ဘ) တွင် အပ်နှံငွေဆိုသည်မှာ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက် (သို့မဟုတ်) အဖွဲ့အစည်းတစ်ခုခုက ငွေအပ်နှံပြီး အဆိုပါ ငွေအပ်နှံသူက တောင်းဆိုသည့်အခါ၌ဖြစ်စေ ငွေအပ်နှံသူနှင့် ငွေလက်ခံသူတို့ သဘောတူထားသည့် အချိန်ကာလတစ်ခုတွင်ဖြစ်စေ၊ ငွေပမာဏ တစ်ရပ်လုံး (သို့မဟုတ်) တစ်စိတ်တစ်ပိုင်းအား ပြန်လည်ပေးရမည့် ငွေတစ်ရပ်ကိုဆိုသည်ဟု ပြဋ္ဌာန်းထားသည်ကို တွေ့ရှိရပါကြောင်း၊ ယင်းအပ်နှံငွေလက်ခံသည့်လုပ်ငန်းကို ဗဟိုဘဏ်၏ လိုင်စင်ရရှိသူကသာ လုပ်ကိုင်ခွင့်ရှိကြောင်း၊ လိုင်စင်မရှိဘဲ အပ်နှံငွေလက်ခံသည့်လုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်ခြင်း မပြုရကြောင်း၊ ယင်းဥပဒေပုဒ်မ ၃၁ နှင့် ပုဒ်မ ၁၆၃ တို့တွင် ဆက်လက်ဖော်ပြပြဋ္ဌာန်းထားသည်ကို တွေ့ရှိရပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ဒေါ်ခင်မျိုးကြည်က ဆိုသည်။

အဆိုပါပြဋ္ဌာန်းချက်များအရ စုမဲလုပ်ငန်း တစ်နည်းအားဖြင့် အပ်နှံငွေလက်ခံသည့်လုပ်ငန်းသည် ဗဟိုဘဏ်၏ ခွင့်ပြုလိုင်စင်ရရှိသူကသာ လုပ်ကိုင်ဆောင်ရွက်ခွင့်ရှိကြောင်း၊ ခွင့်ပြုလိုင်စင်မရှိဘဲ ယင်းလုပ်ငန်းကို လုပ်ကိုင်ခွင့်ရှိမည်မဟုတ်ကြောင်း၊ ထို့ပြင် ယင်းဥပဒေပုဒ်မ ၁၇၄ တွင် မည်သူမဆို ဥပဒေအရ ပြစ်မှုတစ်ခုခုကျူးလွန်ခြင်းကို အားပေးကူညီလျှင် သို့မဟုတ် ကျူးလွန်ရန် အားထုတ်လျှင် သို့မဟုတ် ကျူးလွန်ရန် ပူးပေါင်းကြံစည်လျှင် ယင်းပြစ်မှုအတွက် ဤဥပဒေတွင် ပြဋ္ဌာန်းထားသောပြစ်ဒဏ် ချမှတ်ခြင်းခံရမည်ဟု ပြဋ္ဌာန်းထားသည့်အတွက် ခွင့်ပြုချက်မရှိဘဲ စုမဲလုပ်ငန်း တစ်နည်းအားဖြင့် အပ်နှံငွေလက်ခံသည့်လုပ်ငန်း လုပ်ကိုင်ခြင်းအပေါ် အားပေးကူညီသူ၊ အားထုတ်သူ၊ ပူးပေါင်းကြံစည်သူများကိုလည်း ကိုယ်တိုင်လုပ်ကိုင်သူကဲ့သို့ အရေးယူအပြစ်ပေးနိုင်ကြောင်း၊ အထက်ဖော်ပြပါ ပြဋ္ဌာန်းချက်များကို ကျူးလွန်သည့် မည်သူကိုမဆို အနည်းဆုံး ထောင်ဒဏ်နှစ်နှစ်မှ ငါးနှစ်အထက်မပိုသော ထောင်ဒဏ် ချမှတ်ရမည့်အပြင် ကျပ်သန်း ၅၀၀ ထက် မပိုသော ငွေဒဏ်လည်း ချမှတ်ခြင်းခံရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ဒေါ်ခင်မျိုးကြည်က ပြောကြားသည်။

Most Read

Most Recent