စစ်ကိုင်းတိုင်းဒေသကြီး ဝန်းသို၊ ပင်လည်ဘူးနှင့် ဗန်းမောက် မြို့နယ်များတွင် တရုတ်ပိုင် သြစတြေးလျအခြေစိုက် PanAust ကုမ္ပဏီက မြေဧက တစ်သိန်းရှစ်သောင်းကျော်၌ ရွှေနှင့်သတ္တု စူးစမ်းရှာဖွေခွင့်ရရှိမှုနှင့် ပတ်သက်ပြီး တိုင်းအစိုးရအဖွဲ့နှင့် တိုင်းလွှတ်တော်ကိုယ်စားလှယ်များ အသေးစိတ် မသိရှိရ

စစ်ကိုင်းတိုင်းဒေသကြီး ဝန်းသို၊ ပင်လည်ဘူးနှင့် ဗန်းမောက် မြို့နယ်များတွင် တရုတ်ပိုင် သြစတြေးလျအခြေစိုက် PanAust ကုမ္ပဏီက မြေဧက တစ်သိန်းရှစ်သောင်းကျော်၌ ရွှေနှင့်သတ္တု စူးစမ်းရှာဖွေခွင့်ရရှိမှုနှင့် ပတ်သက်ပြီး တိုင်းအစိုးရအဖွဲ့နှင့် တိုင်းလွှတ်တော်ကိုယ်စားလှယ်များ အသေးစိတ် မသိရှိရ
 သတ္တုစူးစမ်းရှာဖွေခွင့်ရရှိခဲ့သည့် ဝန်းသို (၃) ဧရိယာတွင် တစ်ခုအပါအဝင်ဖြစ်သည့်  ပင်လည်ဘူးမြို့နှင့် ဝန်းသိုမြို့အစပ်ကြားရှိ မှန်ကင်းတောင်ကို တွေ့ရစဉ်
သတ္တုစူးစမ်းရှာဖွေခွင့်ရရှိခဲ့သည့် ဝန်းသို (၃) ဧရိယာတွင် တစ်ခုအပါအဝင်ဖြစ်သည့် ပင်လည်ဘူးမြို့နှင့် ဝန်းသိုမြို့အစပ်ကြားရှိ မှန်ကင်းတောင်ကို တွေ့ရစဉ်
Published 5 June 2020
ဇော်မင်းနိုင်၊ ကောင်းခန့်လင်း

စစ်ကိုင်းတိုင်းဒေသကြီး ဝန်းသို၊ ပင်လည်ဘူးနှင့် ဗန်းမောက်မြို့နယ်များတွင် တရုတ်ပိုင် သြစတြေးလျအခြေစိုက် PanAust ကုမ္ပဏီက မြေဧက တစ်သိန်းရှစ်သောင်းကျော်၌ ရွှေနှင့်သတ္တုစူးစမ်းရှာဖွေခွင့်ရရှိမှုနှင့်ပတ်သက်ပြီး တိုင်းအစိုးရအဖွဲ့နှင့် တိုင်းလွှတ်တော်ကိုယ်စားလှယ်များ အသေးစိတ်မသိရှိရကြောင်း တိုင်းအစိုးရအဖွဲ့မှ တာဝန်ရှိသူများနှင့် လွှတ်တော်ကိုယ်စားလှယ်၏ ပြောကြား ချက်အရ သိရသည်။

ဝန်းသို (၃) ဟုအမည်ရသည့်အဆိုပါ ဒေသတွင် PanAust သတ္တုစူးစမ်းရှာဖွေခွင့်အား ၂၀၂၀ ပြည့်နှစ် မေ ၂၇ ရက်တွင် နေပြည်တော်၌ အစိုးရက ပေးအပ်ခဲ့ခြင်းဖြစ်သည်။

ယင်းသို့ပေးအပ်ခွင့်မပြုမီတွင် ပြည်ထောင်စုအစိုးရအဖွဲ့က စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ သဘောထားတောင်းခံခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့က သက်ဆိုင်ရာအဖွဲ့များနှင့် ကွင်းဆင်းစစ်ဆေးကာ သဘောထား မှတ်ချက်ပေးခဲ့ကြောင်း၊ ယခုစမ်းသပ်လုပ်ကွက်များမှာ အကြီးစားလုပ်ကွက်များတွင် ပါဝင်သဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့နှင့်သာ သက်ဆိုင်ကြောင်း၊ ကုမ္ပဏီမှ လူများကို မြင်ဖူးခြင်းတောင်မရှိကြောင်း စစ် ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ချင်းတိုင်းရင်းသား ရေးရာဝန်ကြီးဦးလာလ်ထောင်ထန်းက ပြောကြားသည်။

ပုံစာ -  PanAust  ကုမ္ပဏီ၏  website တွင် ဖော်ပြထားသော ဒါရိုက်တာအဖွဲ့ဝင်များအား တွေ့ရစဉ်

“ကွင်းဆင်းစစ်ဆေးတော့ လွတ်ကင်းတဲ့နေရာကိုတော့ စမ်းသပ်တိုင်းတာတော့ ကန့်ကွက်ရန်မရှိဘူးလို့ ကျွန်တော်တို့သဘောထားပေးလိုက်တယ်။ ကျန်တဲ့အသေးစိတ်ကတော့ ပြည်ထောင်စုကိုမေးမှရမယ်။အ သေးစိတ်ကတော့ ကျွန်တော်တို့ တိုင်းအစိုးရအဖွဲ့က မသိရဘူး။ကျွန်တော်တို့ကတော့ စမ်းသတ်တိုင်းတာတာ ဖြစ်မြောက်နိုင်စွမ်း လေ့လာတာတို့ကြတော့ ပတ်ဝန်းကျင်လည်း ထိခိုက်မှုမရှိဘူး။ဒေသခံတွေလည်း အလုပ်အကိုင် အခွင့်လမ်းရတယ်။နောက်ပြီးတော့ စိုက်ပျိုးမြေတို့ သုသာန်မြေတို့ ကျေးရွာမြေတို့ ကို ဖယ်ပြီးတော့ ကျွန်တော်တို့အနေနဲ့ ကန့် ကွက်ရန်မရှိလောက်ပဲပေးလို့ရတာ။ကျွန်တော်တို့အနေနဲ့ လူတောင်မမြင်ဘူးသလို ဒီကိုလည်းလာတောင်မလာဘူး။ သူတို့နဲ့ ကျွန်တော်တို့ ချိတ်ဆက်တာလည်းမရှိဘူး” ဟုချင်း တိုင်းရင်းသားရေးရာ ဝန်ကြီးဦးလာလ်ထောင်ထန်းက ပြောကြားသည်။

ယင်းသို့လုပ်ကိုင်ခွင့်ပြုခဲ့သဖြင့် တိုင်းအစိုးရအဖွဲ့အနေဖြင့် မြေဌားရမ်းခအဖြစ် တစ် ဧကလျှင် ကျပ်ငါးသောင်းခန့်သာရရှိကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

“မြေကြီးငှားရမ်းခ တစ်ဧကကို သစ် တောအနေနဲ့ ကျပ်ငွေငါးသောင်းလားရ တယ်။ ဧကတွေကများတော့ ကျွန်တော်လည်း အလွတ်မရဘူး။အခုစမ်းသပ်ခွင့်ပြုလိုက်တဲ့ ဧကတွေဟာ အကြီးစားလုပ်ကွက်ထဲမှာပါ တယ်” ဟု ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးလာလ်ထောင်ထန်းက ပြောကြားသည်။

၂၀၁၉ ခုနှစ် မေ ၁၃ ရက်က အမှတ်(၂)သတ္တုတွင်းလုပ်ငန်း ကောလင်း-ဝန်းသို-ပင် လည်ဘူး တာဝန်အရာရှိမန်နေဂျာ(စီမံ)ဦး ထွန်းအောင်ကိုက ဗန်းမောက်-ဝန်းသို-ပင် လည်ဘူးဝန်းကျင်ဒေသမြေဧရိယာ(၁၉၅၄၁၄ဒသမ၈၅၅) ဧကတွင် ကြေးနီနှင့် ဆက် စပ်သတ္တုများ စမ်းသပ်တိုင်းတာရေးနှင့်ဖြစ်မြောက်နိုင်စွမ်း လေ့လာရေးဆောင် ရွက်နိုင်ရန် တင်ပြခဲ့သည်။

တင်ပြလာသည့် လုပ်ကွက်များမှာ အမှတ် (၂) သတ္တုတွင်းလုပ်ငန်းနှင့် အကျိုးတူ လုပ်ကိုင်နေသော ကုမ္ပဏီများ၏ လုပ်ကွက်များနှင့် လွတ်ကင်းမှုရှိကြောင်းနှင့် လျှောက်ထားလာသည့်ကုမ္ပဏီအနေဖြင့် နိုင်ငံတော်မှ ချမှတ်ထားသော သတ္တု တွင်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်လုပ်ကိုင်မည်ဆိုပါက ကန့်ကွက်ရန်မရှိကြောင်း ဝန်းသို-ပင်လည်ဘူးမြို့နယ်စီမံခန့်ခွဲမှု ကော်မတီထံသ ဘောထားမှတ်ချက်ပေးခဲ့ကြောင်း သိရသည်။

ထို့ပြင် ၂၀၁၉ခုနှစ် မေ ၁၃ရက်က ဆည် မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီး ဌာန ကောလင်းမြို့ဦးစီးအရာရှိ(မြို့ပြ)ဦးလှ မင်းက စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဝန်းသိုမြို့နယ်အတွင်း ကြေးနီနှင့်ဆက်စပ် သတ္တုများ ရှာဖွေရေး စမ်းသပ်တိုင်းတာရေးနှင့်ဖြစ်မြောက်နိုင်စွမ်းလေ့လာရေး လျှောက် ထားသည့်လုပ်ကွက်မြေဧရိယာ ၈၅၀၂ဝဧက အား ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း၊ အဆိုပါမြေဧရိယာ များမှာ ဒေသန္တရဆည်/ကန်များနှင့်ကင်း လွတ်မှုရှိသည်ဟု ဝန်းသိုမြို့နယ်စီမံခန့်ခွဲမှုကော်မတီကို အကြောင်းပြန်ခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုအစိုးရအဖွဲ့က ခွင့်ပြုမိန့် ချပေးခဲ့သည့်ကုမ္ပဏီ၏အမည်မှာ PanAust အမည်ဖြင့်ဖြစ်ပြီး ဝန်းသိုမြို့နယ်တွင် လာရောက်လုပ်ကိုင်နေသည့် ကုမ္ပဏီ၏အမည်မှာ Wuntho Resources ကုမ္ပဏီသာဖြစ် ကြောင်း၊ ယင်းကုမ္ပဏီနှစ်ခု မည်သို့ဆက်စပ် မှုရှိသည်ကို မသိရှိသကဲ့သို့ လုပ်ကိုင်နေသည့် အခြေအနေများနှင့် ပတ်သက်ပြီးလည်း ဒေသခံလွှတ်တော်ကိုယ်စားလှယ်များလည်း သိရှိခြင်းမရှိကြောင်း ဝန်းသိုမြို့နယ် မဲဆန္ဒနယ် မြေအမှတ် (၁)တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးဇော်လင်းဦးက ပြောကြားသည်။

“PanAust ကုမ္ပဏီကိုတော့ ပြည်ထောင်စုကနေ ခွင့်ပြုအမိန့်ကျတယ်။ ဒါပေမယ့်ကျွန် တော်တို့ ဝန်းသိုမြို့နယ်မှာလာပြီးတော့ အမည်ခံပြီးလုပ်တာက Wuntho Resources ကုမ္ပဏီပါ။ ဒီကုမ္ပဏီထဲမှာ ဒေသခံတွေပါသလားဆိုတော့လက်ရှိအနေအထားမှာ ဒေသခံ တွေမပါသေးဘူး။နိုင်ငံခြားသားတွေနဲ့လာ ပြီးတော့မှ ရှာဖွေစမ်းသပ်တဲ့ကိစ္စတွေလုပ်နေ တယ်လို့ပဲ သိရတယ်” ဟု ဝန်းသိုမြို့နယ် မဲ ဆန္ဒနယ် မြေအမှတ် (၁)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်လင်းဦးက ပြော ကြားသည်။

စီမံကိန်းမှာ မည်သည့်စီမံကိန်းဖြစ်သည်၊ မည်သည့်လုပ်ငန်းများကို လုပ်ကိုင်မည်ဆို သည်ကို ဒေသခံလွှတ်တော်ကိုယ်စားလှယ် များနှင့် ဒေသခံများကို ရှင်းရှင်းလင်းလင်းပြော ကြားရန် လိုအပ်ကြောင်း၊ တိုင်းဒေသကြီးအ စိုးရအဖွဲ့အနေဖြင့် ထိထိရောက်ရောက် ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ဦးဇော် လင်းဦးက ပြောကြားသည်။

“ဒီစီမံကိန်းနဲ့ပတ်သက်ပြီးတော့ ကျွန် တော်တို့ ဒေသခံလွှတ်တော်ကိုယ်စားလှယ် တွေကို လာပြီးတော့ရှင်းပြတာလည်းမရှိဘူး။တိုင်းဒေသကြီးအစိုးရအဖွဲ့က ဒါနဲ့ပတ်သက် လို့ ထိထိရောက်ရောက် ကိုင်တွယ်ဆောင် ရွက်ဖို့တော့လိုပါတယ်။ ကျွန်တော်တို့ဖြစ်စေချင်တာကတော့ စီမံကိန်းတစ်ခုခုကိုခွင့်ပြု ပြီဆိုရင် ဒေသခံလွှတ်တော်ကိုယ်စားလှယ် တွေနဲ့ ဒေသဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းတွေကို စီမံကိန်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို လာပြီးတော့မှ ရှင်းပြပေးစေချင်ပါတယ်” ဟု လွှတ်တော်ကိုယ်စားလှယ် ဦးဇော်လင်းဦးက ပြောကြားသည်။

သတ္တုစူးစမ်းရှာဖွေခွင့်လိုင်စင် (Exploration) ရရှိခဲ့သည့် PanAust ကုမ္ပဏီမှာ လက်ရှိအစိုးရလက်ထက်တွင် သတ္တုတူးဖော်ရေး ဥပဒေပြဌာန်းအပြီး ၂၀၁၈ ခုနှစ်တွင် သတ္တု ရှာဖွေရေးလိုင်စင်ကို ပထမဆုံးရရှိခဲ့သည့် ကုမ္ပဏီဖြစ်ပြီး ယင်းမတိုင်မီကလည်း သတ္တု ရှာဖွေရေး လိုင်စင်သုံးခုကို ၂၀၁၆ ခုနှစ် အတွင်းက ရရှိခဲ့ဖူးသည်။

သြစတြေးလျနိုင်ငံတွင် ရုံးခန်းဖွင့်လှစ် ထားပြီး တရုတ်အစိုးရပိုင် Guandoung asses Company က ပိုင်ဆိုင်သည့် PanAust ကုမ္ပဏီမှာ မြန်မာနိုင်ငံတွင် သတ္တုရှာဖွေရေး လုပ်ငန်းများအတွက် ပြည်တွင်းမိတ်ဖက် ကုမ္ပဏီတစ်ခုဖြစ်သည့် Myanmar Energy Resources Group International Company Limited (MERG) နှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

ပြည်ထောင်စုအစိုးရအဖွဲ့က ခွင့်ပြုခဲ့သည့် PanAust ကုမ္ပဏီမှာ Wuntho Resources Company Limited (WRCL)ကုမ္ပဏီအမည်ဖြင့် လုပ်ကိုင်နေခြင်းဖြစ်ပြီး ယင်းကုမ္ပဏီတွင် PanAustကုမ္ပဏီက ရာခိုင်နှုန်း ၉၀ ပိုင်ဆိုင်ပြီး Myanmar Energy Resources Group International Company Limited (MERG) က ၁၀ ရာခိုင်နှုန်း ပိုင်ဆိုင်သည်။

လက်ရှိတွင် ဝန်းသို (၃) အား လုပ်ကိုင် ခွင့်မရရှိမီကပင် ပင်လည်ဘူးမြို့တွင် ၄၀၀ စတုရန်းကီလိုမီတာရှိ ဝန်းသို (၂) အမည်ရှိ လုပ်ကွက်တစ်ခုနှင့် ဗန်းမောက်မြို့နယ်တွင် ၅၂၇ စတုရန်းကီလိုမီတာရှိ ဝန်းသို (၁) ဟူ သည့် လုပ်ကွက်များကို ဆောင်ရွက်လျက်ရှိ သည်။ ယင်းလုပ်ကွက်များတွင်လည်း သတ္တု စူးစမ်းရှာဖွေရေးလုပ်ငန်းများကို လုပ်ကိုင်နေသည်။

တိုင်းအစိုးရအဖွဲ့နှင့် ဒေသခံလွှတ်တော် ကိုယ်စားလှယ်များက လုပ်ငန်းများနှင့် ပတ် သက်ပြီး အသေးစိတ်မသိရှိကြောင်း ဖြေကြား ခဲ့သော်လည်း လတ်တလောလုပ်ကိုင်ခွင့်ရရှိခဲ့ သည့် ဝန်းသို (၃) လုပ်ကွက်ရရှိရန် လပေါင်း ၂၀ ကျော်ကြာ အစိုးရ၊ ကုမ္ပဏီနှင့် စစ်ကိုင်း တိုင်းအတွင်းရှိ နယ်ခံရပ်ရွာလူထုများပူးပေါင်း ဆောင်ရွက်ခဲ့ရသည်ဟု The Daily Eleven သတင်းစာက PanAust ကုမ္ပဏီဘက်သို့ E-mail ဖြင့် ဆက်သွယ်မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

သတ္တုစူးစမ်းရှာဖွေခွင့်ကို လိုင်စင်ရရှိပြီး ရက် ၉၀ အကြာတွင် စတင်ဆောင်ရွက်မည် ဖြစ်ကြောင်း၊ ဝန်းသို (၃) ၏ လိုင်စင်သက်တမ်း မှာ ခုနစ်နှစ်မှ ၁၂ နှစ်အထိဖြစ်ကြောင်း၊ သက်တမ်းတိုးလိုပါက အစိုးရထံ ထပ်မံလျှောက် ထားရမည်ဖြစ်ကြောင်း ကုမ္ပဏီက ပြန်လည် ဖြေကြားသည်။

“အခုအဆင့်မှာ ကုမ္ပဏီအနေနဲ့ သတ္ထု တူးဖော်မှုများကို ပြုလုပ်မှာ မဟုတ်ပါဘူး။ ယခင်က အခြားသောကုမ္ဗဏီများ ယခု တိုင်းဒေသကြီးအတွင်းမှာ အလားတူ စူးစမ်းရှာဖွေမှုများ ပြုလုပ်ထားမှုများအရ  PanAust ရဲ့ အခု ဝန်းသို (၃) စူးစမ်းရှာဖွေမှု မှာ ကြေးနီ နဲ့ ဆက်စပ် သတ္ထုများကို အဓိကထား ရှာဖွေမှာဖြစ်ပါ တယ်။ ရှေ့က ဝန်းသို (၁)နဲ့ (၂) ကလည်း ကြေးနီနဲ့ရွှေကိုပဲ စူးစမ်းရှာဖွေခဲ့ပါတယ်” ဟု ကုမ္ပဏီ က ပြန်လည်ဖြေကြားသည်။

ယခုနောက်ဆုံးတွင် လုပ်ကိုင်ခွင့်ရရှိခဲ့ သည့် ဝန်းသို (၃) ဧရိယာမှာ အကြီးဆုံးဖြစ်ပြီး  ဗန်းမောက်မြို့နယ်၊ ဝန်းသိုမြို့နယ်နှင့် ပင်လည်ဘူးမြို့နယ်များအတွင်းရှိ မြေနေရာများ ပါဝင်သည်။

PanAust ကုမ္ပဏီမှာ အာရှတွင် လာအို၊ မြန်မာ၊ ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ ကျွန်းစုနိုင်ငံဖြစ်သည့် ပါပူဝါနယူးဂီနီနှင့် တောင်အမေရိကတိုက်ရှိ ချီလီနိုင်ငံများတွင်း သတ္တုရှာဖွေတူးဖော်ရေးလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိသည်။

ကုမ္ပဏီ၏ ဒါရိုက်တာဘုတ်အဖွဲ့ဝင်များမှာ ခြောက်ဦးရှိပြီး ငါးဦးမှာ တရုတ်လူမျိုးများ ဖြစ်ကြောင်း ကုမ္ပဏီ၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားချက်များအရ သိရသည်။

 

Most Recent