တစ်နှစ်အတွင်း ကျောက်စိမ်းနှင့် ကျောက်မျက်ထုတ်လုပ်မှုမှ ကျပ် ၅၆ ဒသမ ၄ ဘီလျံကျော်ရရှိရန် လျာထားခဲ့သော်လည်း ကျပ် ၉၇ ဒသမ ၈ ဘီလျံကျော်ရရှိခဲ့ကြောင်း သိရ

တစ်နှစ်အတွင်း ကျောက်စိမ်းနှင့် ကျောက်မျက်ထုတ်လုပ်မှုမှ ကျပ် ၅၆ ဒသမ ၄ ဘီလျံကျော်ရရှိရန် လျာထားခဲ့သော်လည်း ကျပ် ၉၇ ဒသမ ၈ ဘီလျံကျော်ရရှိခဲ့ကြောင်း သိရ
ကျောက်မျက်ပြပွဲတစ်ခုကို တွေ့ရစဉ်
ကျောက်မျက်ပြပွဲတစ်ခုကို တွေ့ရစဉ်
Published 4 June 2020

အမျိုးသားစီမံကိန်းရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်မှုအနေဖြင့် အစိုးရသစ်စတုတ္ထတစ်နှစ်အတွင်း ကျောက်စိမ်းနှင့် ကျောက်မျက်ထုတ်လုပ်မှုမှ ကျပ် ၅၆ ဒသမ ၄ ဘီလျံကျော်ရရှိရန် လျာထားခဲ့သော်လည်း ကျပ် ၉၇ ဒသမ ၈ ဘီလျံကျော်အထိ ရရှိအောင် အကောင်အထည်ဖော်နိုင်ခဲ့ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သိရသည်။

လက်ရှိအစိုးရလက်ထက် စတုတ္ထတစ်နှစ်တာအတွင်း အမျိုးသားစီမံကိန်းရည်မှန်းချက်များအရ သတ္တုထုတ်လုပ်မှုမှ စုစုပေါင်း ကျပ် ၅၀၅ ဘီလျံကျော်ရရှိရန် လျာထားခဲ့ရာ ကျပ် ၆၈၅ ဘီလျံကျော်အထိ ရရှိခဲ့ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိိမ်းရေးဝန်ကြီးဌာနမှ သိရသည်။

အမျိုးသားစီမံကိန်းရည်မှန်းချက်ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုအနေဖြင့် သတ္တုထုတ်လုပ်မှု စုစုပေါင်း တန်ဖိုးကျပ် ၅၀၅၂၄၃ ဒသမ ၁၁၇ သန်း လျာထားခဲ့ရာ ကျပ် ၆၈၅၂၆၃ ဒသမ ၄၂ သန်း ရရှိခဲ့ကြောင်း  သတ္တုတွင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးခင်လတ်ကြီးက သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏ စတုတ္ထတစ်နှစ်တာအတွင်း ဆောင်ရွက်ခဲ့မှုနှင့်ပတ်သက်ပြီး နိုင်ငံပိုင်သတင်းစာများနှင့် တွေ့ဆုံမေးမြန်းမှုတွင် ဖြေကြားခဲ့သည်။

၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ် နှစ်လအတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးများအလိုက် ရွှေသတ္တု ဖက်စပ်လုပ်ကွက်များမှ သတ္တုထုတ်လုပ်မှု ထရိုင်အောင်စ ၈၂၂ ဒသမ ၇၂ ရှိခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီးမှ ထရိုင်အောင်စ ၆၃၇ ဒသမ ၈၂ အထိ ထုတ်လုပ်ထားကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၁၉ ခုနှစ် နိုဝင်ဘာလကုန်အထိ ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် အသေးစား၊ အလတ်စား၊ အကြီးစားနှင့် လက်လုပ်လက်စားအပါအဝင် စမ်းသပ်ကျောက်မျက်လုပ်ကွက် ၁၂၅၀ ကျော် ခွင့်ပြုမိန့် ထုတ်ပေးထားကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သိရသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် ကျောက်မျက်လုပ်ကွက်ထုတ်ပေးထားမှု အခြေအနေကို လေ့လာကြည့်ပါက ကချင်ပြည်နယ်တွင် အကြီးစားလုပ်ကွက် လေးကွက်၊ အသေးစား ၈၂ ကွက်၊ စမ်းသပ် ၂၅ ကွက်ဖြင့် စုစုပေါင်း ၁၁၂ ကွက်၊ ကယားပြည်နယ်တွင် အကြီးစားလုပ်ကွက်တစ်ကွက်၊ အသေးစားတစ်ကွက်၊ စမ်းသပ် ၁၅ ကွက်ဖြင့် စုစုပေါင်း ၁၈ကွက်၊ ကရင်ပြည်နယ်တွင် အကြီးစားလုပ်ကွက်ခြောက်ကွက်၊ အသေးစား ၃၇ ကွက်၊ စမ်းသပ် ၂ ကွက်ဖြင့် စုစုပေါင်း ၄၆ ကွက်၊ ချင်းပြည်နယ်တွင် စမ်းသပ် ၂၅ ကွက် ဖြင့် စုစုပေါင်း လေးကွက်၊  စစ်ကိုင်းတိုင်းဒေသကြီးတွင် အကြီးစားလုပ်ကွက် ၂၄ ကွက်၊ အသေးစား၁၆၅ ကွက်၊ စမ်းသပ် ၁၄ ကွက်ဖြင့် စုစုပေါင်း ၂၂၉ ကွက်၊ တနင်္သာရီတိုင်းဒေသကြီးတွင် အကြီးစားလုပ်ကွက် ၁၈ကွက်၊ အသေးစား ၄၅ ကွက်၊ စမ်းသပ် ၁၉ ကွက်ဖြင့် စုစုပေါင်း ၈၈ ကွက်၊ နေပြည်တော်တွင် အကြီးစားလုပ်ကွက် သုံးကွက် ခွင့်ပြုမိန့်ထုတ် ပေးထားသည်။

၂၀၁၉ ခုနှစ် ဧပြီမှ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီအထိ သတ္တု၊ ကျောက်စိမ်း၊ ကျောက်မျက်နှင့် ပုလဲထုတ်လုပ်မှုမှ တန်ဖိုးကျပ် ၅၉၂ ဘီလျံကျော်ရရှိရန် လျာထားခဲ့ပြီး ကျပ် ၈၂၁ ဘီလျံကျော်ရရှိခဲ့သည့်အတွက် ၁၃၈ ဒသမ  ၅၃ ရာခိုင်နှုန်း အကောင်အထည်ဖော်နိုင်ခဲ့ကြောင်း သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာန၊ သတ္တုတွင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်လတ်ကြီးက ပြောကြားသည်။

Most Read

Most Recent