စီးပွားရေးလုပ်ငန်းများ ပိတ်ထားရသောကြောင့် မြန်မာ့ထုတ်လုပ်ရေးကဏ္ဍတစ်ခုလုံး မေလတွင် တစ်ဟုန်ထိုး ဆက်လက်ကျဆင်းခဲ့ပြီး အလုပ်အကိုင်နေရာများနှင့် ကုန်ချောသိုလှောင်ထားမှုများ စံချိန်တင်ကျဆင်း

စီးပွားရေးလုပ်ငန်းများ ပိတ်ထားရသောကြောင့် မြန်မာ့ထုတ်လုပ်ရေးကဏ္ဍတစ်ခုလုံး မေလတွင် တစ်ဟုန်ထိုး ဆက်လက်ကျဆင်းခဲ့ပြီး အလုပ်အကိုင်နေရာများနှင့် ကုန်ချောသိုလှောင်ထားမှုများ စံချိန်တင်ကျဆင်း
ကုန်ထုတ်စက်ရုံများလည်ပတ်လျက်ရှိသည့် ရန်ကုန်မြို့ရှိစက်မှုဇုန်တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-စည်သူအောင်)
ကုန်ထုတ်စက်ရုံများလည်ပတ်လျက်ရှိသည့် ရန်ကုန်မြို့ရှိစက်မှုဇုန်တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-စည်သူအောင်)
Published 1 June 2020
စည်သူအောင်

စီးပွားရေးလုပ်ငန်းများ ပိတ်ချထားရသောကြောင့် မြန်မာ့ထုတ်လုပ်ရေးကဏ္ဍတစ်ခုလုံး မေလတွင် တစ်ဟုန်ထိုး ဆက်လက်ကျဆင်းခဲ့ပြီး အလုပ်အကိုင်နေရာများနှင့် ကုန်ချောသိုလှောင်ထားမှုများ စံချိန်တင် ကျဆင်းခဲ့ကြောင်း ၂၀၂၀ ပြည့်နှစ် မေအတွက် ထုတ်ပြန်သော နစ်ကေးမြန်မာ့စက်မှုကုန်ထုတ်လုပ်ငန်း PMI အညွှန်းကိန်း (Manufacturing Purchasing Manager’s Index - ဝယ်ယူရေးမန်နေဂျာများ၏အညွှန်းကိန်း) အရ သိရသည်။

မေလစစ်တမ်းဒေတာအရ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောဂါပျံ့နှံ့မှုကို ထိန်းချုပ်ရန် စီးပွားရေးလုပ်ငန်းများ အများအပြား ပိတ်ချထားရ၍ မြန်မာ့ထုတ်လုပ်ရေးကဏ္ဍသည် မေတွင် သိသာစွာ ဆက်လက်ကျဆင်းခဲ့သည်။ ထုတ်လုပ်မှုမှု၊ အော်ဒါအသစ်များနှင့် ထည့်သွင်းကုန်ဝယ်ယူမှုများအားလုံး ၂၀၁၅ ခုနှစ် ဒီဇင်ဘာ စစ်တမ်းစတင်ခဲ့ချိန်မှစပြီး ဒုတိယအမြန်ဆုံးစံချိန်တင်နှုန်းများဖြင့် ကျဆင်းလာခဲ့ကာ အလုပ်နေရာများနှင့် သိုလှောင်ထားသည့် ကုန်ချောစာရင်းမှာလည်း စံချိန်တင်နှုန်းသစ်များဖြင့် ကျဆင်းလာခဲ့သည်။

PMI အညွှန်းမှာ အမှတ် ၅၀ အောက် သိသိသာသာ ဆက်လက်နိမ့်ကျနေခြင်းက မြန်မာနိုင်ငံအတွင်း လုပ်ငန်းအခြေအနေများ လျင်မြန်စွာ ထပ်၍ဆုတ်ယုတ်လာခြင်းကို အချက်ပြနေသည်။ ညွှန်းကိန်းမှာ ဧပြီ၏ အနိမ့်ဆုံး ၂၉ မှ မေတွင် ၃၈ ဒသမ ၉ သို့ မြင့်တက်လာခဲ့သော်လည်း ယင်းညွှန်းကိန်းမှာ စစ်တမ်းကောက်ယူခဲ့သည့် လေးနှစ်ခွဲကာလအတွင်း မကြုံစဖူး သိသာစွာ နိမ့်ကျနေဆဲဖြစ်သည်။

စက်ရုံလုပ်ငန်းများ ရပ်တန့်ထားရပြီး ပြည်တွင်းနှင့် နိုင်ငံတကာမှလုပ်ငန်းများ ပိတ်ချထားရမှုကြောင့် ဝယ်လိုအား ဆက်လက်ကျဆင်းလာခဲ့ကာ လုပ်သားများက မိမိတို့၏ ဇာတိဒေသများသို့ ဆက်လက်ပြန်နေကြသည့်အတွက် PMI တွက်ချက်မှုထဲ လေးပုံသုံးပုံခန့်အထိ ထည့်သွင်းစဉ်းစားရသည့် ထုတ်လုပ်မှု၊ အော်ဒါအသစ်များနှင့် အလုပ်နေရာအသီးသီးက မေလတွင် ညွှန်းကိန်းအပေါ် ဖိစီးလာခဲ့သည်။ ပစ္စည်းပေးသွင်းမှု ကြာမြင့်ချိန်များ ရှေ့ဆက်တိုးလာခဲ့သော်လည်း ဧပြီ၊ မတ်နှင့်စာလျှင် နည်းပါးခဲ့သည်။ PMI တွင် နောက်ဆုံးပါဝင်သည့် ထည့်သွင်းကုန်သိုလှောင်မှုများမှာ မှတ်တမ်းထဲတွင် တတိယအမြန်ဆုံးနှုန်းဖြင့် ကျဆင်းသွားခဲ့သည်။

တစ်ကမ္ဘာလုံးတွင် ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကြောင့် ဝယ်လိုအား ရေရှည်ကျဆင်းလာမည်ဟု ကုမ္ပဏီများက ထည့်တွက်ထားကြရာ ထုတ်လုပ်ရေး၊ လုပ်သားအင်အားမှာ မေလတွင် စံချိန်တင်အရှိန်ဖြင့် လျော့နည်းလာခဲ့သည်။ ဧပြီလ၏ ၃၇ ရာခိုင်နှုန်းနှင့် ယှဉ်ကြည့်လျှင် မေလတွင် ကုမ္ပဏီ ၄၅ ရာခိုင်နှုန်းတို့က လုပ်သားအင်အားကို လျှော့ချခဲ့ကြသည်။

မြန်မာနိုင်ငံရှိ ထုတ်လုပ်ရေးယူနစ်များစွာတို့က ထုတ်လုပ်မှုကို ဆက်လက်ရပ်တန့်ထားကြသော်လည်း လက်ကျန်အလုပ်များ လျင်မြန်စွာကုန်ခမ်းလာမှုမှာ လွန်ခဲ့သည့် သုံးလတာကာလအတွင်း အော်ဒါအသစ်များ ရရှိမှုစံချိန်တင်ကျဆင်းမှုကို ထင်ဟပ်နေသည်။ ယင်းကုန်ခမ်းမှုနှုန်းမှာ သိသာခဲ့သော်လည်း ဇန်နဝါရီလမှစပြီး အနှေးဆုံးဖြစ်ခဲ့ပြီး ကုန်ချောလက်ကျန်စာရင်းများမှာ အဟုန်သစ်နှင့် ကျဆင်းခဲ့ခြင်းဖြစ်သည်။

ထည့်သွင်းကုန်အသစ်များ ဝယ်ယူမှုမှာ မေလတွင် လျင်မြန်စွာကျဆင်းလာခဲ့ရာ ပစ္စည်းပေးသွင်းမှုနှင့် ဝယ်လိုအားနှစ်ရပ်စလုံးနှင့် ဆက်စပ်နေသည်။ ကျဆင်းမှုနှုန်းမှာ ဧပြီလထက် အားပျော့လာခဲ့သော်လည်း မှတ်တမ်းထဲတွင် ဒုတိယအမြန်ဆုံးဖြစ်နေဆဲ ဖြစ်သည်။ ပစ္စည်းပေးသွင်းမှုကြာမြင့်ချိန်များ တိုးလာခဲ့သော်လည်း ဧပြီ၊ မတ်လနှင့် နှိုင်းယှဉ်လျှင် နည်းပါးခဲ့သည်။

ထုတ်လုပ်ရေးထည်သွင်းကုန်များ၏ စျေးနှုန်းများမှာ ဝယ်လိုအားကျဆင်းလာခဲ့သောကြောင့် သုံးလအတွင်း ဒုတိယအကြိမ် ကျဆင်းသွားခဲ့သည်။ ဤအတောအတွင်း ထုတ်ကုန်များအတွက် တောင်းဆိုသည့်စျေး နှုန်းများမှာ ခြောက်လအတွင်းတွင် ငါးကြိမ်မြောက် ကျဆင်းလာခဲ့ခြင်းဖြစ်သည်။

နိုင်ငံတကာ ကပ်ဘေးရောဂါကြောင့် လုပ်ငန်းများရပ်တန့်ခဲ့ရသည့် အပြင်းထန်ဆုံးကာလ တဖြည်းဖြည်း လွန်မြောက်လာပြီဖြစ်ကြောင်း သက်သေပြခဲ့သည့်လက္ခဏာတစ်ရပ်မှာ ထုတ်လုပ်မှုမျှော်လင့်ချက်များ မေလတွင် မသိမသာမြင့်တက်ခဲ့သည်။ ကုမ္ပဏီအချို့က လာမည့်လများအတွင်း ထုတ်လုပ်မှုများ ပြန်လည်စတင်နိုင်မည်ဟု မျှော်မှန်းကြသည်။ သို့သော်လည်း အကောင်းမြင်စိတ်မှာမူ လေးနှစ်ခွဲကြာ စစ်တမ်းသမိုင်းနှင့်နှိုင်းယှဉ်လျှင် အားနည်းနေဆဲဖြစ်သည်။

အဆိုပါစစ်တမ်းကို ပြုစုပေးသည့် IHS Markit မှ စီးပွားရေးပညာရှင် Trevor Balchin က “ မြန်မာနိုင်ငံရဲ့ ကုန်ထုတ်လုပ်ရေးလုပ်ငန်းတွေ မေလမှာ ပိတ်ချထားရတာကြောင့် ပြင်းထန်စွာထိခိုက်ခဲ့ပြီး PMI အတွက် သော့ချက်ကျတဲ့အညွှန်းတွေ လျင်မြန်စွာကျဆင်းနေဆဲ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

ယခုထုတ်ပြန်ထားသော စစ်တမ်းကို IHS Markit က စက်မှုကုန်ထုတ်လုပ်ငန်းများထံမှ ကောက်ယူစုစည်းရရှိသည့် စစ်တမ်းမူလကိန်းဂဏန်းများကို အခြေခံပြုစုထားခြင်းဖြစ်ပြီး ဂျပန်အခြေစိုက် Nikkei မီဒီယာအုပ်စုက ပံ့ပိုးထားခြင်းဖြစ်သည်။

Most Read

Most Recent