အစိုးရသစ်သက်တမ်း လေးနှစ်တာအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၂၁ ဘီလျံကျော်ရှိပြီး ကုန်ထုတ်လုပ်မှု၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး၊ ဝန်ဆောင်မှုကဏ္ဍများ၌ အများဆုံးခွင့်ပြုထား

အစိုးရသစ်သက်တမ်း လေးနှစ်တာအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၂၁ ဘီလျံကျော်ရှိပြီး ကုန်ထုတ်လုပ်မှု၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး၊ ဝန်ဆောင်မှုကဏ္ဍများ၌ အများဆုံးခွင့်ပြုထား
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ နှစ်အလိုက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ခွင့်ပြုခဲ့မှုအခြေအနေ (ဓာတ်ပုံ-MOI)
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ နှစ်အလိုက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ခွင့်ပြုခဲ့မှုအခြေအနေ (ဓာတ်ပုံ-MOI)
Published 30 May 2020
ဇေယျာငြိမ်း

အစိုးရသစ်သက်တမ်း လေးနှစ်တာကာလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၂၁ ဘီလျံကျော်ရှိပြီး ကုန်ထုတ်လုပ်မှု၊ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး၊ ဝန်ဆောင်မှုကဏ္ဍများ၌ အများဆုံး ခွင့်ပြုပေးထားကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၀ ပြည့်နှစ် ဧပြီလကုန်အထိ အစိုးရသစ်သက်တမ်း လေးနှစ်တာကာလအတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၂၁ ဒသမ ၄၄၈ ဘီလျံအထိ ခွင့်ပြုပေးထားသည်။

ရင်းနှီးမြှုပ်နှံမှုများ ခွင့်ပြုပေးရာတွင် မြန်မာနိုင်ငံ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ လျှပ်စစ်၊ ကုန်ထုတ်လုပ်မှုလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးလုပ်ငန်း၊ အိမ်ခြံမြေလုပ်ငန်း၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း၊ သတ္တုတွင်းထွက်လုပ်ငန်း၊ မွေးမြူရေးနှင့် ရေလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ စက်မှုဇုန်လုပ်ငန်း၊ ဆောက်လုပ်ရေး လုပ်ငန်းနှင့် အခြားဝန်ဆောင်မှုလုပ်ငန်း စသည့်စီးပွားရေးကဏ္ဍ ၁၂ ခု၌ အဓိကခွင့်ပြုပေးခဲ့ခြင်း ဖြစ်သည်။

အစိုးရသစ်လက်တွင် ရင်းနှီးမြှုပ်နှံမှုများ ခွင့်ပြုပေးရာတွင် နိုင်ငံ၏သယံဇာတ အရင်းအမြစ်များကို ထုတ်ယူသုံးစွဲသော ကဏ္ဍများထက် ပြည်တွင်း၌ အလုပ်အကိုင်အခွင့်လမ်း ပိုမိုဖန်တီးပေးနိုင်ရေး၊ အခြေခံအဆောက်များ ဖွံ့ဖြိုးတိုးတက်စေရေး၊ သွင်းကုန်အစားထိုးထုတ်ကုန်များ ဖွံ့ဖြိုးတိုးတက်ရေးစသည့် လုပ်ငန်းအမျိုးအစားများကို ဦးစားပေးခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။

အစိုးရသစ်သက်တမ်း လေးနှစ်တာအတွင်း သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍတွင် ဒေါ်လာ ခြောက်ဘီလျံကျော်အထိ အများဆုံးခွင့်ပြုပေးထားပြီး ကုန်ထုတ်လုပ်မှု လုပ်ငန်းကဏ္ဍတွင် ဒေါ်လာ ၅ ဒသမ ၄ ဘီလျံကျော်အထိ ဒုတိယအများဆုံး ခွင့်ပြုပေးထားခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ထုတ်ပြန်ထားသည့် စာရင်းမျာအရ သိရသည်။

အိမ်ခြံမြေကဏ္ဍတွင် ဒေါ်လာ ၃ ဒသမ ၃ ဘီလျံကျော်၊ လျှပ်စစ်ကဏ္ဍတွင် ဒေါ်လာ ၂ ဒသမ ၅ ဘီလျံကျော်၊ ဝန်ဆောင်မှုကဏ္ဍတွင် ဒေါ်လာ ၂ ဒသမ ၃ ဘီလျံကျော်ဖြင့် အများဆုံးခွင့်ပြုပေးထားခြင်း ဖြစ်သည်။

၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်မှ ၂၀၂၀ ပြည့်နှစ် ဧပြီလကုန်အထိ မြန်မာနိုင်ငံ၌ နိုင်ငံပေါင်း ၅၁ နိုင်ငံမှ နိုင်ငံခြားရင်းနှီးမြှုပ်ပမာဏ ဒေါ်လာ ၈၅ ဒသမ ၁၆၇ ဘီလျံတန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂၀၀၀ နီးပါးအထိ လာရောက်ရင်းနှီးမြှုပ်နှံထားသည်။

ယင်းအနက် စင်ကာပူနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၂၃ ဘီလျံကျော်ရှိ လုပ်ငန်းပေါင်း ၃၂၅ ခုအထိ လာရောက်ရင်းနှီးမြှုပ်နှံထားသည်။ စုစုပေါင်းပမာဏ၏ ၂၇ ရာခိုင်နှုန်းကျော်ရှိပြီး အများဆုံး ရင်းနှီးမြှုပ်နှံထားခြင်းဖြစ်သည်။

တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၂၁ ဘီလျံကျော်တန်ဖိုးရှိ လုပ်ငန်း ပေါင်း ၄၇၀ ကျော် လာရောက်ရင်းနှီးမြှုပ်နှံထားသည်။ စုစုပေါင်းပမာဏ၏ ၂၅ ရာခိုင်နှုန်းရှိပြီး ဒုတိယအများဆုံး ရင်းနှီးမြှုပ်နှံထားခြင်း ဖြစ်သည်။ ထိုင်းနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုမှာ ဒေါ်လာ ၁၁ ဘီလျံကျော်ရှိပြီး အများဆုံး ရင်းနှီးမြှုပ်နှံထားသော နိုင်ငံများအဆင့်တွင် အဆင့်သုံးတွင်ရှိသည်။

ဟောင်ကောင်၏ ရင်းနှီးမြှုပ်နှံမှုမှာ ဒေါ်လာတစ်ဘီလျံခန့်ရှိပြီး အဆင့်လေးနေရာတွင် ရှိသည်။ ဗြိတိန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုမှာ ဒေါ်လာသန်း ၄၉၀ ကျော်ရှိပြီး အဆင့် ငါးနေရာတွင် ရှိသည်။

ကိုရီးယားနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုမှာ အဆင့်ခြောက် ၊ ဗီယက်နမ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုမှာ အဆင့်ခုနစ်၊ မလေးရှားနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုမှာ အဆင့်ရှစ်၊ နယ်သာလန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုမှာ အဆင့်ကိုး၊ ဂျပန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုမှာ အဆင့် ၁၀ စသည်ဖြင့် အသီးသီး လာရောက်ရင်းနှီးမြှုပ်နှံထားသည်။

Most Read

Most Recent