KNU/KNLA (PC) ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီးစောထော့လေးအား ရွေးချယ်တင်မြှောက်ခြင်းကို ကြိုဆိုဂုဏ်ပြုကြောင်းနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အစိုးရနှင့် လက်တွဲကြိုးပမ်းဆောင်ရွက်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် သဝဏ်လွှာပေးပို့

KNU/KNLA (PC) ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီးစောထော့လေးအား ရွေးချယ်တင်မြှောက်ခြင်းကို ကြိုဆိုဂုဏ်ပြုကြောင်းနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အစိုးရနှင့် လက်တွဲကြိုးပမ်းဆောင်ရွက်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် သဝဏ်လွှာပေးပို့
  KNU/KNLA (PC)  ဥက္ကဋ္ဌသစ် ဗိုလ်ချုပ်ကြီးစောထော့လေး (ယာ) ကိုတွေ့ရစဉ် (Photo- KNU/KNLA (PC) Facebook)  
KNU/KNLA (PC)  ဥက္ကဋ္ဌသစ် ဗိုလ်ချုပ်ကြီးစောထော့လေး (ယာ) ကိုတွေ့ရစဉ် (Photo- KNU/KNLA (PC) Facebook)  
Published 28 May 2020
မင်းနိုင်စိုး

ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသားလွတ်မြောက်ရေးအဖွဲ့/ ငြိမ်းချမ်း ရေးကောင်စီ (KNU/KNLA -PC ) ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီးစောထော့လေးအား ရွေးချယ်တင်မြှောက်ခြင်းကို ကြိုဆိုဂုဏ်ပြုကြောင်းနှင့် KNU/KNLA -PC အနေဖြင့်  ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အစိုးရနှင့် အတူလက်တွဲ ပူးပေါင်းကြိုးပမ်း ဆောင်ရွက်နိုင်ပါစေကြောင်း အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မေ ၂၇ ရက်တွင် သဝဏ်လွှာပေးပို့ခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်သည်။

KNU/KNLA -PC ဥက္ကဋ္ဌ ဗိုလ်ချုပ် ကြီးစောဌေးမောင်သည် မေ ၃ ရက်တွင် လူကြီးရောဂါဖြင့် ကွယ်လွန်သွားခဲ့ပြီး မေ ၂၅ ရက်နှင့် ၂၆ ရက်တွင် KNU/KNLA -PC ဗဟိုကော်မတီနှင့် တပ်မှူး၊ တပ်ဗိုလ်များ အစည်းအဝေးက ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောထော့လေးကို ဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြှောက်ခဲ့ကာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က KNU/KNLA -PC ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောထော့လေးနှင့် KNU/KNLA -PC သို့ မေ ၂၇ ရက်တွင် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့ခဲ့ခြင်းဖြစ်သည်။

KNU/KNLA -PC ဥက္ကဋ္ဌနှင့် KNU/KNLA -PC သည် အားလုံးမျှော်မှန်းထားသည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ဆက်လက်လျှောက်လှမ်းရမည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် လက်ရှိဖြစ်ပွားနေသော COVID-19 ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် နိုင်ငံတော်အစိုးရနှင့်အတူ လက်တွဲပူးပေါင်း ကြိုးပမ်းဆောင်ရွက်နိုင်ကြပါစေကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က သဝဏ်လွှာတွင် ရေးသားထားသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးခဲ့သော KNU/KNLA -PC ၏ ဗဟို ကော်မတီနှင့် တပ်မှူး၊ တပ်ဗိုလ်များ အစည်းအဝေးကို ဗဟိုဌာနချုပ်၊ ထို့ကော်ကိုးတွင် ကျင်းပခဲ့ပြီး လစ်လပ်နေသော KNU/KNLA -PC ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီး စောထော့လေးအား ရွေးချယ်တင်မြှောက်သည့်အတွက် ဝမ်းမြောက်စွာ ကြိုဆိုဂုဏ်ပြုကြောင်းလည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ သဝဏ်လွှာတွင် ဖော်ပြခဲ့သည်။

KNU/KNLA -PC အနေဖြင့် မကြာသေးမီက ခေါင်းဆောင်အချို့ အပြောင်းအလဲရှိသော်လည်း ငြိမ်းချမ်းရေးအပေါ် ချမှတ်ထားသည့်မူဝါဒများ အပြောင်းအလဲ တစ်စုံတရာမရှိဘဲ ပြည်ထောင်စု ငြိမ်းချမ်းရေး တည်ဆောက်မှု ဖြစ်စဉ်တွင်လည်းကောင်း၊ ဒေသတွင်း တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများတွင်လည်းကောင်း၊ သက်ဆိုင်ရာအဖွဲ့အစည်းများ၊ ညီနောင်တိုင်း ရင်းသားများနှင့်အတူ လက်တွဲပြီး NCA လမ်းကြောင်းအတိုင်း စိတ်ရင်းစေတနာမှန်ဖြင့် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ဟု ထုတ်ပြန်ခဲ့ကြောင်း၊ KNU/KNLA -PC ၏ သဘောထားသည် ငြိမ်းချမ်းရေးအပေါ် အမှန်တကယ်မြတ်နိုး တန်ဖိုးထားသော စိတ်ရင်းစေတနာမှန်ကို ပြသနေကြောင်း မြင်တွေ့ရ၍ ဝမ်းမြောက်ရကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က သဝဏ်လွှာတွင် ဖော်ပြခဲ့သည်။

KNU/KNLA -PC ၏ ဗဟိုကော်မတီနှင့် တပ်မှူး၊ တပ်ဗိုလ်များ အစည်းအဝေးတွင် ဒုတိယဥက္ကဋ္ဌဖြစ်သူ ဗိုလ်ချုပ်ကြီး စောထော့လေးကို ဥက္ကဋ္ဌအဖြစ် တင်မြောက်ခဲ့ပြီး လစ်လပ်သွားသော ဒုတိယဥက္ကဋ္ဌနေရာတွင် ဗိုလ်ချုပ်စောယဉ်နုကို ရွေးကောက်တင်မြောက်ခဲ့ကြောင်း KNU/KNLA -PC ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောကျော်ညွန့်က မေ ၂၇ ရက်က ပြောကြားသည်။          

 

Most Read

Most Recent