ပို့ကုန်မြှင့်တင်ရေး အကောင်အထည်ဖော်မည့် အမျိုးသားပို့ကုန်မဟာဗျူဟာ ၂၀၂၀-၂၀၂၅ တွင် ဦးစားပေးကဏ္ဍ ငါးမျိုး၊ ဝန်ဆောင်မှု တစ်မျိုး၊ ဖွံ့ဖြိုးရန် အလားအလာရှိသော ကဏ္ဍတစ်မျိုး၊ ဦးစားပေးကဏ္ဍများကို အထောက်အကူပြု ဝန်ဆောင်မှုလုပ်ငန်း လေးမျိုးတို့ကို ရွေးချယ်ထား

ပို့ကုန်မြှင့်တင်ရေး အကောင်အထည်ဖော်မည့် အမျိုးသားပို့ကုန်မဟာဗျူဟာ ၂၀၂၀-၂၀၂၅ တွင် ဦးစားပေးကဏ္ဍ ငါးမျိုး၊ ဝန်ဆောင်မှု တစ်မျိုး၊ ဖွံ့ဖြိုးရန် အလားအလာရှိသော ကဏ္ဍတစ်မျိုး၊ ဦးစားပေးကဏ္ဍများကို အထောက်အကူပြု ဝန်ဆောင်မှုလုပ်ငန်း လေးမျိုးတို့ကို ရွေးချယ်ထား
Published 28 May 2020
နီလာ

မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန်မြှင့်တင်ရေး အကောင်အထည်ဖော်မည့် အမျိုးသားပို့ကုန် မဟာဗျူဟာ ၂၀၂၀-၂၀၂၅ တွင် ဦးစားပေး ကဏ္ဍငါးမျိုး၊ ဝန်ဆောင်မှုတစ်မျိုး၊ ဖွံ့ဖြိုးရန် အလားအလာရှိသော ကဏ္ဍတစ်မျိုး၊ ဦးစားပေး ကဏ္ဍများကို အထောက်အကူပြု ဝန်ဆောင်မှု လုပ်ငန်းလေးမျိုးတို့ကို ရွေးချယ်ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားသည်။

အမျိုးသားပို့ကုန်မဟာဗျူဟာ ၂၀၂၀- ၂၀၂၅ ဦးစားပေးကဏ္ဍများအတွက် မဟာဗျူဟာများ ရေးဆွဲရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဒေသခံ အကျိုးတူူပူးပေါင်း ဆောင်ရွက်သူများ၏ အမြင်များကို ထည့်သွင်းရေးဆွဲမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

အမျိုးသားပို့ကုန်မဟာဗျူဟာ (NES) ၂၀၂၀-၂၀၂၅ သည် မြန်မာနိုင်ငံသားများအတွက် အလုပ်အကိုင်များနှင့် အခွင့်အလမ်းသစ်များ ဖန်တီးပေးနိုင်ရေးအတွက် အစိုးရ ဌာနဆိုင်ရာများနှင့် ပုဂ္ဂလိကကဏ္ဍတို့ ပူးပေါင်းလုပ်ဆောင်နိုင်မည့် အခွင့်အရေးတစ်ခုဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်စိုးက ပြောကြားသည်။

“NES ၂၀၂၀-၂၀၂၅ ဟာ မြန်မာနိုင်ငံသားများအတွက် အလုပ်အကိုင်များနဲ့ အခွင့်အလမ်းသစ်များ ဖန်တီးပေးနိုင်ရေးအတွက် အစိုးရဌာနဆိုင်ရာအဖွဲ့အစည်းများနဲ့ ပုဂ္ဂလိကကဏ္ဍတို့ အတူတကွ ပူးပေါင်းလုပ်ဆောင်လာနိုင်မည့် အခွင့်အရေးတစ်ခုပင် ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝှမ်းလုံးမှ အာရှတိုက်ကို အာရုံစိုက်လာခြင်းသည်လည်း မြန်မာနိုင်ငံအတွက် အခွင့်အရေးအသစ်တွေနဲ့ စိန်ခေါ်မှုတွေကို ဖြစ်ပေါ်စေပါတယ်။ NES ကို အကောင်အထည်ဖော်ခြင်းအားဖြင့် မြန်မာနိုင်ငံမှ ကမ္ဘာကြီး၏ တန်ဖိုးမြှင့်တင်မှု ကွင်းဆက်တွင် ပါဝင်နိုင်ရန် နည်းလမ်းအဖြေများ ဖော်ထုတ်ပေးနိုင်မှာဖြစ်ပါတယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးအောင်စိုးက ပြောကြားသည်။

အမျိုးသားပို့ကုန်မဟာဗျူဟာ ၂၀၂၀- ၂၀၂၅ ၏ အဓိကဦးစားပေးကဏ္ဍများတွင် လယ်ယာထွက်ကုန်ပစ္စည်း အခြေခံစားသောက်ကုန် ထုတ်လုပ်ခြင်းကဏ္ဍ၊ အထည်အလိပ်နှင့် အဝတ်အထည်ကဏ္ဍ၊ စက်မှုနှင့် လျှပ်စစ်ပစ္စည်းကဏ္ဍ၊ ရေထွက်ကုန်လုပ်ငန်းကဏ္ဍ၊ သစ်တောထွက်ပစ္စည်းကဏ္ဍ၊ ဒစ်ဂျစ်တယ် ထုတ်ကုန်များနှင့် ဝန်ဆောင်မှုကဏ္ဍ၊ ထောက်ပံ့ပို့ဆောင်ရေး ဝန်ဆောင်မှုကဏ္ဍ၊ အရည်အသွေး စီမံခန့်ခွဲမှုကဏ္ဍ၊ ကုန်သွယ်မှု သတင်းအချက်အလက် ဝန်ဆောင်မှုကဏ္ဍ၊ တီထွင်ဆန်းသစ်မှုနှင့် စွန့်ဦးတီထွင်ဆောင်ရွက်ခြင်းကဏ္ဍ စသည်တို့လည်း ပါဝင်သည်။

“အစိုးရဌာနများနဲ့ ပုဂ္ဂလိကကဏ္ဍများ ပူးပေါင်းပါဝင်တဲ့ NES ဆွေးနွေးပွဲများဟာ အစိုးရဌာနဆိုင်ရာများနဲ့ သက်ဆိုင်ရာကဏ္ဍဆိုင်ရာ အရေးကိစ္စများကို ဆွေးနွေးရန် ပုဂ္ဂလိက စီးပွားရေး ကဏ္ဍများအတွက် အခွင့်အရေးတစ်ခုပင် ဖြစ်ပါတယ်။ ဒီလက်တွေ့ကျတဲ့ ချဉ်းကပ်မှုပုံစံဟာ အသေးစားနဲ့ အလတ်စား လုပ်ငန်းများကို ကမ္ဘာ့စျေးကွက်တွင် အချိန်တိုအတွင်း ကောင်းမွန်စွာ ယှဉ်ပြိုင်နိုင်ရေးအတွက် အားလုံးပါဝင်သဘောတူတဲ့ မျှော်မှန်းချက်တစ်ခုကို ချမှတ်ဖော်ဆောင်နိုင်စေမှာ ဖြစ်ပါတယ်” ဟု ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ပြောကြားသည်။

အမျိုးသား ပို့ကုန်မဟာဗျူဟာ (NES) ၂၀၂၀-၂၀၂၅ ၏ အဓိကရည်ရွယ်ချက်မှာ တန်ဖိုးမြင် ့ကုန်ပစ္စည်းထုတ်လုပ် ရောင်းချခြင်းများ၊ စျေးကွက်၌ ပိုမိုနေရာရစေမည့် လယ်ယာစိုက်ပျိုးရေးနှင့် ဝန်ဆောင်မှုများ ပါဝင်သည့် တင်ပို့ကုန်အမျိုးအစားများအမျိုးမျိုးကို ဖြစ်ပေါ်စေရေးဖြစ်ကြောင်း သိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသည် ကုန်သည်စက်မှုအသင်းချုပ်နှင့် ပူးပေါင်းပြီး နိုင်ငံတကာကုန်သွယ်မှု  ဗဟိုဌာနမှ နည်းပညာအကူအညီဖြင့် အမျိုးသားပို့ကုန်မဟာဗျူဟာ ၂၀၂၀-၂၀၂၅ ကို ဒီဇိုင်းရေးဆွဲရန်အတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးပွဲများ ဆောင်ရွက်သွားမည်ဖြစ်သည်။

 

Most Read

Most Recent