COVID – 19 ရောဂါကြောင့် နိုင်ငံတော်ရငွေများ လျော့နည်းနိုင်သည့်အတွက် နိုင်ငံတော်၏ လိုငွေကို ဖြည့်ဆည်းရန် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေး ရန်ပုံငွေအဖွဲ့ (IMF) ထံမှ ချေးငွေ ဒေါ်လာသန်း ၇၀၀ ချေးယူရေးကိစ္စ လွှတ်တော်အတည်ပြု

COVID – 19 ရောဂါကြောင့် နိုင်ငံတော်ရငွေများ လျော့နည်းနိုင်သည့်အတွက် နိုင်ငံတော်၏ လိုငွေကို ဖြည့်ဆည်းရန် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေး ရန်ပုံငွေအဖွဲ့ (IMF) ထံမှ ချေးငွေ ဒေါ်လာသန်း ၇၀၀ ချေးယူရေးကိစ္စ လွှတ်တော်အတည်ပြု
Published 27 May 2020
အောင်မင်းသိန်း

COVID – 19 ရောဂါကြောင့် နိုင်ငံတော်ရငွေများ လျော့နည်းနိုင်သည့်အတွက် နိုင်ငံတော်၏လိုငွေအား ဖြည့်ဆည်းရန် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေအဖွဲ့ (IMF) ထံမှ ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၇၀၀ ချေးယူရေးကိစ္စအား ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်ပြီဖြစ်သည်။

မေ ၂၆ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် နိုင်ငံတော် သမ္မတထံမှ ပေးပို့ထားသည် နိုင်ငံတော်၏လိုငွေအား ဖြည့်ဆည်းရန်အတွက် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေး ရန်ပုံငွေအဖွဲ့ (IMF) ထံမှ ချေးငွေ အမေရိကန်ဒေါ်လာသန်း ၇၀၀ ချေးယူရေးကိစ္စနှင့်ပတ်သက်၍ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၁၁ ဦး၏ ဆွေးနွေးခဲ့မှုများကို စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြန်လည်ရှင်းလင်းတင်ပြခဲ့သည်။

“ဆွေးနွေးခဲ့ကြသည့် လွှတ်တော်ကိုယ်စားလှယ်များအား ကျေးဇူးတင်ရှိပါကြောင်းနှင့် မေးမြန်းမှုများအပေါ်တွင် တတ်နိုင်သမျှ ခြုံငုံပြီးတော့ ပြည့်စုံအောင်ရှင်းလင်းတင်ပြပေးမှာ ဖြစ်ပါတယ်” ဟု ဒုတိယဝန်ကြီးက ပြောကြားသည်။

လွှတ်တော် ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအနက် အဓိကကျသည့် ဆွေးနွေးချက်များကို ထုတ်နုတ်၍ တင်ပြရမည်ဆိုပါက ချေးငွေသုံးစွဲမည့်ကိစ္စနှင့် ပတ်သက်ပြီး ချေးငွေရယူရန် လွှတ်တော်သို့ ရှင်းလင်းတင်ပြစဉ်က  မြင့်တက်လာမည့် နိုင်ငံတော်၏ ဘတ်ဂျက်လိုငွေကို  ဖြည့်ဆည်းပေးနိုင်ရန် ဖြစ်ကြောင်း၊ IMF ကပေးအပ်သည့် ရည်ရွယ်ချက်သည် B0P လိုငွေအတွက်ဖြစ်စေ၊ ဘတ်ဂျက်လိုငွေအတွက်ဖြစ်စေ သုံးစွဲနိုင်ရန်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် ညှိနှိုင်းချက်အရ လက်ရှိရယူမည့် ချေးငွေအား ဘတ်ဂျက်လိုငွေအတွက် ဖြည့်ဆည်းပေးရန် ရည်ရွယ်ထားကြောင်း ဒုတိယဝန်ကြီးက ရှင်းလင်းပြောကြားသည်။

ဒုတိယဝန်ကြီးက  “အားလုံးသိပြီးဖြစ်တဲ့အတိုင်း နိုင်ငံတော်ရဲ့ နှစ်စဉ်ဘတ်ဂျက်ဟာ လိုငွေပြတဲ့ ဘတ်ဂျက်နဲ့ သွားနေတာဖြစ်ပါတယ်။ COVID – 19 ဖြစ်ပွားတဲ့ ယခု ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ် ဘတ်ဂျက်ဟာ သာမန်နှစ်တွေထက်ပိုပြီးတော့  လိုငွေမြင့်မားနိုင်မယ့် ဘတ်ဂျက်ဖြစ်ပါတယ်။ အဆိုပါ ဘတ်ဂျက်လိုငွေများနဲ့ တစ်ဖက်က ကြွေးမြီအပ်ငွေ ယာယီစာရင်းတွေအရ ဖြစ်ပေါ်တတ်တဲ့ လိုငွေတွေကို အစိုးရက နှစ်စဉ်ဘဏ္ဍာငွေ ဖြည့်ဆည်းမှုတွေ လုပ်ရပါတယ်” ဟု တင်ပြခဲ့သည်။

မြန်မာနိုင်ငံတွင် COVID – 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် အသုံးစရိတ် တိုးမြှင့်သုံးစွဲရခြင်း၊ COVID – 19 ကြောင့် လူမှုစီးပွားရေးဆိုင်ရာ ထိခိုက်မှုများကို ကုစားနိုင်ရန် Covid – 19 Economic Relief Plan (CERP) ကို ရေးဆွဲဆောင်ရွက်လျက်ရှိခြင်း၊ နိုင်ငံတော်၏ အခွန်အကောက်ရငွေအပေါ် ထိခိုက်နိုင်ခြင်း၊ သဘာဝဓာတ်ငွေ့ ရောင်းရငွေ လျော့ကျနိုင်ခြင်း၊ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးမှုနှုန်းကို ထိခိုက်နိုင်ခြင်းများကြောင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ အရအသုံး ခန့်မှန်းခြေငွေ စာရင်းအပေါ် သက်ရောက်မှုများစွာ ရှိလာနိုင်ကြောင်း၊ ယင်းသို့ မြင့်တက်လာနိုင်သည့် ဘဏ္ဍာရေးလိုငွေကို ဖြေရှင်းနိုင်ရန် နိုင်ငံတကာ အဖွဲ့အစည်းများထံမှ ချေးငွေရယူခြင်း နည်းလမ်းဖြင့်လည်း ဖြည့်ဆည်းမည်ဖြစ်၍ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF)ထံမှ Rapid Credit Facility (RCF) နှင့် Rapid Financing Instrument (RFI) ချေးငွေ အမေရိကန်ဒေါ်လာသန်း ၇၀၀ ရယူမည်ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေအဖွဲ့ (IMF) ထံမှ ချေးငွေရယူရန်ကိစ္စနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတထံမှ ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့ထားမှုတွင် ဖော်ပြပါရှိသည်။

“သို့ဖြစ်ပါ၍ အချိန်အခါ အခြေအနေအရ သင့်မြတ်လျော်ကန်စွာ ရရှိလာသော IMF ရဲ့ RCF နဲ့ RFI ချေးငွေ အစီအစဉ်အောက်မှ အမေရိကန်ဒေါ်လာ သန်း ၇၀၀ ရယူရေးကို နိုင်ငံတော်၏ ရေရှည်အကျိုးအတွက် ရယူဆောင်ရွက်လိုပါသဖြင့် ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးနိုင်ရန် တင်ပြအပ်ပါတယ်” ဟု ဒုတိယဝန်ကြီးက လွှတ်တော်၌ တင်ပြခဲ့သည်။

COVID – 19 သက်ရောက်မှု ကုစားရေးအတွက် IMF ထံမှ ထုတ်ချေးမည့် RCF နှင့် RFI ချေးငွေ အစီအစဉ်များသည် နိုင်ငံသားများအတွက် ကျန်းမာရေးအသုံးစရိတ် တိုးမြှင့်ရေး၊ စီးပွားရေး လုပ်ငန်းများအပေါ် ထိခိုက်မှုသက်သာစေရန် ဘဏ္ဍာရေးတွန်းအားပေးမှု အစီအစဉ်များ ဆောင်ရွက်ရေး၊ အိမ်ထောင်စုများ၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအပေါ် ထိခိုက်မှုများ အနည်းဆုံးသို့ လျော့ချရေးနှင့် COVID – 19 ကြောင့် စားဝတ်နေရေး အခက်အခဲကြုံနေရသူများကို ထောက်ပံ့ရေးများကို အဓိကထား ဆောင်ရွက်နိုင်ရေးအတွက် ဘတ်ဂျက်လိုငွေ ဖြည့်ဆည်းရန်ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးမင်းက လွှတ်တော်၌ ရှင်းလင်းတင်ပြခဲ့သည်။

အထက်ချေးငွေ ရယူရေးကိစ္စနှင့်ပတ်သက်၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူရာတွင် ကန့်ကွက်သူမရှိ သဘောတူခဲ့ခြင်းကြောင့် နိုင်ငံတော်၏လိုငွေအား ဖြည့်ဆည်းရန်အတွက် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေအဖွဲ့ (IMF) ထံမှ ချေးငွေ အမေရိကန် ဒေါ်လာသန်း ၇၀၀ ချေးယူရေးကိစ္စကို လွှတ်တော်က သဘောတူကြောင်း ပြည်ထောင်စု လွှတ်တော်နာယက ဦးတီခွန်မြတ်က ကြေညာခဲ့သည်။