ပရီးမီးယားလိဂ်၏ ဒုတိယအကြိမ် ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးမှုတွင် ပိုးတွေ့ရှိသူ (၂)ဦးသာရှိခဲ့ပြီး (၂)ကြိမ်ပေါင်းစစ်ဆေးမှု၌ ဘွန်ဒစ်လီဂါထက် ပိုးတွေ့သူနည်းပါး

ပရီးမီးယားလိဂ်၏ ဒုတိယအကြိမ် ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးမှုတွင် ပိုးတွေ့ရှိသူ (၂)ဦးသာရှိခဲ့ပြီး (၂)ကြိမ်ပေါင်းစစ်ဆေးမှု၌ ဘွန်ဒစ်လီဂါထက် ပိုးတွေ့သူနည်းပါး
Published 25 May 2020

ပရီးမီးယားလိဂ်ကလပ်အသင်းများအား ကိုရိုနာဗိုင်းရပ်စ်ပိုး ဒုတိယအကြိမ်စစ်ဆေးမှုပြုလုပ်ခဲ့ရာ ပိုးတွေ့ရှိသူ(၂)ဦးသာ ရှိခဲ့ကြောင်း သိရှိရသည်။

ယင်းဒုတိယအကြိမ် စစ်ဆေးမှုတွင် ကစားသမား၊ နည်းပြနှင့် ဝန်ထမ်းစုုစုပေါင်း (၉၉၆)ဦး ကို စစ်ဆေးခဲ့ခြင်းဖြစ်ပြီး ပိုးတွေ့ရှိသူမှာ အလွန်နည်းပါးသဖြင့် ပရီးမီးယားလိဂ်ပြိုင်ပွဲ ပြန်လည်စတင်ရန် အလားအလာကောင်းများရှိကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။

ယင်းပိုးတွေ့ရှိသူ (၂)ဦးမှာ ကလပ်အသင်း (၂)သင်းမှ တစ်ဦးစီဖြစ်ပြီး ပြီးခဲ့သည့်မေ (၂၄)ရက် မွန်းလွဲပိုင်းအချိန်တွင် ဘုန်းမောက်အသင်းက ရောဂါပိုးတွေ့ရှိသူတစ်ဦးမှာ မိမိတို့ အသင်းမှဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

ပရီးမီးယားလိဂ်တွင် ပြီးခဲ့သည့်မေ(၁၇၊ ၁၈) ရက်များက ပထမအကြိမ် စစ်ဆေးမှုပြုလုပ်ခဲ့ပြီး ထိုစဉ်က (၇၄၈)ဦးစစ်ဆေးရာတွင် ပိုးတွေ့ရှိသူ (၆)ဦးရှိခဲ့သည်။

သို့ဖြစ်ရာ ပထမအကြိမ်နှင့် ဒုတိယအကြိမ်(၂)ကြိမ်ပေါင်း စစ်ဆေးမှု (၁၇၄၄)ကြိမ်တွင် ပိုးတွေ့ရှိမှုပေါင်း (၈)ခုရှိခဲ့ခြင်းဖြစ်သည်။

ယင်းကိန်းဂဏန်းမှာ ဘွန်ဒစ်လီဂါပြိုင်ပွဲတွင် စစ်ဆေးစဉ်က ရောဂါပိုးတွေ့ရှိရမှုထက် ပိုမိုနည်းပါးသည့် ပမာဏဖြစ်ကြောင်းလည်း သိရှိရသည်။    

ဘွန်ဒစ်လီဂါတွင် စုစုပေါင်းစစ်ဆေးမှု (၁၇၄၈)ကြိမ်တွင် ပိုးတွေ့ရှိသူ (၁၀)ဦးရှိခဲ့ပြီး ပိုးတွေ့ရှိနှုန်းမှာ (၀.၅၇%)ဖြစ် သည်။

ယခု ပရီးမီးယားလိဂ်တွင် (၂)ကြိမ်ပေါင်းပိုးတွေ့ရှိမှု နှုန်းမှာ (၀.၄၆%)ဖြစ်ရာ ဘွန်ဒစ်လီဂါထက်နည်းပါးသော ပမာဏဖြစ်ကြောင်း သိရှိရသည်။

လက်ရှိတွင် ယင်းပိုးတွေ့ရှိ သူများကို အစိုးရမှသတ်မှတ်ထားသော ညွှန်ကြားချက်များနှင့်အညီ သီးခြားထားရှိကြောင်း တာဝန်ရှိသူများက ပြော ကြားခဲ့သည်။

ကလပ်အသင်းများ၏ အချက်အလက်များကို ကာကွယ်ပေးသည့်  စံနှုန်းသတ်မှတ်ချက်များအရ မည်သည့်ကလပ်အသင်းမှ မည်သည့်ကစားသမား/နည်းပြ/ဝန်ထမ်းပိုး တွေ့ရှိသည်ဟု ပရီးမီးယားလိဂ်အဖွဲ့ချုပ်က ထုတ်ပြန်ကြေ ညာခြင်းမရှိပေ။

သို့သော် ကလပ်အသင်းများက ၎င်းတို့(တစ်သင်းချင်းစီအလိုက်)သတ်မှတ်ထားသော မူဝါဒများအပေါ် မူတည်၍ အချို့သောအသင်းများမှာ ပိုးတွေ့ရှိသူမည်သူဖြစ်သည်ဆိုသည်ကို ထုတ်ပြန်ကြေညာခဲ့ကြသည်။

ပြီးခဲ့သည့် ပထမအကြိမ်စစ်ဆေးမှုတွင် ပိုးတွေ့ရှိသူ (၆)ဦး ရှိခဲ့ရာ၌ (၄)ဦးမှာ ဘန်လေအသင်းနှင့် ဝက်ဖို့ဒ်အသင်းတို့မှ ဖြစ်ကြောင်း ယင်းကလပ်အသင်းများက အတည်ပြု ထုတ်ပြန်ခဲ့သည်။

ဘန်လေအသင်းက ရောဂါပိုးကူးစက်ခံထားရသူမှာ ၎င်းတို့၏နည်းပြအဖွဲ့ဝင်ဖြစ်သူ အီယန်ဝိုအန်ဖြစ်ကြောင်း အတည်ပြုထုတ်ပြန်ခဲ့သော်လည်း ဝက်ဖို့ဒ်အသင်းကမူ ကစားသမားတစ်ဦးနှင့် ဝန်ထမ်း(၂)ဦးတွင် ပိုးတွေ့ကြောင်းသာထုတ်ပြန်ခဲ့ပြီး ၎င်းတို့၏အမည်များကို ထုတ်ပြန် ကြေညာခဲ့ခြင်းမရှိပေ။

သို့သော် ဝက်ဖို့ဒ်အသင်းမှ ရောဂါပိုးကူးစက်ခံရသူမှာ ဂျမေကာလက်ရွေးစင်နောက်ခံလူ မာရီယက်ပါဖြစ်ပြီး ၎င်းကိုယ်တိုင် ဝန်ခံခဲ့သည်။

ဝက်ဖို့ဒ်နည်းပြ ပီယာဆန်က ပိုးတွေ့ရှိသူ (၃)ဦးအပြင် မိမိအသင်းမှအခြားကစားသမား(၂)ဦးကိုလည်း ပိုးတွေ့ရှိသူများနှင့်နီးနီးကပ်ကပ်နေထိုင်ခဲ့သည့် ၎င်းတို့၏ မိသားစုဝင် များကြောင့် သီးခြားထားရှိကြောင်း ပြောကြားခဲ့သည်။

 

Most Read

Most Recent