Lockdown စည်းမျဉ်းကို ချိုးဖောက်ပြီး ပါတီပွဲကျင်းပခဲ့သည့် ဆီဗီလာကစားသမားများ ပြန်လည်တောင်းပန်

Lockdown စည်းမျဉ်းကို ချိုးဖောက်ပြီး ပါတီပွဲကျင်းပခဲ့သည့် ဆီဗီလာကစားသမားများ ပြန်လည်တောင်းပန်
Published 25 May 2020

စပိန်နိုင်ငံ၏ Lockdown စည်းမျဉ်းကို ချိုးဖောက်ပြီး ပါတီပွဲကျင်းပခဲ့သည့် ဆီဗီလာကစားသမားများက ပြန်လည်တောင်းပန်မှုများ ပြုလုပ်ခဲ့ကြောင်း Goal.com က ဖော်ပြခဲ့သည်။

ဆီဗီလာအသင်းမှ ကစားသမားများဖြစ်သည့် အိုကမ်ပို့စ်၊ ဖရန်ကိုဗက်ဇ်ကေး၊ လုခ်ဒီယွန်း၊ ဘာနီဂါတို့အပါအဝင် ကစားသမားများ၏မိသားစုဝင်များ၊ မိတ်ဆွေများနှင့်အတူ ပြီးခဲ့သည့်စနေနေ့က ပါတီပွဲကျင်းပခဲ့ခြင်းဖြစ်သည်။

ယင်းပါတီ ပွဲဓာတ်ပုံများကို ဘာနီဂါ၏ဇနီးဖြစ်သူက လူမှုကွန်ရက်တွင် တင်ရှိခဲ့ပြီး နောက်ပိုင်းတွင် ပြန်လည်ပယ်ဖျက်ခဲ့ကြောင်း သိရသည်။

စပိန်အစိုးရသည် နေအိမ်များတွင် (၁၀)ဦးနှင့်အောက်သာ စုဝေးခွင့်ပြုထားပြီး ဆီဗီလာကစားသမားများ ပြုလုပ်ခဲ့သည့် ပါတီပွဲတွင် လူဦးရေမှာ (၁၂) ဦးအထိ ရှိနေခြင်းဖြစ်သည်။

လာလီဂါအဖွဲ့ချုပ်သည် လက်ရှိကာလအတွင်း ကစားသမားအနေဖြင့် လေ့ကျင့်ခန်းဆင်းရန်နှင့် ခိုင်လုံသည့်အကြောင်းပြချက်များဖြင့်သာ နေအိမ်မှထွက်ခွာ ခွင့်ပြုထားခြင်းဖြစ်သည်။

လာလီဂါအဖွဲ့ချုပ်အနေဖြင့် ယခုဖြစ်ရပ်အတွက် ဆီဗီလာအသင်းကို အရေးယူသွားဖွယ်ရှိပြီး အသင်းမှာလည်း ကစားသမားများကို ပြစ်ဒဏ်ချမှတ်မှုများ ပြုလုပ်သွားဖွယ်ရှိသည်။

''မနေ့က အဖြစ်အပျက်အတွက် ကျွန်တော် တောင်းပန်လိုပါတယ်။ ဒီပါတီပွဲက မိသားစုဝင်တွေ၊ မိတ်ဆွေတွေ တွေ့ဆုံတာပါ။ ဒါပေမဲ့ ဒီလုပ်ရပ်ဟာ မမှန်ကန်ဘူးလို့ ကျွန်တော်တို့ သတိမပြုမိခဲ့ပါဘူး။ ကျွန်တော်တို့ရဲ့အသင်း၊  ကျွန်တော်တို့ရဲ့ပရိသတ်တွေနဲ့ အများပြည်သူ အားလုံးက ခွင့်လွှတ်ပေးစေလိုပါတယ်။ ဒါမျိုး နောက်တစ်ကြိမ် မဖြစ်စေရပါဘူး။ ကျွန်တော်တို့အားလုံးကလည်း ဖြစ်နိုင်သမျှမြန်မြန် ဘောလုံးပွဲတွေ ပြန်ကစားလိုပါပြီ''ဟု ဘာနီဂါက သူ ၏လူမှုကွန်ရက်မှတစ်ဆင့် ပြန်လည်တောင်းပန်ခဲ့သည်။

အခြားကစားသမားများဖြစ်သည့် လုခ်ဒီယွန်း၊ ဖရန်ကိုဗက်ဇ်ကေး၊ အိုကမ်ပို့စ်တို့မှာလည်း လူမှုကွန်ရက်တွင် တောင်းပန်မှုများ ပြုလုပ်ခဲ့ကြသည်။

 

Most Read

Most Recent