တိုင်းပြည်အတွက် အမှန်တကယ်လိုအပ်၍ ချေးငွေရယူပြီး ဘဏ္ဍာငွေအလုံအလောက် ပံ့ပိုးပေးသော်လည်း ဘဏ္ဍာငွေကို အသုံးပြုနိုင်ခြင်းမရှိဘဲနှစ်ဆုံးတွင် ပြန်လည်အပ်နှံနေသည့်အကြောင်းရင်းများ ရှာဖွေရန်လိုအပ်ကြောင်း NLD ပါတီဝင် လွှတ်တော်ကိုယ်စားလှယ် ပြောကြား

တိုင်းပြည်အတွက် အမှန်တကယ်လိုအပ်၍ ချေးငွေရယူပြီး ဘဏ္ဍာငွေအလုံအလောက် ပံ့ပိုးပေးသော်လည်း ဘဏ္ဍာငွေကို အသုံးပြုနိုင်ခြင်းမရှိဘဲနှစ်ဆုံးတွင် ပြန်လည်အပ်နှံနေသည့်အကြောင်းရင်းများ ရှာဖွေရန်လိုအပ်ကြောင်း NLD ပါတီဝင် လွှတ်တော်ကိုယ်စားလှယ် ပြောကြား
မေ ၂၂ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးအား တွေ့ရစဉ်
မေ ၂၂ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးအား တွေ့ရစဉ်
Published 23 May 2020
ပြည့်ဖြိုးအောင်

တိုင်းပြည်အတွက် အမှန်တကယ်လိုအပ်၍ ချေးငွေရယူပြီး ဘဏ္ဍာငွေအလုံအလောက် ပံ့ပိုးပေးသော်လည်း ဘဏ္ဍာငွေကို အသုံးပြုနိုင်ခြင်းမရှိဘဲ နှစ်ဆုံးတွင်ပြန်လည်အပ်နှံနေသည့် အကြောင်းရင်းများကို ရှာဖွေရန်လိုအပ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် ကျောက်တန်း မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးက ပြောကြားသည်။

မေ ၂၂ ရက်က ပြုလုပ်သည့် ပြည်ထောင်စုအစည်းအဝေးတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ငွေကြေးဆိုင်ရာအစီရင်ခံစာအမှတ် (၃/ ၂၀၂၀) ကို ဆွေးနွေးရာတွင် လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးက ထိုသို့ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“ ပြည်ပအကူအညီချေးငွေတွေကို တစ်နှစ်ထက်တစ်နှစ် တိုးတက်ရန်လျာထားသော်လည်း နှစ်စဉ်လျာထားချက် ပြည့်မီအောင် သုံးစွဲမှုမရှိဘဲ အထွေထွေရန်ပုံငွေ ပြန်လည်အပ်နှံခြင်းအပိုင်းမှာ အစကတည်းက ပိုလျှံအောင် လျာထားတာလား။ ဘယ်အချိန်မှာ စီမံကိန်းရဲ့ဘယ်အဆင့်ကို ဘယ်လောက်သုံးပြီး ဘယ်လိုအကောင်အထည်ဖော်မယ်ဆိုတာ စီစဉ်နိုင်ခြင်းမရှိလို့လား။ ကျွန်မတို့ ရွေးကောက်ခံ ပြည်သူကိုယ်စားလှယ်တွေ ပြည်သူရဲ့အခြေခံလိုအပ်ချက်တွေကို တောင်းဆိုတဲ့အခါမှာ ဘဏ္ဍာငွေရရှိမှုအပေါ် မူတည်ပြီး ဆောင်ရွက်မယ်။ ဘဏ္ဍာငွေမရလို့ မလုပ်ရသေးဘူးဆိုပြီး ပြန်ဖြေတဲ့ ဝန်ကြီးဌာနတွေက တိုင်းပြည်အတွက် အမှန်တကယ်လိုအပ်လို့ ချေးငွေရယူပြီးတော့ ဘဏ္ဍာငွေအလုံအလောက် ပံ့ပိုးပေးလျက်နဲ့ ဒီဘဏ္ဍာငွေတွေကို အသုံးပြုနိုင်ခြင်းမရှိဘဲနဲ့ နှစ်ဆုံးမှ ပြန်အပ်နေရတဲ့အကြောင်းအရင်းတွေ ပြန်ရှာဖွေလိုအပ်နေပါပြီ” ဟု ဒေါ်အေးမြမြမျိုးက ပြောကြားသည်။

ထို့ပြင် ချေးငွေရယူရန် ဆုံးဖြတ်ခဲ့စဉ်က ကတိပေးခဲ့သည့် စီမံကိန်းရည်ရွယ်ချက် အောင်မြင်ပေါက်ရောက် အကောင်အထည်ဖော်မှုအပိုင်း ကြပ်မတ်ကြီးကြပ်စိစစ်မှုအပိုင်းသည် များစွာလိုအပ်လျက်ရှိကြောင်း ၎င်းက ဆိုသည်။

“ငွေစာရင်းလက်ကျန်နဲ့ ဘဏ်အကောင့်ထဲကို ငွေစာရင်းလက်ကျန်တွေ စာရင်းစစ်ဆေးမှုအပိုင်းကိုလည်း မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။ အဂတိကင်းကင်း မှန်မှန်ကန်ကန် စစ်ဆေးရဲ့လား။ စာရင်းစစ်တွေ့ရှိချက်၊ အကြံပြုချက်တွေကိုရော လိုက်နာမှုရှိရဲ့လားလို့ မေးရတော့မှာပါ” ဟု ဒေါ်အေးမြမြမျိုးက ပြောကြားသည်။

မြန်မာ့စိုက်ပျိုးရေးကဏ္ဍ ရှင်သန်နိုးကြားမှု မြှင့်တင်ရေးစီမံကိန်းအတွက် ကျပ် သန်းပေါင်း ၄၀၀၀ ကျော် သုံးစွဲထားသည့် စီမံကိန်း၏ ရည်ရွယ်ချက်အောင်မြင်မှု အခြေအနေကို သိရှိလိုကြောင်း၊ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် ထိခိုက်ခဲ့သည့် စီးပွားရေးသက်ရောက်မှုများ ကုစားရေးအတွက် ရန်ပုံငွေ လျာထားချက်နှင့် အရေးယူမှု ဆောင်ရွက်ချက်အပိုင်းတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် ပြည်ပသို့ ဆန်တင်ပို့ခွင့်ပါမစ်နှင့်အရန် ဆန်ရိက္ခာသွင်းခြင်းကို ချိတ်ဆက်ဆောင်ရွက်သည့်အပေါ်တွင် မလိုလားအပ်သော စျေးကွက်လက်ဝါးကြီးအုပ်မှုများ၊ ပြဿနာများ မဖြစ်စေရန် စီစဉ်ဆောင်ရွက်ပေးလိုကြောင်း၊ ကျန်းမာရေးအတွက် ဆိုးကျိုးဖြစ်စေမည့် စားအုံးဆီတန်ချိန်များစွာ တင်သွင်းခြင်းကို စဉ်းစားစေလိုကြောင်း၊ ဆီထွက်သီးနှံစိုက်ပျိုးသည့် တောင်သူများကို ကူညီပံ့ပိုးရေးဝန်ကြီးဌာန အချင်းချင်းပူးပေါင်းကာ ရေရှည်စီမံကိန်းများ ချမှတ်ရန် အကြံပြုလိုကြောင်းလည်း ၎င်းက ဆွေးနွေးခဲ့သည်။

“ ကျွန်မတို့ ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းနဲ့အညီ တင်ဒါလုပ်ထုံးလုပ်နည်းနဲ့အညီ လုပ်ဖို့ရန် အကြံပြုတဲ့ကိစ္စက ထပ်ခါထပ်ခါ ကြားနေရပါတယ်။ ကျွန်မတို့ လွှတ်တော်မှာ အဆောက်အအုံတွေ အရည်အသွေးပြည့်ဖို့အတွက် Third Party တွေ ကြီးကြပ်ဆောင်ရွက်ဖို့အဆိုတွေ အောင်မြင်ထားတာလည်း ရှိပါတယ်။ ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းတွေ၊ တင်ဒါလုပ်ထုံးလုပ်နည်းတွေဆိုတာလည်း အထပ်ထပ် ညွှန်ကြားထားပြီး ဖြစ်ပါတယ်။ ဒါတွေကိုလိုက်နာဖို့ လွှတ်တော်ကနေ အထပ်ထပ် အကြံပြုနေခြင်းသည် ကျွန်မတို့ လွှတ်တော်ရဲ့ထိန်းကျောင်းနိုင်မှု အားနည်းခြင်းကို ပြသနေတာ ဖြစ်ပါတယ်” ဟု ဒေါ်အေးမြမြမျိုးက ပြောကြားသည်။

ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီအနေဖြင့် ပြည်သူ့ဘဏ္ဍာတွေ စိစစ်သည့်အပိုင်းတွင် ယခုထက်ပိုမို၍ တာဝန်ယူကြပ်မတ်ပေးရန် မေတ္တာရပ်ခံအကူအညီ တောင်းလိုကြောင်းနှင့် ပြည်သူများ၏ဘဏ္ဍာငွေကို မှန်မှန်ကန်ကန်သုံးစွဲရန် အပိုင်းတွင်ပို၍အား ပြုပေးစေလိုကြောင်း ဒေါ်အေးမြမြမျိုးက ပြောကြားသည်။

Most Read

Most Recent