စီးရီးအေပြိုင်ပွဲ စတင်မည့်အချိန်ကို မေ ၂၈ ရက်တွင် ဆုံးဖြတ်မည်ဟု အားကစားဝန်ကြီး အတည်ပြု

စီးရီးအေပြိုင်ပွဲ စတင်မည့်အချိန်ကို မေ ၂၈ ရက်တွင် ဆုံးဖြတ်မည်ဟု အားကစားဝန်ကြီး အတည်ပြု
Published 21 May 2020

အီတလီအားကစားဝန်ကြီး စပါဒါဖိုရာက စီးရီးအေပြိုင်ပွဲ ပြန်လည်စတင်မည့်အချိန်ကို အစိုးရက မေ ၂၈ ရက်တွင် ဆုံးဖြတ်မည်ဖြစ်ကြောင်း အတည်ပြုပြောကြားသည်။

မေ ၁၉ ရက်က အစိုးရပိုင် RAI ရုပ်သံနှင့် တွေ့ဆုံစဉ် အားကစားဝန်ကြီး စပါဒါဖိုရာက ယခုလိုပြောကြားခြင်းဖြစ်ပြီး ကလပ်အသင်းများအနေဖြင့် အသင်းလိုက်လေ့ကျင့်မှုအစီအစဉ်လည်း စတင်ပြုလုပ်ခွင့်ရရှိမည်ဟု ဆိုသည်။

''လိဂ်ပြိုင်ပွဲ ပြန်စတင်မယ့်အချိန်နဲ့ပတ်သက်လို့ လိုအပ်တဲ့အချက်အလက်အားလုံးရရှိမယ်လို့ ကျွန်တော်ထင်ပါတယ်။ လိဂ်ပြိုင်ပွဲ ဘယ်အချိန်ပြန်စနိုင်မလဲဆိုတာ မေ ၂၈ ရက်မှာ ကျွန်တော်တို့သိရမှာပါ''ဟု ၎င်းက ပြောကြားသည်။

ထို့ပြင် အစိုးရ၏ နည်းပညာဆိုင်ရာ သိပ္ပံနည်းကျကော်မတီ (CTS) က ဆေးဘက်ဆိုင်ရာလုပ်ထုံးလုပ်နည်းများအတွက် အဆိုပြုချက်အသစ်ကို ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။

ယင်းအဆိုပြုချက်ကို စီးရီးအေ၊ ကလပ်အသင်းများ၏ ဆေးပညာရှင်အဖွဲ့၊ ကစားသမားများအဖွဲ့နှင့် အခြားတာဝန်ရှိသူများ ပူးပေါင်းရေးဆွဲတင်ပြခဲ့ခြင်းဖြစ်သည်။

ယခင်စည်းမျဉ်းအရ တစ်စုံတစ်ဦးတွင် Positive တွေ့ရှိရုံဖြင့် တစ်သင်းလုံး Quarantine နေထိုင်ရမည်ဖြစ်သော်လည်း စည်းမျဉ်းသစ်တွင်မူ ၂၄ နာရီအတွင်း Swab နှစ်ကြိမ်စစ်ဆေးရန်၊ ထို့နောက် လေးရက်တစ်ကြိမ် Swab စစ်ဆေးရန်နှင့် ၁၄ ရက်တစ်ကြိမ် သွေးစစ်ရန်၊ Positive တွေ့ရှိသူ တစ်ဦးတည်းသာ Quarantine နေထိုင်စေပြီး ကျန်ကစားသမားများ ကို စစ်ဆေးမှုတိုးမြှင့်၍ ဆက်လက်လေ့ကျင့်စေရန် စသည့်အချက်များ ထည့်သွင်းထား ကြောင်း သိရသည်။

 

Most Read

Most Recent