ကမ္ဘာ့ဘဏ်မှ ချေးယူမည့် အမေရိကန်ဒေါ်လာ သန်း ၅၀ အား တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် ဆေးရုံများ၊ ဗဟိုအဆင့် ဆေးရုံကြီးများမှ အထူးကြပ်မတ်ကုသဆောင်များကို အဆင့်မြှင့်ရန် ရည်ရွယ်ကြောင်း ဒုတိယဝန်ကြီး ပြောကြား

ကမ္ဘာ့ဘဏ်မှ ချေးယူမည့် အမေရိကန်ဒေါ်လာ သန်း ၅၀ အား တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် ဆေးရုံများ၊ ဗဟိုအဆင့် ဆေးရုံကြီးများမှ အထူးကြပ်မတ်ကုသဆောင်များကို အဆင့်မြှင့်ရန် ရည်ရွယ်ကြောင်း ဒုတိယဝန်ကြီး ပြောကြား
 မေ ၁၈ ရက်က ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ကျင်းပစဉ်
မေ ၁၈ ရက်က ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ကျင်းပစဉ်
Published 20 May 2020
အောင်မင်းသိန်း

ကမ္ဘာ့ဘဏ်မှ ချေးယူမည့် အမေရိကန် ဒေါ်လာသန်း ၅၀ အား မြန်မာနိုင်ငံအနှံ့အပြားရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် ဆေးရုံများ၊ ဗဟိုအဆင့်ဆေးရုံကြီးများမှ အထူးကြပ်မတ် ကုသဆောင်များကို အဆင့်မြှင့်ရန် ရည်ရွယ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာ မြလေးစိန်းက ပြောကြားသည်။

မေ ၁၈ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ကျန်းမာရေးဆိုင်ရာ တုံ့ပြန်မှု အရေးပေါ်စီမံချက် အကောင်အထည်ဖော်ရန် ကမ္ဘာ့ဘဏ်၊ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအဖွဲ့ (IDA) ထံမှ အမေရိကန်ဒေါ်လာသန်း ၅၀ ချေးယူရေး ကိစ္စနှင့်စပ်လျဉ်း၍ လွှတ်တော်သို့ ရှင်းလင်းတင်ပြရာတွင် ဒုတိယဝန်ကြီးက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“လူအမြောက်အမြားကို ထိရောက်စွာ ကုသမှုပေးရန်၊ ယခု COVID – 19 သာမကဘဲ အခြားဖြစ်ပေါ်လာနိုင်သော ကပ်ရောဂါများအတွက် အထူးကြပ်မတ်ကုသဆောင်များ အဆင့်မြှင့်တင်ရန်အတွက် လိုအပ်လာပါတယ်။ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံအနှံ့အပြားရှိ တိုင်းဒေသကြီး၊ ပြည်နယ်အဆင့် ဆေးရုံကြီးများ၊ ဗဟိုအဆင့် ဆေးရုံကြီးများတွင်ရှိသော အထူးကြပ်မတ်ကုသဆောင် (ICU) များကို အဆင့်မြှင့်တင်ရန်အတွက် COVID – 19 ရောဂါ တိုက်ဖျက်ရေးလုပ်ငန်း ဆောင်ရွက်ရန် ကမ္ဘာ့ဘဏ်၏ Fast Track COVID – 19 Facility ခေါင်းစဉ်အောက်မှ နှစ်ရှည်ချေးငွေ အမေရိကန်ဒေါ်လာသန်း ၅၀ ကို ၂၀၂၀ ပြည့်နှစ် ဧပြီလမှစတင်ကာ ဘဏ္ဍာရေးနှစ် ၂၀၁၉-၂၀၂၀ နဲ့ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ရန် ရည်ရွယ်၍ လွှတ်တော်သို့ ရှင်းလင်းတင်ပြရခြင်း ဖြစ်ပါတယ်” ဟု ဒုတိယဝန်ကြီးက ပြောကြားသည်။

ကမ္ဘာ့ဘဏ်၏ ချေးငွေများအနက် အမေရိကန်ဒေါ်လာ ၄၈ ဒသမ ၅ သန်းကို မြန်မာတစ်နိုင်ငံလုံးရှိ ဗဟိုအဆင့်/တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် အထူးကြပ်မတ်ကုသဌာန (Intensive Care Unit – ICU) များနှင့် အခြေခံကျပြီး အရေးကြီးသည့် အောက်ဆီဂျင်ဖြင့် ကုသမှုပေးနိုင်မည့် အခြေအနေများ ဖြည့်ဆည်းခြင်းတို့အတွက် လိုအပ်သည့် ဆေးရုံသုံး ပစ္စည်းကိရိယာများအား ဝယ်ယူဖြည့်ဆည်းသွားမည် ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။

ဒုတိယဝန်ကြီးက “COVID – 19 ကုသရေး ရောဂါလုပ်ငန်းများအပြင် အခြားကူးစက်မြန်ရောဂါများ၊ မကူးစက်နိုင်သော ရောဂါများအတွက် ပြည်သူ့ဆေးရုံများတွင် ဆေးကုသမှု အရည်အသွေး ကောင်းမွန်စေရေးအတွက် အထူးကြပ်မတ်ကုသဆောင်များ အဆင့်မြှင့်တင်ခြင်း၊ အောက်ဆီဂျင်ဖြင့် ကုသမှုဆောင်ရွက်နိုင်မည့် အခြေအနေများ ဖြည့်ဆည်းပေးခြင်းနှင့် ဆေးရုံရောဂါပိုးကူးစက်မှု ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အားဖြည့်ဆောင်ရွက်ခြင်းတို့အတွက် အထူးလိုအပ်လျက်ရှိပါတယ်။ အဆိုပါ လုပ်ငန်းများအတွက် လိုအပ်သော ဆေးရုံသုံးပစ္စည်းများနှင့် ကျန်းမာရေးဝန်ထမ်းများ၏ ဆေးကုသမှုဆိုင်ရာ အရည်အသွေး မြှင့်တင်ရေး လုပ်ငန်းများမှ အခြေခံကျပြီး မရှိမဖြစ် ဖြည့်ဆည်းရမည့် လုပ်ငန်းများဖြစ်ပါတယ်” ဟု ပြောကြားသည်။

ကမ္ဘာ့ဘဏ်၏ COVID – 19 အတွက် အလျင်အမြန် အထောက်အကူပေးမည့် သီးသန့်အစီအစဉ် (Fast Track COVID – 19 Facility) မှ အမေရိကန်ဒေါ်လာသန်း ၅၀ လျာထားရာတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ဖြည့်စွက်တွင် အမေရိကန်ဒေါ်လာ ၂၅ သန်းကို အသုံးပြုသွားမည်ဖြစ်ပြီး စီမံချက်တွင် ပါဝင်သော လုပ်ငန်းများသည် ငွေလုံးငွေရင်း အသုံးစရိတ် အမေရိကန်ဒေါ်လာ ၄၈ ဒသမ ၅ သန်းကို မြန်မာတစ်နိုင်ငံလုံးရှိ ဗဟိုအဆင့်၊ တိုင်းဒေသကြီး/ပြည်နယ်အဆင့် ဆေးရုံကြီးများရှိ အထူးကြပ်မတ် ကုသဆောင်များနှင့် အခြေခံကျပြီး အရေးကြီးသည့် အောက်ဆီဂျင်ဖြင့် ကုသပေးနိုင်မည့် အခြေအနေများ ဖြည့်ဆည်းခြင်းတို့အတွက် လိုအပ်သော ဆေးရုံသုံး ပစ္စည်းကိရိယာများကို ဝယ်ယူဖြည့်ဆည်းပေးသွားမည် ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။

“၂၇ ရက် ၄ လ ၂၀၂၀ နေ့မှာ ကျင်းပပြုလုပ်တဲ့ Project Management Team ရဲ့ အစည်းအဝေး ဆုံးဖြတ်ချက်အရ စီမံချက်တွင် ပါဝင်ရန် ပြင်ဆင်သတ်မှတ်ထားသည့် ဦးစားပေး ဆေးရုံများအနေနဲ့ ဗဟိုအဆင့် ဆေးရုံကြီးအား ရှစ်ရုံမှ ၁၁ ရုံသို့လည်းကောင်း၊ တိုင်းဒေသ/ပြည်နယ်အဆင့်ရှိ ခုတင် ၂၀၀ နှင့်အထက် ဆေးရုံ ၄၁ ရုံနှင့် ကုတင် ၁၀၀ ဆံ့ ဆေးရုံကိုးရုံ ထပ်မံဖြည့်စွက်ထားပါတယ်။ စုစုပေါင်း ၆၁ ရုံ ဖြစ်ပါတယ်” ဟု ဒုတိယဝန်ကြီးက ပြောကြားသည်။

စီမံချက်တွင် ထောက်ပံ့ရန် လျာထားသော ဆေးရုံသုံးပစ္စည်းများ ၃၈ မျိုးဖြစ်ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် လျာထား၍ ယင်းပစ္စည်းများကို ထောက်ပံ့ရန် ရည်ရွယ်ထားခြင်းကြောင့် COVID -19 တုံ့ပြန်မှုစီမံချက် အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် ကမ္ဘာ့ဘဏ်၊ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုရေးအဖွဲ့ (IDA) ထံမှ  အမေရိကန်ဒေါ်လာ သန်း ၅၀ ချေးယူရနိုင်ရေးအတွက် ပြည်ထောင်စုလွှတ်တော် နာယကမှတစ်ဆင့် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြအစီရင်ခံအပ်ပါကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။

နိုင်ငံတော် သမ္မတထံမှ ပေးပို့ထားသော ကျန်းမာရေးဆိုင်ရာ တုံ့ပြန်မှု အရေးပေါ်စီမံချက် အကောင်အထည်ဖော်ရန် ကမ္ဘာ့ဘဏ်၊ အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးရေးအဖွဲ့ (IDA) ထံမှ အမေရိကန်ဒေါ်လာ သန်း ၅၀ ချေးယူရေးကိစ္စနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက မေ ၂၀ ရက် နောက်ဆုံးထား၍ ပြည်ထောင်စု လွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်း တင်သွင်းနိုင်ကြောင်းနှင့် မေ ၂၁ ရက်တွင် ဆွေးနွေးရန် လျာထားကြောင်း ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်က ကြေညာခဲ့သည်။

 

Most Read

Most Recent