USDP နှင့် NLD အစိုးရလက်ထက်တွင် ငြိမ်းချမ်းရေးရရှိရန် NCA စာချုပ်နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံများကျင်းပ၍ ကြိုးပမ်းလျက်ရှိသော်လည်း တိုင်းရင်းသားလူမျိုးစုများ၏ နိုင်ငံရေးရည်မှန်းချက်များ အလှမ်းဝေးနေသေးကြောင်း ကချင်အမျိုးသားကွန်ဂရက်ပါတီ KNC ထုတ်ပြန်

USDP နှင့် NLD အစိုးရလက်ထက်တွင် ငြိမ်းချမ်းရေးရရှိရန် NCA စာချုပ်နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံများကျင်းပ၍ ကြိုးပမ်းလျက်ရှိသော်လည်း တိုင်းရင်းသားလူမျိုးစုများ၏ နိုင်ငံရေးရည်မှန်းချက်များ အလှမ်းဝေးနေသေးကြောင်း ကချင်အမျိုးသားကွန်ဂရက်ပါတီ KNC ထုတ်ပြန်
Published 13 May 2020

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD အစိုးရလက်ထက်တွင် ငြိမ်းချမ်းရေးရရှိရန် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA နှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံအစည်းအဝေးများ ကျင်းပ၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိသော်လည်း ပြည်နယ်နေ တိုင်းရင်းသားလူမျိုးစုများ၏ နိုင်ငံရေးရည်မှန်းချက်များဖြစ်သည့် အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ဖက်ဒရယ်ဒီမိုကရေစီ အရေးများမှာ အလှမ်းဝေးနေသေးကြောင်း ကချင်အမျိုးသားကွန်ဂရက်ပါတီ KNC က မေ ၁၂ ရက်က ထုတ်ပြန်ခဲ့သည်။

ပြည်ထောင်စုမြန်မာနိုင်ငံတွင် နိုင်ငံရေးပဋိပက္ခကြောင့် ပြည်တွင်းစစ်ဖြစ်ပွားလာခဲ့ရာတွင် ၀ါဒရေးရာစစ်ပွဲအဖြစ် ဗမာပြည်ကွန် မြူနစ်ပါတီနှင့် ၁၉၄၈ ခုနှစ် မတ်လမှစ၍ လည်းကောင်း၊ ပြည်နယ်နေလူမျိုးစုများ၊ နိုင်ငံရေးလိုလားချက်လူမျိုးစု၊ တော်လှန်ရေးစစ်ပွဲများအဖြစ် ကရင်နှင့် မွန်တို့က ၁၉၄၉ ခုနှစ် ဇန်နဝါရီလတွင်လည်းကောင်း၊ ကချင်တို့က ၁၉၆၁ ခုနှစ်တွင်လည်းကောင်း၊ ကျန်လူမျိုးစုများအသီးသီးက ၁၉၆၁ ခုနှစ်နောက်ပိုင်း ယနေ့အထိ ဖြစ်ပွားလျက်ရှိရာ ၀ါဒရေးရာစစ်ပွဲများချုပ်ငြိမ်းသွားခဲ့ပြီး လူမျိုးစုတော် လှန်ရေးစစ်ပွဲများမှာမူ ယနေ့အထိ ဆက်လက်ဖြစ်ပွားနေကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ခေတ်အဆက်ဆက် နိုင်ငံတော်အစိုးရများအနေဖြင့် ငြိမ်းချမ်းရေးကိစ္စများ ကြိုးပမ်းလာခဲ့ပြီး ယနေ့ပြည်သူက ရွေးကောက်တင်မြှောက်သော အစိုးရများဖြစ်ကြသည့် USDP အစိုးရ(၂၀၁၀-၂၀၁၅)နှင့် NLD အစိုးရ (၂၀၁၅-၂၀၂၀) လက်ထက်တို့တွင် NCA စာချုပ်ဖြင့်လည်းကောင်း၊ ၂၁ ပင်လုံ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံဖြင့်လည်းကောင်း ကြိုးပမ်းလျက်ရှိသော်လည်း ပြည်နယ်နေ လူမျိုးစုများ၏ နိုင်ငံရေးရည်မှန်းချက်များဖြစ်သည့် အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ဖက်ဒရယ်ဒီမိုကရေစီ အရေးများမှာ အလှမ်းဝေးလျက်ရှိကြောင်းနှင့် ပြည်နယ်နေ လူမျိုးစုတော်လှန်ရေးတပ်များ၊ EAO-S နှင့် မြန်မာ့တပ်မတော်တို့မှာ ယနေ့အထိ နေရာအမျိုးမျိုးတွင် တိုက်ပွဲအမျိုးမျိုး မကြာမကြာဖြစ်ပွားလျက်ရှိနေပြီး ရခိုင်ပြည်နယ်တွင် AA အဖွဲ့နှင့် လတ်တလောဖြစ်ပွားနေမှုမှာ အပြင်းထန်ဆုံးဖြစ်ကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံ နယ်နမိတ်အတွင်း နေထိုင်လျက်ရှိသော လူမျိုးစုကြီးရှစ်စု(ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း) သည် နိုင်ငံရေးလိုအပ်ချက်ပဋိပက္ခကြောင့် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခ ဖြစ်ပွားလျက်ရှိနေသော်လည်း ရှေးယခင်နှစ်ပေါင်းများစွာကတည်းက တစ်မြေတည်းနေ၊ တစ်ရေတည်းသောက် နေထိုင်ခဲ့သည့် လူမျိုးစုများဖြစ်ခဲ့ပြီး ယနေ့လက်ရှိ နိုင်ငံရေးပဋိပက္ခကြောင့် ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်များသည် အတူနေလူမျိုးစုများအတွင်း မိသားစုပြိုကွဲမှုအသွင်လက္ခဏာများဘက်သို့ တွန်းပို့လျက် ရှိနေကြောင်း ထောက်ပြအပ်ပါသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် စစ်မြေပြင်နှင့် စစ်ရေးကာလအတွင်း ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများနှင့် မသင်္ကာသူများကို လုပ်ငန်းသဘာဝအရ စစ်ဆေးရမည်မှာ အမှန်ပင်ဖြစ်သော်လည်း လိုအပ်သည်ထက်ပို၍ ရက်စက်ကြမ်းကြုတ်မှုများ၊ ရိုက်နှက်ညှင်းပမ်းမှုများကို ရင်ဆိုင်တိုက် ခိုက်နေသော နှစ်ဖက်တပ်ဖွဲ့များ အထူးရှောင်ရှားဆင်ခြင်သင့်ကြောင်းနှင့် ကုလသမဂ္ဂ ပဋိညာဉ်သဘောတူညီချက်တစ်ခုဖြစ်သည့် စစ်ပွဲဆိုင်ရာ Geneva အရ ကုလသမဂ္ဂအဖွဲ့ဝင် မြန်မာနိုင်ငံအတွင်း မည်သည့်လက်နက်ကိုင်တပ်ဖွဲ့မဆို အလေးထား လိုက်နာရမည်ဖြစ်ကြောင်း တိုက်တွန်းအပ်ပါသည်ဟု ရေးသားထားသည်။

ထို့အတူ စစ်မြေပြင်ဖြစ်ပွားရာနေရာတွင် ဖမ်းဆီးရမိသူတိုင်းသည် လက်နက်ကိုင်သူများ (သို့မဟုတ်) သာမန်ဒေသခံအရပ်သားများလည်း ဖြစ်နိုင်ပါ၍ စုံစမ်းစစ်ဆေးရာတွင်လည်းကောင်း၊ အပြစ်ပေးအရေးယူမှုများ ဆောင်ရွက်ရာတွင်လည်းကောင်း တရားဥပဒေနှင့်အညီ ဆောင်ရွက်ရန်လိုအပ်သလို စစ်သုံ့ပန်းဖြစ်ပါကလည်း Geneva Convention အရ တိကျစွာလိုက်နာ ဆောင်ရွက်ရန်နှင့် တရားမဲ့ပြုကျင့်ဆောင်ရွက်သော မည်သည့် လက်နက်ကိုင်တပ်ဖွဲ့ကိုမဆို ကချင်အမျိုးသားကွန်ဂရက်ပါတီ KNC က ရှုတ်ချကန့် ကွက်ကြောင်း ဖော်ပြထားသည်။

Most Read

Most Recent