အပူချိန် မြင့်မားမှုကြောင့် Heat Stroke ဖြစ်ပွားသူများကို တောင်ငူဆေးရုံတွင် ကုသပေးနေရပြီး လူနာများတွင် နေအိမ်ထဲ၌ နေထိုင်သူများလည်း ပါဝင်နေ

အပူချိန် မြင့်မားမှုကြောင့် Heat Stroke ဖြစ်ပွားသူများကို တောင်ငူဆေးရုံတွင် ကုသပေးနေရပြီး လူနာများတွင် နေအိမ်ထဲ၌ နေထိုင်သူများလည်း ပါဝင်နေ
နေ့အပူချိန်မြင့်မား လျက်ရှိသော တောင်ငူမြို့တွင်း အခြေအနေအား မေလ ၁၂ ရက်နေ့က တွေ့ရစဉ်
နေ့အပူချိန်မြင့်မား လျက်ရှိသော တောင်ငူမြို့တွင်း အခြေအနေအား မေလ ၁၂ ရက်နေ့က တွေ့ရစဉ်
Published 13 May 2020
ဇော်ဝင်းချစ် (တောင်ငူ)

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် ပြည်သူ့ဆေးရုံတွင် အပူချိန် မြင့်မားမှုကြောင့် ဖြစ်ပွားတတ်သော Heat Stroke လူနာများကို ကုသပေးနေရပြီး Heat Stroke လူနာများထဲတွင် နေအိမ်ထဲ၌ နေထိုင်သူများလည်း ပါဝင်ကြောင်းနှင့် အသက်အန္တရာယ် စိုးရိမ်နေရသော လူနာများလည်း ရှိကြောင်း တောင်ငူခရိုင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။

“ ထူးဆန်းတာက အခုအသုတ်မှာက တစ်ယောက်နှစ်ယောက်ပါလာတယ်။ သူက အိမ်ထဲမှာပဲနေတာ လူကြီးတွေလေ၊ ဒါပေမယ့် သူက ဘာဖြစ်လည်းဆိုတော့ အိမ်ထဲမှာနေပေမယ့်လည်း ဖြစ်တယ်သူက၊ ဖြစ်တယ်ဆိုတာက အိမ်အနေအထားက တအားကျဉ်းပြီးတော့ အိမ်အပေါ်နဲ့ အောက်နဲ့ခေါင်မိုးကနိမ့်နေလို့လည်းဖြစ်မှာပေါ့၊ အိမ်ကလည်း လေဝင်လေထွက် မကောင်းဘူး အပေါ်ကလည်းပူ အောက်ကလည်း ပူဆိုတော့အဲ့မှာလည်း ရတတ်တယ် အဲ့လိုဖြစ်နေတာ အဲ့လိုမျိုးလူတွေပါ ပါလာတယ်၊ အဲ့ဒါလေးတွေလည်း သတိထားသင့်လေးတွေပေါ့” ဟု တောင်ငူခရိုင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှူး ဒေါက်တာအာကာက ပြောကြားသည်။

မေ ၁၂ ရက်နှင့် ၁၃ ရက်များတွင် တောင်ငူဆေးရုံသို့ Heat Stroke လူနာ ငါးဦးခန့် ရောက်ရှိကုသလျက်ရှိပြီး ၎င်းတို့အနက် သုံးဦးမှာ အသက်အန္တရာယ် စိုးရိမ်ရသော အခြေအနေအထိ ရှိကြောင်းလည်း သိရသည်။

“ လူနာက လောလောဆယ်တော့ မနေ့ကနဲ့ ဒီနေ့နဲ့ကို ၅ ယောက် ရောက်တယ်၊ ၅ ယောက်မှာ လောလော ဆယ် သုံးယောက်က အသက် အန္တရယ် စိုးရိမ်ရတယ်၊ Heat Stroke ကျတော့ အဓိကက ဦးနှောက်နဲ့ အာရုံကြောပိုင်းဆိုင်ရာကို ထိခိုက်တာပေါ့၊ ဦးနှောက်နဲ့အာရုံကြောဆိုတာက တစ်ကိုယ်လုံးကို ထိန်းထားတာလေ။ အဲဒီတော့ အဲ့ဒါကို ထိရင် အဲ့မှာပါဝင်တဲ့ဟာတစ်လျှောက်ထိတာပေါ့၊ ဥပမာ အသက်ရှူ လမ်းကြောင်းထိမယ်၊ နှလုံးထိမယ်၊ အဆုတ်ထိမယ် ဒီလိုမျိုးတွေ တောက်လျှောက်ထိသွားတာလေ အဲ့ဒါလေးတွေထိခိုက်တာပေါ့၊ အဲ့လိုထိခိုက်တော့ သုံးယောက်က အသက်အန္တရယ်စိုးရိမ်ရတယ်” ဟု တောင်ငူခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှူး ဒေါက်တာအာကာက ပြောကြားသည်။

နေ့အပူချိန်မြင့်မားခြင်းကြောင့် အသက်အရွယ်ကြီးပြီး ဆီးချို၊သွေးတိုး၊နှလုံး၊ ကျောက်ကပ်ရောဂါအခံရှိသူများမှာ Heat Stroke အဖြစ်များပြီး၊ အပူချိန်ပြင်းသည့် နံနက် ၁၀ နာရီမှ ညနေ၅ နာရီအချိန်ကြားတွင် အပြင်သွားကြသူများ၊ အလုပ်လုပ်ကြသူများ(ကာယလုပ်သားများ)နှင့် အားကစားပြုလုပ်ကြသူများ အနေဖြင့်လည်း Heat Stroke ဖြစ်ပွားတတ်ကြောင်း၊ ကျေးရွာ မြစ်ကမ်းနဘေးနေထိုင်ကြသော ကလေးသူငယ်များအနေဖြင့်လည်း နေပူချိန်ပြင်းသည့်အချိန်တွင် ရေဆင်းချိုးခြင်း ပြန်တက်ခြင်းတို့ကို မပြုလုပ်သင့်ကြောင်း၊ ယခုကာလ နေ့အပူချိန်မြင့်မားနေချိန်တွင် အပူစုပ်တတ်သော အမဲရောင်အဝတ်အစားများ ဝတ်ခြင်းတို့ကိုရှောင်ကျဉ်၍ အဖြူရောင် အဝတ်အစား ပွပွများကိုသာ အဓိကထားပြီး ဝတ်ဆင်သင့်ကြောင်း၊ လတ်တလော Heat Stroke ဖြစ်ပွားသူများတွင် နေအိမ်ထဲ၌သာ နေထိုင်သူများပါဝင်လာပြီး ၎င်းတို့မှာ အိမ်အမိုးများနိမ့်၍ နေအိမ်ကျဉ်းမြောင်းခြင်း၊ နေအိမ်တွင် လေဝင်လေထွက် နည်းပါးခြင်းတို့ကြောင့် Heat Stroke ဖြစ်ပွားသော အခြေအနေရှိကြောင်း ကျန်းမာရေးတာဝန်ရှိသူထံမှသိရသည်။

တောင်ငူခရိုင်တွင် ဧပြီလနှင့် မေလတို့မှာ တစ်နှစ်ပတ်လုံးထဲတွင် အခြားသောလများထက် ပို၍နေ့အပူချိန် မြင့်မားတတ်သော လများဖြစ်ကြောင်း၊ ယခုမေလ အတွင်း၌လည်း နေ့အပူချိန်မှာ ၄၄ ဒီဂရီစင်တီဂရိတ်အထိ ရှိသောနေ့များလည်း ရှိတတ်ပြီး ပုံမှန် ၄၃ ဒီဂရီစင်တီဂရိတ် ပတ်ဝန်းကျင်အထိ အပူချိန်မြင့်တက်လျက်ရှိနေကြောင်း၊ နေ့အပူချိန်မြင့်မားမည့် အခြေအနေမှာ လတ်တလေ အနေအထားအရ မေလကုန်အထိ ရှိနေနိ်ုင်သောကြောင့် အပူချိန်မြင့်မားနေမှုကိုလည်း ဆက်လက်သတိထားရန်လိုအပ်နေပြီး မေလကုန်ခန့်မှသာ မြန်မာနိုင်ငံအတွင်းသို့ မုတ်သုန်ဝင်ရောက်လာနိုင်ကြောင်း တောင်ငူမြို့နယ် မိုးဇဦးစီးမှူး ဦးမျိုးမြင့်အောင်က ပြောကြားသည်။