မန္တလေး၊ မဟာအောင်မြေမြို့နယ်ရှိ ဂိုဒေါင်တစ်ခုတွင် CCTV ကင်မရာ အပူလွန်ကဲရာမှ မီးလောင်ကျွမ်းမှုဖြစ်ပွား

မန္တလေး၊ မဟာအောင်မြေမြို့နယ်ရှိ ဂိုဒေါင်တစ်ခုတွင် CCTV ကင်မရာ အပူလွန်ကဲရာမှ မီးလောင်ကျွမ်းမှုဖြစ်ပွား
Published 13 May 2020
မင်းလတ်

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ် အတွင်းရှိ ဂိုဒေါင်တစ်ခုတွင် CCTV ကင်မရာ အပူလွန်ကဲရာမှတဆင့် မီးလောင်ကျွမ်းမှုတစ်ခု မေလ ၁၂ ရက် ည ၇ နာရီဝန်းကျင်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၂)ရပ်ကွက်၊ ၆၀×၆၂ လမ်းကြား၊ ၃၆ လမ်းရှိ တော်ဝင်သဇင် ဖူဂျီဆပ်ပြာ -E-9 Gold ဆပ်ပြာနှင့် ဘားမမ်း သွားတိုက်တံ ထားရှိရာ ”60×40”နံကပ် (1) ထပ်ဂိုဒေါင်တစ်လုံး မီးလောင်နေကြောင်း သတင်းအရ မဟာအောင်မြေမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းနိုင်၊ တိုင်းမီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးသန်းဇော်ဦး၊ လက်ထောက်ညွန်ကြားရေးမှူး ဦးထက်အောင်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးညွန့်ဝင်းအောင် ဦးစီး၍ သန္တေတပ်ဖွဲ့ဝင် (၂၀) ဦး၊ အရန်တပ်ဖွဲ့ဝင် (၇၀) ဦး၊ အုပ်ချုပ်ယာဉ်(၃)စီး၊ မီးငြိမ်းသတ်ယာဉ်(၁၀)စီး၊ ရေသယ်ယာဉ် (၅) စီးတို့ဖြင့် ငြှိမ်းသတ်ခဲ့ရာ ည ၈ နာရီအချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

မီးလောင်ရသည့် အကြောင်းအရင်းမှာ ဂိုဒေါင်အတွင်း တပ်ဆင်ထားသော CCTV ကင်မရာ အပူလွန်ကဲရာမှ အောက်ခြေရှိ Berman သွားတိုက်တံများ ထည့်ထားသော ဂျပ်ဖာများပေါ်သို့ မီးပွားများ ကျရောက်ခဲ့ရာမှ ”60×40”နံကပ်(1)ထပ်ဂိုဒေါင် လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုဖြစ်စဉ်နှင့် ပတ်သက်၍ ဂိုဒေါင်မှူးအား ပ ၃၅၆၂၀၂၀၊ ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။