ပဲမျိုးစုံနှင့် ပြောင်းအပါအဝင် ကုန်စည်များကို အိမ်နီးချင်းနိုင်ငံစျေးကွက်ကိုသာ မှီခိုနေရပြီး ယင်းနိုင်ငံများ၏ ပေါ်လစီအပြောင်းအလဲက မြန်မာ့ပို့ကုန်များအပေါ် ထိခိုက်မှုရှိကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား

ပဲမျိုးစုံနှင့် ပြောင်းအပါအဝင် ကုန်စည်များကို အိမ်နီးချင်းနိုင်ငံစျေးကွက်ကိုသာ မှီခိုနေရပြီး ယင်းနိုင်ငံများ၏ ပေါ်လစီအပြောင်းအလဲက မြန်မာ့ပို့ကုန်များအပေါ် ထိခိုက်မှုရှိကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား
Published 8 May 2020
နီလာ

ပဲမျိုးစုံနှင့် ပြောင်းအပါအဝင် ကုန်စည်များကို အိမ်နီးချင်းနိုင်ငံစျေးကွက်ကိုသာ မှီခိုနေရပြီး ယင်းနိုင်ငံများ၏ ပေါ်လစီအပြောင်းအလဲက မြန်မာ့ပို့ကုန်များအပေါ် ထိခိုက်မှုရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားသည်။

မြန်မာနိုင်ငံ၌ ပို့ကုန်လုပ်ငန်းလုပ်ကိုင်ရာ၌ လယ်ယာထွက်ကုန်မှာ အဓိကဖြစ်ပြီး တိရစ္ဆာန်မွေးမြူရေးလုပ်ငန်းနှင့် ရေထွက်ကုန်လုပ်ငန်းများလည်းရှိကြောင်း၊ အထူးသဖြင့် ပုဂ္ဂလိကကဏ္ဍ အထည်ချုပ်လုပ်ငန်းက ပို့ကုန်များလည်းရှိကြောင်း၊ ယင်းပို့ကုန်များ နိုင်ငံတကာစျေးကွက်သို့ တင်ပို့ရောင်းချသည့်အခါတွင် ယှဉ်ပြိုင်နိုင်ရေး နံပါတ် (၁) အနေဖြင့် မြန်မာနိုင်ငံ၏ထွက်ကုန်များ အရည်အသွေးကောင်းမွန်ရန် လိုအပ်ကြောင်း  ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

မြန်မာ့ပို့ကုန်များတွင် အရည်အသွေးကောင်းမွန်မှု လျော့နည်းသည်ကိုတွေ့ရကြောင်း၊ စျေးနှုန်းယှဉ်ပြိုင်အောင် ထုတ်လုပ်မှု စရိတ်သက်သာရေး၊ ကုန်သွယ်မှုစရိတ် သက်သာရေး လိုအပ်ကြောင်း၊ နိုင်ငံတကာကို လိုအပ်လျှင် လိုအပ်သကဲ့သို့ တင်ပို့နိုင်ရမည်ဖြစ်ကြောင်း၊ ယင်းအချက်များက စိန်ခေါ်မှုဖြစ်နေကြောင်း၊ ဥပမာအားဖြင့် တစ်ဖက်တွင် ထုတ်လုပ်မှုစရိတ် လျှော့နိုင်ရန်ဖြစ်သော်လည်း အခြားတစ်ဖက်တွင် ကုန်သွယ်ရေးအပြင် ဝယ်ယူ၊ ကြိတ်ခွဲ၊ သိုလှောင်၊ ဖြန့် ဖြူးစရိတ်များ ကြီးနေသည့်အတွက် ကုန်သွယ်ရေးလုပ်သည့်အခါ စျေးနှုန်းကြီးမှု ဖြစ်သောကြောင့် ယင်းသည်လည်း ရေရှည်ဖြေရှင်းရမည့် စိန်ခေါ်မှုဖြစ်နေကြောင်း သိရသည်။

“ကုန်သွယ်ရေးလုပ်တဲ့အခါ ပို့ကုန်တွေက စျေးကွက်ကျဉ်းမြောင်းနေတာတွေ ရှိပါတယ်။ ဆန်ဆိုရင် အာဖရိကနိုင်ငံတော်တော်များများကိုပို့ပြီး နိုင်ငံပေါင်း ၆၀ လောက်ရှိပါတယ်။ သို့သော် အဓိကကုန်တွေဖြစ်တဲ့  ပြောင်း၊ ပဲမျိုးစုံ၊ အခြားကုန်စည်တွေကို အိမ်နီးချင်းနိုင်ငံစျေးကွက်တွေကို  မှီခိုနေရတာရှိတယ်။ ဒီနိုင်ငံတွေရဲ့ ပေါ်လစီအပြောင်းအလဲက တစ်ခါတလေ မြန်မာနိုင်ငံရဲ့ ပို့ကုန်လုပ်ငန်းကို ထိခိုက်တာရှိပါတယ်။ ဒုတိယအခက်အခဲက စျေးကွက်ကို ကျယ်ကျယ်ပြန့်ပြန့်ရရှိအောင် ဆောင်ရွက်ဖို့လိုပါတယ်။  ယခုဆိုရင် ဆန်နဲ့ပတ်သက်ပြီး စျေးကွက်ကျယ်ကျယ်ပြန့် ပြန့်ရရှိထားပါတယ်။ ပြောင်းကို ဝယ်ယူသူတွေများလာတယ်။ ပဲကို ဝယ်ယူသူတွေ များလာလို့ ကုန်သွယ်မှုတိုးလာအောင် ဆောင်ရွက်နိုင်တာရှိပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စတုတ္ထတစ်နှစ်တာအတွင်း ဆောင်ရွက်မှုများနှင့် ပတ်သက်ပြီး နိုင်ငံပိုင် သတင်းစာများနှင့် တွေ့ဆုံမှုတွင် ပြောကြားခဲ့သည်။

အမျိုးသားပို့ကုန်မဟာဗျူဟာ NES ၂၀၂၀-၂၀၂၅ သည် မြန်မာနိုင်ငံသားများအတွက် အလုပ်အကိုင်နှင့် အခွင့်အလမ်းအသစ်များ ဖန်တီးပေးနိုင်ရေးအတွက် အစိုးရ၊ ဌာနဆိုင်ရာများနှင့် ပုဂ္ဂလိကကဏ္ဍတို့ ပူးပေါင်းလုပ်ဆောင်နိုင်မည့် အခွင့်အရေးတစ်ခုဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်စိုး၏ ပြောကြားချက်အရ သိရသည်။

 

 

Most Read

Most Recent