လက်ရှိဘဏ္ဍာနှစ် ခုနစ်လခန့်တွင် အထည်ချုပ်တင်ပို့မှုမှ ဒေါ်လာ ၂ ဒသမ ၅ ဘီလျံကျော်ရရှိထားပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာသန်း ၁၂၀ ပိုမိုရရှိထားဟုဆို

လက်ရှိဘဏ္ဍာနှစ် ခုနစ်လခန့်တွင် အထည်ချုပ်တင်ပို့မှုမှ ဒေါ်လာ ၂ ဒသမ ၅ ဘီလျံကျော်ရရှိထားပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာသန်း ၁၂၀ ပိုမိုရရှိထားဟုဆို
ရန်ကုန်မြို့ရှိ အထည်ချုပ်စက်ရုံလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်(ဓာတ်ပုံ-ဇေယျာငြိမ်း)
ရန်ကုန်မြို့ရှိ အထည်ချုပ်စက်ရုံလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်(ဓာတ်ပုံ-ဇေယျာငြိမ်း)
Published 7 May 2020
ဇေယျာငြိမ်း

လက်ရှိဘဏ္ဍာနှစ် ခုနစ်လခန့်တွင် ပြည်ပသို့ အထည်ချုပ်(ချုပ်ပြီးအထည်) တင်ပို့မှုမှ ဒေါ်လာ၂ ဒသမ ၅ ဘီလျံကျော် ရရှိထားပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ သန်း ၁၂၀ ပိုမိုရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က The Daily Eleven သတင်းစာသို့ ပြောကြားသည်။

“ဒီဧပြီ ၂၄ ရက်အထိ အထည်ချုပ် တင်ပို့မှုကနေ ဒေါ်လာ ၂  ဒသမ ၅ ဘီလျံရှိတယ်။ ယခင်နှစ်ထက် ဒေါ်လာသန်း ၁၂၀ ပိုတယ်” ဟု ဦးခင်မောင်လွင်က ပြောကြားသည်။

ထို့ကြောင့် ၂၀၁၉ -၂၀၂၀ ဘဏ္ဍာ အောက်တိုဘာ ၁ ရက်မှ ဧပြီ ၂၄ ရက်အထိ ခုနစ်လခန့်တွင် ပြည်ပသို့ အထည်ချုပ် (ချုပ်ပြီးအထည်) တင်ပို့မှုသည် ယခင်နှစ်ကာလတူထက် ဒေါ်လာသန်း ၁၂၀ ပိုမိုရရှိခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အထည်ချုပ်လုပ်ငန်းကို CMP စနစ်ဖြင့် လုပ်ဆောင်နေခြင်းဖြစ်ပြီး ပြည်တွင်း CMP လုပ်ငန်းများ၌ အထည်ချုပ်လုပ်ငန်းသည် အများဆုံးဖြစ်သည်။ လက်ရှိအချိန်တွင်လည်း ဃဏြ ပို့ကုန်များမှာ နှစ်စဉ် တိုးတက်လျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

“ပုံမှန်ကလည်း CMP လုပ်ငန်းတွေက တောက်လျှောက်တိုးတက်နေတယ်။ နှစ်စဉ် နှစ်စဉ် တိုးတက်နေတဲ့ အခြေအနေမှာရှိတယ်” ဟု ဦးခင်မောင်လွင်က ဆိုသည်။

အထည်ချုပ် CMP ထုတ်လုပ်မှုတန်ဖိုးသည် လေးနှစ်အတွင်း ၁၀ ဆတိုးတက်လာခဲ့ပြီး ယခုနှစ်တွင် ဒေါ်လာငါးဘီလျံခန့်အထိ တိုးတက်လာနိုင်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူးက ဆိုသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စတုတ္ထတစ်နှစ်တာအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်၍ နိုင်ငံပိုင်သတင်းစာများနှင့် တွေ့ဆုံမေးမြန်းမှုတွင် ဒုတိယဝန်ကြီးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

အစိုးရသစ်စတင် တာဝန်ယူချိန်၌ အထည်ချုပ် CMP ၏ ထုတ်လုပ်မှုတန်ဖိုးမှာ ဒေါ်လာသန်း ၅၀၀ နှင့် အလုပ်ကိုင် လေးသိန်းခန့် ဖန်တီးပေးနိုင်ခဲ့သည်။

အစိုးရသက်တမ်း လေးနှစ်တာကာလအတွင်း အထည်ချုပ်လုပ်ငန်း CMP ထုတ်လုပ်မှုတန်ဖိုးသည် ဆယ်ဆတိုးတက်လာပြီး ယခုအစိုးရသက်တမ်း စတုတ္ထနှစ်တွင် ဒေါ်လာ ငါးဘီလျံခန့်အထိ တိုးတက်လာနိုင်မည့် အခြေအနေများရှိကြောင်း ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားသည်။

လက်ရှိအချိန်တွင် အထည်ချုပ်လုပ်ငန်းများမှ အလုပ်သမားခြောက်သိန်းခန့်ကို အလုပ်အကိုင် ဖန်တီးပေးနိုင်ခဲ့ကြောင်း၊ ယင်းအနက် ၉၅ ရာခိုင်နှုန်းခန့်သည် အမျိုးသမီးများ၏ အလုပ်အကိုင် အခွင့်အလမ်းများကို ပိုမိုဖန်တီးပေးနိုင်ခဲ့ကြောင်း သိရသည်။

၂၀၁၈ ခုနှစ်က အထည်ချုပ်ကဏ္ဍမှ ပို့ကုန်တန်ဖိုးဒေါ်လာ ၄ ဒသမ ၆ ဘီလျံနီးပါး ရရှိခဲ့ပြီး လာမည့် ၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံ အထည်ချုပ်ကဏ္ဍမှ ပို့ကုန်တန်ဖိုးဒေါ်လာ  ၁၀ ဘီလျံရရှိရန် မျှော်မှန်းထားကြောင်း ၂၀၁၉ ခုနှစ် မေ ၁၁ ရက်က  ရန်ကုန်မြို့ရှိ ကုန်သည်စက်မှုအသင်းချုပ်၌ ကျင်းပသည့် မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်း၏ ပဥ္စမအကြိမ် နှစ်ပတ်လည်အသင်းသား စုံညီအစည်းအဝေးမှ သိရသည်။

မြန်မာနိုင်ငံ၏ ထုတ်လုပ်မှုကဏ္ဍတွင် ဝင်ရောက်လုပ်ကိုင်လျက်ရှိသည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများတွင်လည်း အထည်ချုပ်ကဏ္ဍတွင် အများဆုံးဝင်ရောက်လျက်ရှိကြောင်း သိရသည်။     

 

 

Most Read

Most Recent