ICJ သို့ အစီရင်ခံစာတင်သွင်းရန် နီးကပ်လာချိန်တွင် ARSA အကြမ်းဖက်အဖွဲ့၏လှုပ်ရှားမှု များလာသည့်အတွက် တပ်မတော်နှင့်ရဲတပ်ဖွဲ့က နယ်မြေလုံခြုံရေး ဂရုစိုက်ဆောင်ရွက်နေဟု တပ်မတော် ပြောကြား

ICJ သို့ အစီရင်ခံစာတင်သွင်းရန် နီးကပ်လာချိန်တွင် ARSA အကြမ်းဖက်အဖွဲ့၏လှုပ်ရှားမှု များလာသည့်အတွက် တပ်မတော်နှင့်ရဲတပ်ဖွဲ့က နယ်မြေလုံခြုံရေး ဂရုစိုက်ဆောင်ရွက်နေဟု တပ်မတော် ပြောကြား
Published 6 May 2020
မင်းနိုင်စိုး

မြန်မာနိုင်ငံအစိုးရက အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) သို့ အစီရင်ခံစာတင်သွင်းရန် နီးကပ်လာချိန်တွင် ရခိုင်ပြည်နယ် မြောက်ပိုင်း၌ ARSA ဘင်္ဂါလီအကြမ်းဖက်အဖွဲ့က လှုပ်ရှားမှုများ များလာသည့်အတွက် တပ်မတော်နှင့် ရဲတပ်ဖွဲ့က ရခိုင်ပြည်နယ်မြောက်ပိုင်း နယ်မြေလုံခြုံရေးအား ဂရုစိုက်ဆောင်ရွက်နေကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်မျဉ်းတစ်လျှောက်တွင် လုံခြုံရေးဆောင်ရွက်နေသော နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များကို မေ ၂ ရက်တွင် ARSA ဘင်္ဂါလီအကြမ်းဖက်အဖွဲ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်အခြမ်းမှ ချောင်းမြောင်းပစ်ခတ်ခဲ့သည့်အတွက် တပ်မတော် စစ်ကြောင်းများနှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ခဲ့ရသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။

“ ကျွန်တော် ပြောနိုင်တာကတော့ ARSA က အစီရင်ခံစာ တင်ခါနီးဆိုရင် အဲဒီလိုမျိုး လှုပ်ရှားမှုတွေ များလာတယ်။ လှုပ်ရှားမှုတွေ များလာတာက ရှင်းရှင်းလေးပါ။ သူတို့ကို အာရုံစိုက်ခံရအောင်လို့ရယ်၊ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ မတည်ငြိမ်သေးဘူးဆိုတဲ့အကြောင်း ပြနိုင်အောင်လို့ လုပ်နိုင်တယ်လို့ပဲ ကျွန်တော်တို့ ပြောနိုင်ပါတယ်။ အဓိကကတော့ မတည်ငြိမ်မှုပြနိုင်တဲ့အခါကျတော့ သူတို့ကို အာရုံစိုက်လာအောင်လို့ လုပ်တယ်လို့ပဲ ကျွန်တော် မြင်ပါတယ်” ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ARSA ဘင်္ဂါလီအကြမ်းဖက်အဖွဲ့၏ လှုပ်ရှားမှုများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက သတင်းရရှိမှုများရှိနေပြီး ရရှိထားသော သတင်းများနှင့်ပတ်သက်၍ ဖော်ထုတ်နိုင်မှု အခြေအနေများကို သတင်းထုတ်ပြန်ထားကြောင်းလည်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားသည်။

“ သတင်းတွေကတော့ ရနေတာတော့ ရှိပါတယ်။ ကျွန်တော်တို့ ဖော်ထုတ်နိုင်တာတွေကိုတော့ သတင်းထုတ်ပြန်ထားပါတယ်။ လုံခြုံရေးအခြေအနေကတော့ တပ်မတော်ရော၊ ရဲရော ဂရုစိုက်ပြီး ဆောင်ရွက်နေပါတယ်” ဟုတပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားသည်။

ARSA ဘင်္ဂါလီအကြမ်းဖက်သမားများက မေ ၂ ရက်တွင် ဆောင်ရွက်ခဲ့သော ချောင်းမြောင်းပစ်ခတ်မှုနှင့် ပတ်သက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက မေ ၂ ရက်က သတင်းထုတ်ပြန်ခဲ့ပြီး အဆိုပါ သတင်းထုတ်ပြန်ချက်တွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များက နယ်စပ်ခြံစည်းရိုးတစ်လျှောက် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်စဉ် နယ်ခြားမှတ်တိုင်၊ ဘီပီ ၄၁ ၏အရှေ့ တောင်ဘက် မီတာ ၄၀၀ သို့ မေ ၂ ရက် နံနက် ၇ နာရီ ၅၀ မိနစ်ချိန်ရောက်ရှိစဉ် ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားများက ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းမှ ချောင်းမြောင်းပစ်ခတ်ခဲ့ကြောင်း ဖော်ပြခဲ့သည်။

Most Read

Most Recent