ရန်ကုန်တိုင်းအတွင်း စက်ရုံအပြီးပိတ်ခြင်း၊ ယာယီပိတ်ခြင်းနှင့် လုပ်သားအင်အား လျှော့ချခဲ့သည့်စက်ရုံ စုစုပေါင်း ၁၂၅ ရုံအထိ ရှိလာပြီဖြစ်

ရန်ကုန်တိုင်းအတွင်း စက်ရုံအပြီးပိတ်ခြင်း၊ ယာယီပိတ်ခြင်းနှင့် လုပ်သားအင်အား လျှော့ချခဲ့သည့်စက်ရုံ စုစုပေါင်း ၁၂၅ ရုံအထိ ရှိလာပြီဖြစ်
မတ်လအတွင်းက ပိတ်သိမ်းခဲ့သည့် လက်ဝါးအထည်ချုပ်စက်ရုံ (၃) ကို တွေ့ရစဉ် (ဓာတ်ပုံ-ရှိုင်းလင်းအောင်)
မတ်လအတွင်းက ပိတ်သိမ်းခဲ့သည့် လက်ဝါးအထည်ချုပ်စက်ရုံ (၃) ကို တွေ့ရစဉ် (ဓာတ်ပုံ-ရှိုင်းလင်းအောင်)
Published 6 May 2020
ဆန်းထူးအောင်

ရန်ကုန်တိုင်းအတွင်း စက်ရုံအပြီးပိတ်ခြင်း၊ ယာယီပိတ်ခြင်းနှင့် လုပ်သားအင်အား လျှော့ချခဲ့သည့်စက်ရုံ စုစုပေါင်း ၁၂၅ ရုံအထိ ရှိလာပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က ပြောကြားသည်။

“စက်ရုံအလုပ်ရုံတွေက အခု ၁၂၅ ရုံ ဝန်းကျင်မှာတော့ ရှိနေတယ်။ အလုပ်လက်မဲ့ ဆိုတာက ဒီအလုပ်က ပြုတ်သွားပြီး ထိုင်နေတဲ့သူကိုသာ ခေါ်လို့ရတာ။ ဒါပေမဲ့ အားလုံးကတော့ ဒီနေ့အလုပ်မရှိတော့ဘူးဆိုရင် မိသားစု စားဝတ်နေရေး ဖြေရှင်းဖို့ အလုပ်ကို ရှာဖွေပြီး ဆောင်ရွက်ကြရတာ ဖြစ်ပါတယ်” ဟု ဝန်ကြီးဒေါ်မိုးမိုးစုကြည်က ပြောကြားသည်။

COVID-19 ကပ်ရောဂါ ရိုက်ခတ်မှုကြောင့် ဖြစ်ပေါ်နေသည့် အခက်အခဲများကို အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားနှင့် ကျွမ်းကျင်ပညာရှင်များ၊ လူမှုအဖွဲ့အစည်းများ စုပေါင်းအားဖြင့် ရင်ဆိုင်ကျော်လွှားရမည်ဟု မေ ၁ ရက်တွင် ကျရောက်သော အလုပ်သမားနေ့အတွက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပေးပို့သော သဝဏ်လွှာတွင် ဖော်ပြထားသည်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ သဝဏ်လွှာတွင် COVID-19 ကပ်ရောဂါနှင့် အထွေထွေ ရိုက်ခတ်မှုကြောင့် ပိတ်သိမ်းသွားသည့် အလုပ်ဌာနများမှ လူမှုဖူလုံရေး အာမခံကြေး ထည့်ဝင်ထားသည့် အလုပ်သမားများအတွက် ကျန်းမာရေး စောင့်ရှောက်မှု၊ ဆေးဖိုး၊ ခရီးစရိတ်များကို အလုပ်လက်မဲ့ဖြစ်သည့်နေ့မှ တစ်နှစ်အထိ တိုးမြှင့်ခံစားနိုင်ရန် စီမံဆောင်ရွက်ထားကြောင်း၊ မြန်မာနိုင်ငံသားပိုင် CMP လုပ်ငန်းများ၊ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းများနှင့် အငယ်စား၊ အသေးစား၊ အလတ်စားစီးပွားရေး လုပ်ငန်းများကို အတိုးနှုန်း သက်သာစွာဖြင့် ထုတ်ချေးနိုင်ရန် ပြည်ထောင်စု အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် လူမှုဖူလုံရေး ရန်ပုံငွေမှ ကျပ်ဘီလျံ ၅၀ ကို COVID-19 ရန်ပုံငွေ ထူထောင်ရာတွင် ထည့်သွင်းမတည်ခဲ့ကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်မှုဇုန်၂၉ ဇုန်နှင့် သီလဝါ အထူးစီးပွားရေးဇုန် တစ်ခုရှိသည့်အနက် COVID-19 ကာလ အခက်အခဲများနှင့် အခြားအကြောင်းရင်းများကြောင့် ရန်ကုန်တိုင်းအတွင်း စက်ရုံအပြီးပိတ်ခြင်း၊ ယာယီပိတ်ခြင်းနှင့် လုပ်သားအင်အား လျှော့ချသည့် စက်ရုံ ၁၂၀ ကျော်အထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။

မတ်လကုန်တွင် အပြီးပိတ်ခြင်း၊ ယာယီပိတ်ခြင်းနှင့် လုပ်သားအင်အား လျှော့ချသည့် စက်ရုံ ၅၉ ရုံသာရှိပြီး တစ်လအကြာတွင် နှစ်ဆကျော် ပိုမိုများပြားလာခြင်း ဖြစ်သည်။

အပြီးပိတ်ခြင်း၊ ယာယီပိတ်ခြင်းနှင့် လုပ်သားလျှော့ချသည့် စက်ရုံ ၁၂၀ ကျော်တွင် အလုပ်လက်မဲ့လူဦးရေ မည်မျှရှိကြောင်း မသိရသော်လည်း မတ် ၃၁ ရက်အထိ စက်ရုံ ၅၉ ရုံတွင် အလုပ်လက်မဲ့ဦးရေ ခန့်မှန်း ၁၇၀၀၀ ခန့်ရှိကြောင်း ဝန်ကြီးဒေါ်မိုးမိုးစုကြည်က ပြောကြားထားသည်။ ယင်းကြောင့် လက်ရှိအလုပ်လက်မဲ့ အလုပ်သမား ဦးရေသည် မတ်လကုန် အလုပ်လက်မဲ့ ဦးရေထက် နှစ်ဆကျော် မြှင့်တက်လာနိုင်သည်။

စက်ရုံများပိတ်ရာတွင် အလုပ်သမားများ ဥပဒေအတိုင်း အလုပ်ထုတ် နစ်နာကြေးများရရှိရန် အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက ဆောင်ရွက်ပေးလျက်ရှိသည်။

လက်ရှိ အလုပ်လက်မဲ့ဖြစ်နေသော အလုပ်သမားများ အလုပ်ပြန်လည်ရရှိစေရန် စက်ရုံများတွင် လူသစ်ခေါ်ယူခြင်း၊ စက်ရုံအသစ်ဖွင့်ခြင်းကြောင့် အလုပ်သမားသစ် လိုအပ်ခြင်းများရှိလျှင် မြို့နယ်အလုပ်သမားရုံးများတွင် အလုပ်ခေါ်စာများကပ်၍ အကြောင်းကြားပေးမည်ဖြစ်ကြောင်း သိရသည်။ 

စက်ရုံများ အပြီးပိတ်ခြင်း၊ ယာယီပိတ်ခြင်းနှင့် လုပ်သားအင်အား လျှော့ချသည့် စက်ရုံများမှ အလုပ်သမားများ အတွက် စက်ရုံများ ပြန်လည်ဖွင့်လှစ်ပါက အဆိုပါ အလုပ်သမားကို အလုပ်ရရှိနိုင်ရေးအတွက် ဦးစားပေး ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။

အပြီးပိတ်ခြင်း၊ ယာယီပိတ်ခြင်းနှင့် လုပ်သားအင်အား လျှော့ချသည့် စက်ရုံများတွင် အထည်ချုပ်စက်ရုံများ အများဆုံး ပါဝင်သည်။ အဆိုပါ စက်ရုံများတွင် ကုန်ကြမ်းပြတ်လပ်ခြင်း၊ နိုင်ငံခြားမှအော်ဒါများ မှာယူမှု မရှိတော့ခြင်းကြောင့် ပိတ်သောစက်ရုံ အများဆုံးပါဝင်ပြီး အခြားအကြောင်းရင်းများကြောင့် ပိတ်သော စက်ရုံများလည်း ရှိသည်။

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ စက်ရုံ အလုပ်သမား အများစုသည် ပြည်တွင်းရှိဒေသ အသီးသီးမှ ရွှေ့ပြောင်း လုပ်ကိုင်ကြသူများဖြစ်ရာ စက်ရုံများ ပိတ်သိမ်းခြင်းကြောင့် မိသားစု စားဝတ်နေရေး အခက်အခဲများစွာဖြင့် ရင်ဆိုင်နေရကြောင်း စုံစမ်းသိရှိရသည်။

 

Most Read

Most Recent